Atlantis SEA ရဲ့ Managing Director ဖြစ်သူ U Thura Ko Ko နှင့်တွေ့ဆုံခြင်း

Disney ဇာတ်ကောင်ပုံတွေနဲ့ကုန်ပစ္စည်းအစစ်အမှန်တွေကို မြန်မာနိုင်ငံအတွင်းထုတ်လုပ်နိုင်ဖို့၊ တင်သွင်းဖြန့်ဖြူးနိုင်ဖို့ ပြည်တွင်းလုပ်ငန်းရှင်များကို ကူညီဆောင်ရွက်ပေးနေတဲ့ Disney ရဲ့ မြန်မာနိုင်ငံအတွက် Local Marketing Partner ကုမ္ပဏီဖြစ်တဲ့ Atlantis SEA ကလုပ်ဆောင်ပေးနေတဲ့အရာတွေ၊ Disney Character Licensing Business စတာတွေနဲ့ပတ်သက်လို့ Atlantis SEA ရဲ့ Managing Director ဖြစ်သူ ဦးသူရကိုကိုက အခုလိုပဲပြောပြပေးထားပါတယ်။

U Thura Ko Ko

Atlantis SEA အနေနဲ့ Disney ကို မြန်မာနိုင်ငံအတွင်း ခေါ်ဆောင်လာပေးမယ့်အကြောင်းအသေးစိတ်…

မြန်မာပြည်သူပြည်သားတွေအတွက်တော့ Disney ဆိုတာကရင်းနှီးကျွမ်းဝင်ပြီးသား Brand တစ်ခုပါ။ Disney လို့ပြောလိုက်ရင် အသက်အပိုင်းအခြားမရွေး၊ ကျား/မ မရွေး သူတို့နှစ်သက်တဲ့ ဇာတ်ကောင်တွေပုံပြင်တွေရှိကြတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း Disney ကပုံပြင်တွေနဲ့အတူကြီးပြင်းခဲ့တာပါပဲ။ Disney ကသူ့ရဲ့ပရိသတ်တွေနဲ့အတူ၊ ပြောင်းလဲနေတဲ့ခေတ်နဲ့လိုက်ပြီး ဇာတ်ကောင်အသစ်တွေ၊ ပုံပြင်အသစ်တွေ တီထွင်ဆန်းသစ်နိုင်ခဲ့လို့ လက်ရှိအချိန်အထိ ကမ္ဘာပေါ်မှာအအောင်မြင်ဆုံး Mass Media & Entertainment Conglomerate တစ်ခုအဖြစ် နှစ်ပေါင်းများစွာရပ်တည်နေနိုင်တာလည်း ဖြစ်ပါတယ်။

Atlantis SEA ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Disney Brand မြန်မာနိုင်ငံကို ရောက်လာစေချင်တာပါ။ ရောက်လာစေချင်တယ်ဆိုတဲ့နေရာမှာလည်း Disney ရဲ့ ပုံပြင် ၊ ကာတွန်းတွေသာမက၊ Disney ကုန်ပစ္စည်းအစစ်အမှန်တွေကို မြန်မာနိုင်ငံက Consumer တွေအနေနဲ့ အလွယ်တကူဝယ်ယူအသုံးပြုနိုင်တဲ့ အခွင့်အရေးကိုပါရစေချင်တာဖြစ်ပါတယ်။ လူသုံးကုန်ပစ္စည်းတွေလို့ ပြောလိုက်ရင်တီရှပ်၊ ဦးထုပ်၊ ဖိနပ်၊ မိတ်ကပ်၊ အရုပ်၊ ကစားစရာ၊ မုန့်၊ အိမ်သုံးပစ္စည်းစတဲ့ လူသုံးကုန်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်။

ရုတ်တရက်ကြည့်မယ်ဆိုရင် Disney ကုန်ပစ္စည်းတွေဆိုရင်ဈေးကြီးပြီး မြန်မာနိုင်ငံဈေးကွက်နဲ့ မကိုက်ညီဘူးလို့ထင်ရတယ်။ Atlantis ရဲ့ တခြားရည်ရွယ်ချက်တစ်ခုကတော့ ဈေးကွက်နဲ့ကိုက်ညီတဲ့၊ သင့်တင့်တဲ့ ဈေးနှုန်းရှိတဲ့ လုံခြုံစိတ်ချရပြီးအရည်အသွေးကောင်းမွန်တဲ့ Disney ကုန်ပစ္စည်းအစစ်အမှန်တွေဖြစ်ဖို့လည်း ကူညီသွားမှာဖြစ်ပါတယ်။

