Millennial များရာထူးတိုးမခံရခြင်းရဲ့ အကြောင်းရင်း ၆ ချက်

Millennial များဆိုသည်မှာ ၁၉၇၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း မွေးဖွားသူတွေဖြစ်ပါသည်။ ထောင်စုနှစ်လူသားတွေလို့လည်းခေါ်ပါတယ်။ Millennial များ ရာထူးတိုးမခံရခြင်းရဲ့အကြောင်းရင်း ၆ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အလုပ်ကိုလွန်ကဲစွာလုပ်ခြင်း

အလုပ်ချိန်ကို ရက်သတ္တပတ်တစ်ခုအတွင်း နာရီ ၆၀ မှ ၈၀ ထိ လုပ်ခြင်းက ဝန်ထမ်းတွေရဲ့ အလုပ်တန်ဖိုးကို လျော့ကျစေပါတယ်။ အကြောင်းရင်းက ရလဒ်ကိုအရည်အသွေးမှ အရေအတွက်သို့ ပြောင်းလဲသွားစေလို့ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ယောက်ရဲ့အလုပ်ကို သူပေးတဲ့အချိန်နဲ့ တိုင်းတာမယ်ဆိုရင် သူ့ကိုဈေးပေါတဲ့သူ၊ အဆုံးရှုံးခံနိုင်တဲ့သူ အဖြစ်ထင်နိုင်ပါ တယ်။ အဲဒီကြောင့် သူ့ကိုရာထူးတိုးဖို့ ကုမ္ပဏီကစိတ်ထဲထားမှာမဟုတ်ပါဘူး။ ဒီလိုအလုပ်ပို လုပ်တဲ့လူတွေကို ရာထူးတိုးအနေနဲ့မဟုတ်ဘဲရှိရင်းစွဲ လစာနဲ့ပဲ အလုပ်ပိုကြိုးစားတဲ့အတွက် အသိအမှတ်အပြုခံရမှာပါ။ ဒါပေမဲ့ သူတို့ရဲ့အလုပ်တာဝန် နယ်ပယ်မဟုတ်တဲ့ အလုပ်တွေမှာ ကိုယ့်သဘောနဲ့ကိုယ်တာဝန်ယူဆောင် ရွက်တတ်တဲ့ဝန်ထမ်းတွေက ရာထူးတိုးမြှင့်ခံရနိုင် ခြေပိုများပါတယ်။ ဒီအချိန်မှာ တာဝန်အသစ်တွေနဲ့ သင့်ရဲ့အချိန်ကိုစီမံရာမှာ ဘက်ညီနေဖို့အတွက် ကိုယ်ကဘယ်နယ်ပယ်မှာ ခေါင်းဆောင်နိုင်မှုရှိတယ်၊ ပြဿနာဖြေရှင်းနိုင်တယ်ဆိုတာကို မိမိကိုယ်ကိုမေးဖို့ လိုပါတယ်။ ပြဿနာဖြေရှင်းနိုင်တဲ့သူတွေကို ကုမ္ပဏီတွေက လိုချင်ကြပါတယ်။

၂။ လေ့လာစူးစမ်းချင်စိတ်မရှိခြင်း

ဝန်ထမ်းတစ်ယောက်မှာ စွဲဆောင်မှုမရှိဆုံးအချက်က အရာအားလုံးကို သူသိတယ်လို့ တွေးခြင်းပဲဖြစ်ပါတယ်။ အကယ်၍ သင်ကအားလုံးသိတယ်လို့ ယူဆတဲ့စိတ်ရှိနေရင် မေးခွန်းတွေမေးကြည့်ပါ။ ခေါင်းဆောင်နိုင်မှုဆိုတာက နာရီထောင်သောင်းများစွာ ပေးဆပ်မှုကတစ်ဆင့်ရရှိတာဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို ဖတ်ချင်စိတ်၊ သင်ယူချင်စိတ်နဲ့ စူးစမ်းချင်စိတ်တွေသာမက ကိုယ်ပြောနေတဲ့ အကြောင်းအရာပေါ်မှာ နှစ်သက်တဲ့စိတ်လည်း ရှိဖို့လိုပါတယ်။ ကိုယ်က ဘယ်နေရာကနေ စကား စပြောရမလဲမသိရင် စကားပြောတော်တဲ့လူတွေကို လေ့လာကြည့်ပါ၊စကားပြောသင်တန်းတွေတက်ပါ၊ လူထုစကားပြောနည်းတွေကို သင်ယူပါ၊ ခက်ခဲတဲ့စကားပြောတွေကို လေ့လာပါ။ လေ့လာစူးစမ်းချင်စိတ်က ပတ်သတ်ဆက်နွှယ်ကတစ်ဆင့် ဖြစ်လာတာပါ။

