Bill Gates ၏ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအလှူ

Bill Gates အနေဖြင့် သူ၏ကြွယ်ဝချမ်းသာမှုမှ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအား Bill and Melinda Gates Foundation သို့ လှူဒါန်းမည်ဖြစ်ကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါဖောင်‌ဒေးရှင်းအနေဖြင့် လက်ရှိတွင် ကမ္ဘာအနှံ့ပြန့်ပွားသောရောဂါများတိုက်ဖျက်ရန်နှင့် ယူကရိန်းစစ်ပွဲကြောင့်ကြုံတွေ့ရဖွယ်ရှိသည့်စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အထူးအားထုတ်ဆောင်ရွက်လျက်ရှိပါသည်။

Bill နှင့် Melinda ကို Gates Library Foundation ဖွင့်ပွဲတုန်းကအတူတွေ့ရစဉ် (၁၉၉၇ ခုနှစ်)

Bill and Melinda Gates Foundation သည် ကမ္ဘာပေါ်ရှိ အကြီးမားဆုံးပရိဟိတအလှူရှင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး COVID-19 မတိုင်မီအချိန်ထက် လှူဒါန်းမှုကို ၅၀ ရာခိုင်နှုန်းတိုးမြှင့်ကာ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်အမေရိကန်ဒေါ်လာ ၆ ဘီလီယံမှ ၉ ဘီလီယံထိ ပေးလှူမည်ဟုဆိုလေသည်။ အလှူငွေကိုအဓိကအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ ကျားမတန်းတူအခွင့်အရေးရရှိရေးနှင့် ပညာရေးဆိုင်ရာကိစ္စများကို ပိုမိုဦးစားပေးမည်ဖြစ်ပါသည်။

 Bill and Melinda Gates Foundation ကို Bill Gates နှင့် သူမကြာမီက ကွာရှင်းထားသည့် ဇနီးဟောင်း Melinda တို့မှ ၂၀၀၀ ပြည့်နှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် Bill Gates နှင့် Melinda တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်လျက်ရှိသည်။

မကွာရှင်းမီ အင်တာဗျူးတစ်ခုတွင်တွေ့ရသော Bill နှင့် Melinda
Bill & Melind Gates Foundation သို့ Bill ၊ Melinda နှင့် Warren Buffett တို့မှ လှူဒါန်းထားသော နှစ်အလိုက်စာရင်း

လက်ရှိတွင် အမေရိကန်ဒေါ်လာ ၁၁၄ ဘီလီယံခန့်ချမ်းသာကြွယ်ဝသူ Bill Gates မှာ အဓိကအားဖြင့် Microsoft ရှယ်ယာများကြောင့် ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၄ နေရာတွင် ရှိနေသော်လည်း သူ၏ Blog တွင် “အဲဒီစာရင်းထဲကနေ ဖြည်းဖြည်းဆင်းသွားပြီး နောက်ဆုံးမှာ မပါတဲ့အထိ စီစဉ်သွားပါမယ်။ ကျွန်တော့အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ လူ့အဖွဲ့အစည်းကို အထောက်အကူပြုခြင်းဖြင့် လူတွေရဲ့ လူနေမှုဘဝတွေကိုမြှင့်တင်ချင်တာပါ” ဟု ဖော်ပြထားလေသည်။