လုံခြုံစိတ်ချရတဲ့ လူသုံးကုန်ပစ္စည်းဆိုတဲ့နေရာမှာလည်း ကစားစရာတွေဆိုရင် ချွန်ထက်ပြီးကလေးတွေအတွက် အန္တရာယ်ရှိတဲ့ ကစားစရာတွေမဖြစ်စေဖို့၊ စားသောက်ကုန်တွေဆိုလည်း FDA ရပြီးသားဖြစ်ဖို့ စတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ပစ္စည်းမျိုးကိုဆိုလိုပါတယ်။

ပြောခဲ့သလိုမျိုး Disney ဇာတ်ကောင်ပုံတွေနဲ့ ကုန်ပစ္စည်းအစစ်အမှန်တွေကို ထုတ်လုပ်နိုင်ဖို့၊ တင်သွင်းဖြန့်ဖြူးနိုင်ဖို့ဆိုရင် Disney ကနေဇာတ်ကောင်အရုပ်တွေကို အသုံးပြုခွင့် လိုင်စင်ယူရပါတယ်။ တစ်နည်းအားဖြင့် Character Licensing Business လို့ ခေါ်ပါတယ်။ Atlantis SEA ကုမ္ပဏီအနေနဲ့ကတော့ Character Licensing Business လုပ်ချင်တဲ့၊ Disney ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းချင်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းတွေကို ကူညီပေးသွားမှာဖြစ်ပါတယ်။

Atlantis SEA အနေနဲ့ Disney နဲ့မြန်မာစီးပွားရေးလုပ်ငန်းများအကြား ဘယ်လို၊ ဘယ်ပုံနဲ့ ကူညီပေးသွားမှာပါလဲ။ Character Licensing Business ပုံစံကိုလည်း ရှင်းပြပေးပါ။ ဒီလုပ်ငန်းစလုပ်ချင်တဲ့သူတွေအနေနဲ့ဆိုရင် ဘာတွေလိုအပ်ပါမလဲ…

Disney အနေနဲ့ ဒီ Character Licensing Business ကို မြန်မာနိုင်ငံမှာရှိတဲ့ ကိုယ်ပိုင် Brand ထုတ်လုပ်သူများသာမက (ဥပမာ – မိမိ Brand မှအင်္ကျီထုတ်တယ်။ အဲဒီအင်္ကျီ မှာ Mickey Mouse ပုံ၊ Frozen စသဖြင့်ထည့်သုံးချင်တယ်။) ရှိပြီးသားလက်ရှိ Disney လိုင်စင်နဲ့ Disney ကုန်ပစ္စည်းတွေကိုထုတ်လုပ်နေတဲ့ နိုင်ငံတကာမှ၊ ဒါမှမဟုတ် အိမ်နီး ချင်းနိုင်ငံများမှတစ်ဆင့်တင်သွင်းပြီး လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချချင်တဲ့ အကြီးစား၊ အလတ်စားလုပ်ငန်းရှင်များနဲ့ပါ အကျိုးတူပူးပေါင်းဖို့ရည်ရွယ်ထားတာပါ။ မြင်သာအောင်ပြောပြရရင်တော့ Miniso ရဲ့ Marvel ကုန်ပစ္စည်းတွေက အကောင်းဆုံးဥပမာတစ်မျိုးဖြစ်ပါတယ်။

ဒီလိုမျိုးရှိပြီးသား Disney ကုန်ပစ္စည်းတွေကို တင်သွင်းမယ်ဆိုရင် Disney ဖြစ်တဲ့အတွက် အကုန်အကျများနိုင်တယ်လို့ထင်နေသူတွေလည်း ရှိနိုင်ပါတယ်။ တကယ့်လက်တွေ့မှာတော့ ဒီလိုမဟုတ်ပါဘူး။ အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်ထားတဲ့ အခွန်နှုန်းထားတွေကလည်း သင့်တင့်တဲ့နှုန်းထားတွေဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အထူးသဖြင့် ကုန်တင်သွင်းတဲ့အတွေ့အကြုံမရှိသူများအတွက် လုပ်ထုံးလုပ်နည်းတွေက မရှင်းမလင်းဖြစ်နေနိုင်ပါတယ်။ ဒီအတွက်လည်း Atlantis SEA နဲ့လုပ်ထုံးလုပ်နည်းတွေ၊ အပြောင်းအလဲတွေကို စဉ်ဆက်မပြတ်လေ့လာပြီး Disney ကုန်ပစ္စည်းတွေ တင်သွင်းတဲ့ နေရာမှာရှိနိုင်တဲ့အခက်အခဲတွေကို တစ်ဖက်တစ်လမ်းကကူညီဖို့ အမြဲကြိုးစားနေပါတယ်။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဒီလိုပူးပေါင်းဆောင်ရွက်ဖို့၊ License ရဖို့လိုအပ်ချက်တွေ ကို Disney နဲ့ညှိနှိုင်းတဲ့အခါမှာ Atlantis SEA မှDisney Consumer Product ရဲ့ မြန်မာနိုင်ငံအတွက်တစ်ဦးတည်းသောLocal Marketing Partner အနေနဲ့ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