၃။ ခေါင်းညိတ်လွယ်ခြင်း

လေသံပျော့ပျော့စကားပြောခြင်းနဲ့ ကိစ္စတော်တော်များများမှာ ကိုယ်တိုင်ကသဘောထားအမြင်မတူရင်တောင် ချေပငြင်းခုံခြင်းမပြုဘဲနဲ့ အလွယ်တကူလက်ခံတတ်တဲ့ စရိုက်တွေက ရာထူးတိုးမြှင့်ခံရနိုင်ခြေနည်းစေပါတယ်။ ခေါင်းညိတ်လွယ်တတ်တဲ့လူတွေကို ခေါင်းဆောင်ကောင်းအဖြစ်လည်း မယူဆကြပါဘူး။ ဒါပေမဲ့ ကိုယ့်အလုပ်တာဝန်ပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး သဘောထားမတူရင်လည်း ပြန်လည်ချေပတတ်တဲ့သူတွေကို ခေါင်းဆောင်ဖို့အလားအလာရှိသူတွေ အဖြစ် သတ်မှတ်လေ့ရှိပါတယ်။ မန်နေဂျာအချို့က နာခံတတ်တဲ့သူတွေကို သူတို့အနီးမှာထားစေချင်ကြပေမဲ့ မန်နေဂျာအများစုကတော့ ကိစ္စတစ်ခုခုကို အကောင်အထည်မဖော်ခင်မှာ အစီအစဉ်နဲ့ပတ်သတ်ပြီး ချို့ယွင်းချက်ကို ထောက်ပြတတ်တဲ့သူတွေကို အလိုရှိကြပါတယ်။ လွယ်လွယ်နဲ့ခေါင်းမညိမ့်တတ်တဲ့သူတွေက ဒီလိုအပ်နေတဲ့ ေ၀ဖန်မှုတွေကို ပေးနိုင်စွမ်းရှိပါတယ်။

၄။ လေ့ကျင့်သင်ကြားပေးမှုမရခဲ့ခြင်း

ရာထူးတိုးမြှင့်မခံရတာက လေ့ကျင့်မှုမှားနေတဲ့အတွက် ဖြစ်နိုင်ပါတယ်။ ဝန်ထမ်းတွေကအရေးနဲ့အပြောအပါအဝင်ပြောဆိုဆက်ဆံဆက်သွယ်ရေးမှာ လေ့ကျင့်လိုစိတ်နည်းပါးကြပါတယ်။ ဒါပေမဲ့ အဲဒါတွေကို အလိုအပ်ဆုံးအရည်အသွေးတွေအဖြစ် အလုပ်ရှင်တွေက သတ်မှတ်ထားကြပါတယ်။ ခေါင်းဆောင်တာဝန်ယူဖို့ လိုအပ်တဲ့အရည်အချင်းတွေကို သိအောင်လုပ်ပြီး ရရှိအောင်နည်းလမ်းရှာပါ။ ရာထူးတိုးခံရချင်ရင် သင်ယူလိုစိတ်ရှိကြောင်းပြပါ။ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးရေးကအလုပ်ရှင်တွေနဲ့ ဆိုင်ပါတယ်။ အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့က အလုပ်လုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်လုပ်နေတဲ့ သူတွေကို လိုအပ်ပါတယ်။

