ဂျပန်နိုင်ငံရဲ့အချမ်းသာဆုံး စာရင်းထဲ ထိပ်ဆုံးပြန်ရောက်လာတဲ့ Uniqlo ပိုင်ရှင်

Uniqlo လက်လီအရောင်းဆိုင်ခွဲများလုပ်ကိုင်နေတဲ့ Fast Retailing Co ရဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူ  Tadashi Yanai က ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်နေရာကို ပြန်ရောက်လာပါတယ်။ ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်းကြောင့် Tadashi Yanai ရဲ့ ပိုင်ဆိုင်မှုတွေ အတော်လေးလျော့ကျသွားခဲ့တယ်ဆိုပေမယ့်လည်း သူဟာ Forbes Asia ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ဂျပန်မှာအချမ်းသာဆုံး ၅၀ စာရင်းထဲမှာ ထိပ်ဆုံးကပါလာတာပါ။

Forbes Asia အရ Yanai ရဲ့ ပိုင်ဆိုင်မှုပမာဏ ၄၄ ရာခိုင်နှုန်း (၂၃.၆ ဘီလီယံဒေါ်လာ) လောက် လျော့ကျသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အဓိကကတော့ဂျပန်ပြည်တွင်းနဲ့ တရုတ်နိုင်ငံအတွင်း အရောင်းနှေးကွေးခြင်းရဲ့ရလဒ်တွေပါ။

ဒီလိုမျိုး သူကြွယ်တစ်ဦးချင်းစီရဲ့ ကြွယ်ဝမှုကျဆင်းခြင်းကြောင့် ဂျပန်နိုင်ငံက အချမ်းသာဆုံး အယောက်  ၅၀ ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုပမာဏတွေက ၃ ဆလောက်လျော့ကျသွားခဲ့တာဖြစ်ပြီး အခုဆို ရင် ၁၇၀ ဘီလီယံပမာဏပဲရှိပါတော့တယ်။ စွမ်းအင်နဲ့ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရဲ့ ဈေးနှုန်းတွေ ကြီးမြင့်လာခြင်းနဲ့ ထောက်ပို့ကွင်းဆက်ပြတ်တောက်ခြင်းတွေကြောင့်လည်း ဒီလိုကြွယ်ဝမှုလျော့ကျခြင်းဖြစ်တာလို့ဆိုပါတယ်။

Keyence Corp ရဲ့ တည်ထောင်သူ Takemitsu Takizaki ကတော့ ဂျပန်နိုင်ငံရဲ့ ဒုတိယအချမ်းသာဆုံးနေရာကို ပထမဆုံးအကြိမ်ရောက်ရှိလာပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုပမာဏက ၂၁.၆ ဘီလီယံဒေါ်လာဖြစ်ပါတယ်။ ဒါတောင်သူက ယခင်တစ်နှစ်ထက် ၄.၂ ဘီလီယံလောက် ပိုင်ဆိုင်မှုပမာဏလျော့ကျသွားတာပါ။

 (Keyence Corp  က Automation sensors, vision systems, barcode readers, laser markers, measuring instruments, နဲ့ digital microscopes တွေထုတ်လုပ် ရောင်းချတဲ့ကုမ္ပဏီပါ။)

Softbank Group Corp ရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်သူ Masayoshi Son ကတော့ ယခင်နှစ်တုန်းက ဂျပန်ရဲ့အချမ်းသာဆုံးနေရာကိုရရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ တတိယနေရာကိုရောက်ရှိကျဆင်းသွားပါတယ်။ အဓိကတော့ သူ့ပိုင်ဆိုင်မှုပမာဏ ထက်ဝက်ခန့်လျော့ကျသွားတာကြောင့်ဖြစ်ပြီးခုက သူ့မှာ  ပိုင်ဆိုင်မှုက ၂၁.၁ ဘီလီယံဒေါ်လာပမာဏပဲရှိတော့ပါတယ်။ Son ရဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှစ်ခုဖြစ်တဲ့ Vision Funds နှစ်ခုက ၂၀၂၂ ခုနှစ် ၊ မတ်လမှာအဆုံးသတ်တဲ့ ဘဏ္ဍာနှစ်အတွက် စုစုပေါင်း ဒေါ်လာ ၂၇ ဘီလီယံအရှုံးပေါ်ခဲ့တာဖြစ်လို့ Son က ဒေါ်လာရော၊ ရာခိုင်နှုန်းရော ၂ ထပ်ကွမ်းဆုံးရှုံးသွားခဲ့တာလည်းဖြစ်ပါတယ်လို့ Forbes Asia က ဖော်ပြပါတယ်။

ဒီနှစ်အတွက် ဂျပန်နိုင်ငံရဲ့အချမ်းသာဆုံး ၅၀ စာရင်းမှာ အသစ် ၆ ဦးပါဝင်လာပါတယ်။ ဒီထဲမှာ Disco Corp ဆိုတဲ့ semiconductor processing equipment ထုတ်လုပ်တဲ့ ကုမ္ပဏီကိုပိုင်ဆိုင်တဲ့ Sekiya မိသားစုနဲ့ Amvis Holdings Inc ဆိုတဲ့ Terminally Ill Patient တွေအတွက် ပြုစုစောင့်ရှောက်မှုပေးတဲ့ ဝန်ဆောင်မှု လုပ်ငန်း ပိုင်ဆိုင်ထားသူဖြစ်တဲ့ သိပ္ပံပညာရှင်ကနေ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်လာသူ Keiichi Shibahara တို့လည်း ပါဝင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ၂၀၂၂ ခုနှစ်အတွက် အချမ်းသာဆုံး လူ ၅၀ စာရင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Ref : Forbes, BKK Post, Internet