Marketing သမားကောင်းတစ်ယောက် ဖြစ်ချင်ရင်

ကျွန်တော်သတိထားမိသလောက် Marketing သမားတွေလုပ်လေ့ရှိတဲ့ အကြီးမားဆုံးအမှားက ဖောက်သည်တွေနဲ့ စကားမပြောတာ၊ ကိုယ့်ရဲ့ကုန်ပစ္စည်းအပေါ် သူတို့ရဲ့အမြင်တွေကိုမမေးတာနဲ့ သူတို့ပြောတာတွေကို နားမထောင်တာတွေပါ။ ဖောက်သည်တွေနဲ့ စကားပြောရင်းနဲ့ တကယ်အရေးကြီးတဲ့ သင်သိသင့်တဲ့ အကြောင်းအရာတွေအများကြီးကို သိနိုင်ပါတယ်။ ဥပမာအနေနဲ့ ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းတွေမှာ ဘယ်ဟာတွေက အခက်အခဲတွေဖြစ်နေလဲ။ ဘာတွေက စီးပွားရေးတိုးတက်မှုတွေကို ပိတ်ပင်နေလဲ၊ ကိုယ့်ဖောက်သည်တွေရဲ့ အခက်အခဲတွေ၊ ကိုယ်ရဲ့ ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သူတို့တွေရဲ့ဝေဖန်မှုတွေ၊ မကြိုက်တဲ့အချက်တွေကို သိလာစေမှာပါ။

ဖောက်သည်တွေအတွက် တကယ်အသုံးဝင်တဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်မယ်၊ သူတို့လိုချင်တဲဝန်ဆောင်မှုတွေကိုပေးစွမ်းနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ပိုအရောင်းသွက်လာမှာဖြစ်တဲ့အပြင် တခြားသူတွေဆီကိုလည်း အခမဲ့ကြော်ငြာပေးတာတွေ ပြုလုပ်ပေးလာပါလိမ့်မယ်။ အရောင်းမြှင့်တင်ရေးဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ဖောက်သည်တွေနဲ့ စကားပြောဖို့ အရေးကြီးပါတယ်။ ဖောက်သည်တွေနဲ့စကားပြောဖို့လိုတယ်လို့ထင်တာ ကျွန်တော်တစ်ယောက်တည်းလည်း မဟုတ်ပါဘူး။ စီးပွားရေးလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေကြတဲ့ အရောင်းမြှင့်တင်ရေးသမား ၁၀ ယောက်ကလည်း အရောင်းမြှင့်တင်ရေးဝန်ထမ်းတွေ သူတို့ရဲ့ ဖောက်သည်တွေနဲ့ စကားပြောခြင်းကြောင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုတင်ပြထားပါတယ်။

၁။ Peep Laja – ConversionXL တည်ထောင်သူ

ဖောက်သည်တွေ ကိုယ့်ရဲ့ကုန်ပစ္စည်းကို မဝယ်ယူခင်မှာ ဝယ်ရင်ကောင်းပါ့မလားဆိုပြီး ချီတုံချတုံဖြစ်တက်လေ့၊ မေးခွန်းတွေ အများကြီးမေးတတ်လေ့ရှိပါတယ်။ပထမအဆင့်အနေနဲ့ ကုန်ပစ္စည်းလာရောက် ဝယ်ယူသူတွေကို ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး နားလည်စေဖို့ သင့်ရဲ့ Website ၊ လက်ကမ်းကြော်ငြာတွေကို အသုံးပြုပါ။ ဒါဟာ ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကို လာရောက်ဝယ်ယူသူတွေဟာ ဘာကိုစိတ်ဝင်စားတယ်၊ ဘာတွေကြိုက်တယ်ဆိုတာတွေကိုသိဖို့ အကူအညီပေးပါလိမ့်မယ်။ ဒါ့အပြင် သင့်ရဲ့ရောင်းအားကိုတိုးတက်စေမှာဖြစ်သလို၊ သင့်ကုန်ပစ္စည်းနဲ့ပတ်သက်လို့ မိတ်ဆက်ကြော်ငြာတဲ့ စွမ်းရည်ကိုလည်းတိုးတက်စေမှာ ဖြစ်ပါတယ်။

၂။ Rand Fishkin – Moz တည်ထောင်သူ

အရောင်းမြှင့်တင်ရေးသမားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဖောက်သည်ကြီးတွေက ဘယ်သူတွေလဲ၊ သူတို့တွေက ဘာတွေကို စိတ်ဝင်စားကြလဲ၊ ဘယ်လိုပွဲတွေကို သူတို့တွေတက်လေ့ရှိလဲ၊ ဘာတွေကို ဝါသနာပါကြလဲဆိုတာတွေကို သိထားဖို့လိုပါတယ်။ ဒါမှလည်း ကိုယ့်အတွက် သူတို့လိုဖောက်သည်တွေ တိုးပွားလာမှာ ဖြစ်တယ်လို့တိုက်တွန်းထားပါတယ်။

