Olympus Corp က မိုက်ခရိုစကုပ်လုပ်ငန်းခွဲကို ရောင်းချ

ဂျပန်နိုင်ငံရဲ့နှစ်ပေါင်းရာချီသက်တမ်းရှိနေပြီဖြစ်တဲ့ မိုက်ခရိုစကုပ်ထုတ်လုပ်ရေးလုပ်ငန်းကြီး Olympus က သူ့ရဲ့ မိုက်ခရိုစကုပ်ထုတ်လုပ်ရေးလုပ်ငန်းခွဲကို Bain Capital (ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ)ကို ဂျပန်ယမ်း ၄၂၇.၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ)ဖြင့်ရောင်းချဖို့ သဘောတူညီလိုက်ပါတယ်။ ဒါဟာ Olympus အတွက် အကြီးဆုံး ရောင်းချမှုတစ်ခုဖြစ်မှာပါ။

            ဒီရောင်းချလိုက်တဲ့လုပ်ငန်းဟာ မိုက်ခရိုစကုပ်တွေအပြင် Endoscopes နဲ့ X-ray Analyser တွေကိုပါ ထုတ်လုပ်တဲ့ဌာနတစ်ခုလည်းဖြစ်ပါတယ်။ ရောင်းချရင်းအကြောင်းရင်းကတော့ Olympus ကုမ္ပဏီအနေနဲ့ ဆေးနှင့်ပတ်သက်သောနည်းပညာအမျိုးမျိုးအပေါ်ကိုပဲ အဓိကထားလုပ်ကိုင်သွားဖို့ ကုမ္ပဏီရဲ့လုပ်ငန်းလည်ပတ်မှုပုံစံကိုစတင်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းနေတာကြောင့်ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲဖွဲ့စည်းခြင်းကို ၂၀၁၉ ခုနှစ်ကတည်းကစတင်လုပ်ဆောင်လာတာဖြစ်ပြီး အခုရောင်းချလိုက်တဲ့လုပ်ငန်းခွဲဟာလည်း အရောင်းအားလည်းကောင်းပြီး အမြတ်လည်းရှိတဲ့လုပ်ငန်းခွဲပါ။ ပြောင်းလဲပြင်ဆင်မှုလုပ်ငန်းစဉ်အတွင်း ကုမ္ပဏီအနေနဲ့ သူ့ရဲ့ဘုတ်အဖွဲ့ထဲကို ValueAct Capital ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုပါထည့်သွင်းခဲ့သလို ၊ နိုင်ငံပြင်ပက ဆေးပစ္စည်းလုပ်ငန်းအမျိုးမျိုးကိုဝယ်ယူခဲ့ကာ၊ ကာလရှည်ကြာအရှုံးပေါ်နေတဲ့လုပ်ငန်းဖြစ်တဲ့ ဒီဂျစ်တယ်ကင်မရာလုပ်ငန်းကိုလည်း ရောင်းချနိုင်ခဲ့ပါတယ်။

            အခု မိုက်ခရိုစကုပ်လုပ်ငန်းခွဲကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းမှာ Bain ကို အပြီးအလွှဲပြောင်းပေးသွားမှာဖြစ်ပြီး ဂျပန်ပြည်တွင်းနဲ့ပြင်ပနိုင်ငံတွေမှ Antitrust Regulatory Approval ရရှိဖို့စောင့်ရဦးမှာဖြစ်ပါတယ်။

            ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာ လုပ်ငန်းစုကြီးအများအပြားက သူတို့ရဲ့ပင်မအားသာမှုလုပ်ငန်းမဟုတ်တဲ့လုပ်ငန်းခွဲတွေကို ရောင်းချမှုတွေဆက်တိုက်လုပ်လာနေတဲ့ ဂျပန်နိုင်ငံကိုလတ်တလော မျက်စေ့ကျနေကြတာလည်းဖြစ်ပါတယ်။

            Bain ဟာဆိုရင် flash memory chip ထုတ်လုပ်သူ Kioxia Holdings Corp ကိုလည်းပိုင်ဆိုင်ထားသလို၊ Toshiba Corp ကိုလည်းဈေးပြိုင်ပေးပြီး ဝယ်ယူဖို့လုပ်ဦးမှာလည်းဖြစ်ပါတယ်။

            Olympus ကုမ္ပဏီရဲ့အခုရေင်းလိုက်တဲ့ လုပ်ငန်းခွဲကတော့ ဒီနှစ်ဇွန်လကုန်ပိုင်းအထိသိရတဲ့အချက်အလက်တွေအရ ပိုင်ဆိုင်မှုစုစုပေါင်း ဂျပန်ယမ်း ၁၆၅ ဘီလီယံရှိပြီး ဒီဘဏ္ဍာနှစ်အတွက်အမြတ်ပမာဏ ၂၆.၅ ဘီလီယံယမ်းရရှိဖို့မျှော်မှန်းထားတာလည်းဖြစ်ပါတယ်။

Ref : BKK Post