၅။ မှီခိုလွန်းခြင်း

အလုပ်ကိစ္စတိုင်းမှာ အကြီးအကဲရဲ့ဆုံးဖြတ်ချက်၊ လမ်းညွှန်ချက်ယူတာက အောင်မြင်ဖို့အရေးပါတဲ့အရည်အသွေးတစ်ခုလို့ထင်တတ်ကြပါတယ်။ တကယ်တော့ အဲဒါကစိတ်မတည်ငြိမ်ခြင်း၊ ခေါင်းဆောင်ဖို့အလားအလာမရှိခြင်းနဲ့ မိမိကိုယ်ကိုယုံကြည်ချက်မရှိခြင်းတွေကို ပြသပါတယ်။ အဲဒီလိုမျိုးလုပ်ပြီး စိုးရိမ်စိတ်များတဲ့ ဝန်ထမ်းတွေကတော့ အထက်လူကြီးရဲ့ ဂရုစိုက်မှုကိုရဖို့အတွက် ကြိုးစားကြပါတယ်။ ဒါပေမဲ့ အဲဒါက ရာထူးတိုးခံရဖို့အတွက် နောက်ဆုံးမှလုပ်သင့်တဲ့အချက်ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တိုင်ပင်မှုမလုပ်ရင် မကြိုက်တဲ့ အကြီးအကဲတွေရှိပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ်လုပ်မယ့်အကြောင်းအရာကို တိတိကျကျတင်ပြနိုင်ခြင်းက အဖြေဖြစ်ပါတယ်။ ဒါက ပြင်ဆင်မှုလိုအပ်ပါတယ်။ ကိစ္စအသေးလေးဖြစ်ရင်တောင် တင်ပြမှုတစ်ခုလိုတွေးပါ။ မန်နေဂျာတွေနဲ့အစည်းအဝေးတစ်ခုလုပ်ပြီး ကိုယ့်ကိုတာဝန်ပေးထားတဲ့အကြောင်းအရာကို ဘယ်လိုဖြေရှင်းသွားမလဲ ဆိုတာကိုတင်ပြပါ၊ သူတို့ရဲ့သဘောတူညီမှုကိုယူပါ။ အဲဒီနောက် ကိုယ်လုပ်ဆောင်သွားမယ့်အရာကို အတည်ပြုပါ။ သင်သဘောတူညီထားသလိုလုပ်ဆောင်မှု မပြီးမချင်း အကြီးအကဲနဲ့ထပ်မတိုင်ပင်ပါနဲ့။

၆။ တစ်ကိုယ်တည်း သီးသီးသန့်သန့်နေထိုင်ခြင်း

းတစ်ယောက်တည်းသီးသန့်နေတာကိုသဘောကျတဲ့ ဝန်ထမ်းတွေက အလုပ်အားလုံးကိုတစ်ယောက်တည်းလုပ် ဆောင်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ အခြားသူတွေဆီက အကြံဉာဏ်တောင်းဖို့ဝန်လေးတတ်ကြပါတယ်။ အမှန်တော့ တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ မတည်တံ့နိုင်ပါဘူး။ အားလုံးက အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့သူတွေဖြစ်တဲ့အတွက် အခြားသူတွေကတစ်ဆင့် သင်ယူနိုင်စွမ်းရှိခြင်းက အောင်မြင်မှုရစေပါတယ်။ ကိုယ့်ကိုယုံကြည်ချက်ဖြစ်စေတဲ့ လူတွေကိုယ့်အနားမှာ ရှိဖို့လိုပါတယ်။ လူတွေနဲ့ဆက်ဆံဆက်သွယ်ဖို့ နည်းလမ်းတွေရှိပါတယ်။ ကော်ဖီအတူသောက်ရင် သိချင် တာကိုမေးမြန်းခြင်းနဲ့ ခက်ခဲတဲ့အခြေအနေတွေကို ကျော်လွှားပုံနဲ့ပတ်သက်ပြီး အကြံတောင်းခြင်းတွေကို လုပ်နိုင် ပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် ရာထူးတိုးမြှင့်ခံရဖို့အတွက် ကိုယ့်လုပ်ငန်းနယ်ပယ်နဲ့တာဝန်ကို နားလည်အောင်၊ ကျွမ်းကျင်အောင်လေ့လာထားပါ၊ ပြဿနာတွေကို ဖြေ ရှင်းကြည့်ပါ၊ ကိုယ့်သဘောထားအမြင်ကို ချက်ကျလက်ကျနဲ့ ချေပပြောဆိုပါ၊ လမ်းညွှန်ချက်ယူပြီး ကိုယ်တိုင် လုပ်နိုင်ကြောင်းပြပါ၊ ကိုယ့်ကိုအားတက်စေတဲ့ သူတွေနဲ့တွေ့ဆုံပါ၊ သူတို့ဆီကသင်ယူပါ။