၃။ Pat Flynn – Smart Passive Income တည်ထောင်သူ

ကိုယ့်ရဲ့ကုန်ပစ္စည်းကို ဖောက်သည်တွေကြိုက်၊ မကြိုက်ဆိုတာအပြင် ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကို ကြန့်ကြာမှုမရှိစေဘဲနဲ့ ဘယ်လိုတင်ပို့မှုတွေကို ပြုလုပ်နိုင်မလဲဆိုတာက ကျွန်တော့်အမြင် သင့်ရဲ့ဖောက်သည်တွေနဲ့ အကျိုးရှိရှိစကား ပြောနိုင်စေမယ့် အကြောင်းတစ်ခုဖြစ်ပါတယ်။ ဖောက်သည်တွေကို ကုန်ပစ္စည်းတွေနဲ့ ပထမဆုံးစတင်မိတ်ဆက်တဲ့ အချိန်မှာတင် ဖောက်သည်တွေကုန်ပစ္စည်း တွေကို သဘောကျမယ်ဆိုရင် ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့ပတ်သက်ပြီး သုံးသပ်ချက်တွေ၊ ဘာတွေကို ပြုပြင်ပြောင်းလဲသိတယ်ဆိုတာတွေကို လွယ်လင့်တကူနဲ့ သိရှိနိုင်ပါတယ်။

၄။ Brian Dean – Backlinko တည်ထောင်သူ

အရေးအကြီးဆုံးကတော့ သူတို့ဘာပြောချင်လဲဆိုတာကို သေသေချာချာ နားလည်နိုင်ဖို့ဖြစ်ပါတယ်။ ဖောက်သည်တွေနဲ့ စကားပြောရင်းနဲ့ သူတို့တွေဘာတွေတွေးနေတယ်၊ ဘာတွေတော့ စိုးရိမ်နေတာရှိတယ်၊ ဘာတော့လိုချင်တယ်ဆိုတာတွေကို သိရှိနိုင်ပါတယ်။ သူတို့ဘာဖြစ်ချင်တယ်ဆိုတာကို နားမလည်ဘူးဆိုရင် သူတို့က သင်နဲ့စီးပွားရေးဆက်လုပ်မှာမဟုတ်ပါဘူး။ သင့်ရဲ့ဖောက်သည်တွေ ပြောတဲ့စကားတွေကိုပဲ အာရုံစိုက်မနေပါနဲ့။ သူတို့ဘယ်လိုပြောတယ်၊ ဘာကိုဆိုလိုတယ်၊ ဘယ်လိုစကားလုံးတွေကို အသုံးပြုတယ်ဆိုတာတွေကို သေသေချာချာနားလည်တာက ဈေးကွက်ကို အောင်အောင်မြင်မြင်ထိုးဖောက်နိုင်ဖို့အတွက် အကောင်းဆုံး လက်နက်တစ်ခုဖြစ်ပါတယ်။

၅။ Brian Balfour – VP Growth @ Hubspot

စစ်မှန်တဲ့အောင်မြင်မှုဆိုတာ ဘာလဲ၊ ဘာကြောင့်လဲဆိုတာနဲ့ သင့်ရဲ့ထိုးထွင်းဉာဏ်ကို ပူးပေါင်းလိုက်ခြင်းကနေရရှိလာတာဖြစ်တယ်။ တကယ်လို့ ဖောက်သည်တွေနဲ့ စကားမပြောဘူးဆိုရင် ဒီသုံးချက်ကို နားလည်ဖို့ဆိုတာမဖြစ်နိုင်ဘူးဗျ။ အထူးသဖြင့် ဘာကြောင့်လဲဆိုတဲ့အချက်ကိုပေါ့ဗျာ။ ဥပမာ ကိုယ့်ရဲ့ Website ကို သူတို့တွေလာလည်သွားပေမဲ့ Like ကလေး တစ်ချက်၊ Comment လေးတစ်ခုမပေးခဲ့၊ သင့်ကိုလည်းမ Add ခဲ့ဘဲ ဒီအတိုင်းဘာလို့ပြန်သွားလဲဆိုတာကို အဖြေရှာဖို့အတွက် သူတို့တွေနဲ့ စကားပြောဖို့လိုအပ်ပါတယ်။

၆။ Noah Kagan – Appsumo နဲ့ SumoMe တည်ထောင်သူ

ဖောက်သည်တွေ တကယ်တမ်းဘာလိုချင်တယ်ဆိုတာကို သူတို့တွေနဲ့စကားပြောတာကနေ သိနိုင်ပါတယ်။ ဖောက်သည်ဆယ်ယောက်မှာ တစ်ယောက်လောက်ကပဲ စကားကောင်းကောင်း ပြန်ပြောကောင်းပြောလိမ့်မှာဖြစ်ပေမဲ့ အဲဒီတစ်ယောက် ပြောတဲ့ စကားကနေ ကျန်တဲ့ဆယ်ယောက် ဘာကိုလိုချင်တယ်ဆိုတာကို သိလာစေမှာဖြစ်ပါတယ်။

၇။ Neville Medhora – Kopywriting Kourse တည်ထောင်သူ

ဖောက်သည်တွေနဲ့ စကားပြောရင်းနဲ့ သူတို့တွေ ဘယ်လိုပစ္စည်းမျိုးကို လိုချင်တယ်ဆိုတာကို သင်သိနိုင်ပါ တယ်။ တစ်ချို့ကတော့ သူတို့ဘာလိုချင်တယ်ဆိုတာကို တိုက်ရိုက်မေးကြပေမဲ့ တစ်ချို့တွေကတော့ သူတို့ စိတ်ဝင်စားတဲ့အရာတစ်ခုကို မျက်လုံးမခွာနိုင်လောက်အောင်ကို ကြည့်နေတတ်ကြလေ့ရှိပါတယ်။အဲဒီအခါမျိုးမှာ သူတို့ကြည့်နေတဲ့ပစ္စည်းရဲ့အကြောင်းကို သေသေချာချာရှင်းပြပြီး သူတို့ အိပ်ထဲက ပိုက်ဆံကို ဆွဲယူနိုင်တယ်ဆိုတာ သိထားပါ။

၈။ Dmitry Dragilev – Criminally Prolific ရဲ့ Growth Hacker

တကယ်လို့ ၁။ သင့်ရဲ့ဖောက်သည်တွေ သင့်ရဲ့ Website ကို ဘာလာလုပ်ကြတယ်ဆိုတာကို အဖြေမရှာရင်၊ ၂။ သင့်ရဲ့ Website မှာ သူတို့ကို ပြုလုပ်စေချင်တာတွေကို ပြီးအောင်မလုပ်ဖို့ ဘာတွေကအတားအဆီးဖြစ်နေလဲဆိုတာကို သိအောင်မလုပ်ရင်၊ ၃။ သူတို့တွေ သင့်ရဲ့ Website ကို နောက်တစ်ခါပြန်လာတာနဲ့ တခြားလူတွေကို သင့်ရဲ့ Website ကို သုံးဖို့ ဘာကြောင့် ညွှန်းဆိုပေးနေ တယ်ဆိုတာကိုသိအောင် ဖောက်သည်တွေနဲ့ စကားမပြောဘူးဆိုရင် သင့်ရဲ့ ဖောက်သည်တွေကို ဆုံးရှုံးရလိမ့်မယ်။

၉။ Nir Eyal – Hooked: How to Build Habit-Forming Products စာရေးဆရာ

ကိုယ့်ရဲ့ကုန်ပစ္စည်းကို သုံးစွဲသူတွေဆီကနေ ဝေဖန်မှုတွေ ပြန်ရလာတာဟာ အောင်မြင်တဲ့ ကုန်ပစ္စည်းတစ်ခုဖြစ်လာဖို့အတွက် ပထမဆုံးလမ်းစတစ်ခုဖြစ်ပါတယ်။ (မှတ်ချက် – ဒီစာအုပ်မှာ Nir က သုံးစွဲသူတွေဆီကနေ ဝေဖန်မှုတွေ ပြန်ရတာဟာ အောင်မြင်ဖို့အတွက် ဘာကြောင့် ပထမခြေလှမ်းဖြစ်တယ်ဆိုတာကို ရှင်းပြထားပါတယ်။) ဖောက်သည်တွေ ဘာတွေကိုကြိုက်တယ်၊ ဘာတွေကိုတော့ မကြိုက်ဘူးဆိုတာကို သိထားပြီးမှ ကုန်ပစ္စည်းတွေကို ထုတ်လုပ်မယ်ဆိုရင် သူတို့တွေရဲ့ စိတ်ကိုသိမ်းသွင်းနိုင်မှာဖြစ်တာကြောင့် အောင်မြင်မှုကိုလည်း ပိုပြီးလွယ်လွယ်ကူကူရရှိနိုင်မှာဖြစ်ပါတယ်။

၁၀။ Chris Guillebeau – The Art of Non-Conformity တည်ထောင်သူ

ဖောက်သည်တွေနဲ့ စကားမပြောဘူးဆိုရင် သူတို့တွေဘာကို တကယ်လိုချင်တယ်ဆိုတာကို သင်ခန့်မှန်းရုံပဲခန့်မှန်းနိုင်မှာဖြစ်တယ်။ ခန့်မှန်းမှုဆိုတာ ဘာတွေဖြစ်နိုင်တယ်ဆိုတာကို သင်သိပါတယ်လေ။ ဖောက်သည်တွေနဲ့ စကားပြောတာဟာ တစ်ယောက်နဲ့တစ်ယောက်အကောင်းဆုံး ရင်းနှီးမှုတည်ဆောက်နည်းလည်း ဖြစ်ပါတယ်။