Atlantis SEA ကုမ္ပဏီကို မြန်မာနိုင်ငံဈေးကွက်နဲ့ စားသုံးသူတွေကို နားလည်ပြီးသား၊ နိုင်ငံတကာလုပ်ငန်း အတွေ့အကြုံရှိပြီးသားသူတွေနဲ့ဖွဲ့စည်းတည်ထောင်ထားတာဖြစ်လို့ Disney နဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ကြား အကောင်းဆုံးပေါင်းကူးတံတားအဖြစ် လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

မြန်မာနိုင်ငံအတွက် Character Licensing Business မှာတော့ Disney က နိုင်ငံအတွင်းပထမဆုံးဝင်လာတဲ့ International Mass Media & Entertainment Conglomerate ဖြစ်ပါတယ်။ ဒါကြောင့် Disney အတွက် Local Partner ကဏ္ဍမှာအရေးကြီးတဲ့အတွက် သူတစ်ဦးတည်းမဝင်ခဲ့ဘဲ Atlantis SEA နဲ့အတူစတင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ Atlantis SEA အနေနဲ့ Disney အတွက်လုပ်ပေးနေတဲ့ Character Licensing Business က ဘယ်အခြေအနေကို ရောက်နေပါပြီလဲ။ ဈေးကွက်အနေအထားကအဆင်သင့်ဖြစ်နေပြီလား…

Atlantis SEA ကုမ္ပဏီကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာစတင်ခဲ့တာဖြစ်ပါတယ်။ Disney ရဲ့ Global လိုင်စင်ယူထားသူတွေထဲက တချို့ဖြစ်တဲ့ Miniso ၊ Lego ၊ Hasbro ၊ Crocs ၊ Daiso စတဲ့ Global Brand တွေကတော့ မြန်မာနိုင်ငံထဲမှာ ရောက်နှင့်နေပြီဖြစ်ပါတယ်။ Atlantis SEA အနေနဲ့လည်း မြန်မာနိုင်ငံမှ Local Brand များ၊ လက်လီ ရောင်းချသူများနဲ့ ဆွေးနွေးမှုတွေလုပ်နေပါတယ်။ နိုင်ငံကျော်အဆိုတော် ဘန်နီဖြိုးရဲ့ Fashion Brand ဖြစ်တဲ့ Karrot နဲ့လည်း စာချုပ်ချုပ်ပြီးပါပြီ။ ဒါက Star Wars အတွက် မြန်မာနိုင်ငံမှာလုပ်တဲ့ ပထမဆုံး Official Collaboration ဖြစ်ပါတယ်။ မကြာခင် ဈေးကွက်ထဲ Star Wars x Karrot တီရှပ်၊ Hoodie ၊ ဦးထုပ်၊ အိတ်၊ ထမင်း ချိုင့်၊ အပူခံဓာတ်ဘူး စတဲ့ပစ္စည်းတွေ ရောက်လာတော့မှာပါ။

Disney Character Licensing Business ရဲ့ စိတ်ဝင်စားဖွယ်အချက်တချို့…

Disney အနေနဲ့သူ့ရဲ့ IP (Intellectual Property) အတော်လေးအလေးထားတယ်ဆိုတာ သိထားကြပြီးဖြစ်ပါတယ်။ ဒါကို Disney နဲ့အတူလက်တွဲအလုပ်လုပ်တဲ့အခါမှာ ပိုပြီးထဲထဲဝင်ဝင်လေ့လာခွင့်ရခဲ့ပါတယ်။ ဒါကြောင့်လည်း နှစ်ပေါင်းများစွာ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ခဲ့တာလို့ နားလည်လာရပါတယ်။ Disney မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေလက်တွဲလုပ်တဲ့အခါမှာစီးပွားရေးအမြတ်အစွန်းအပြင် အတွေ့အကြုံတွေ၊ ပညာတွေလည်းရမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့အချက်က Disney အနေနဲ့ သူ့ရဲ့ IP တွေဖြစ်တဲ့ Disney ဇာတ်ကောင်တွေကို သက်ရှိလိုမျိုးပဲတန်ဖိုးထားတာဖြစ်ပါတယ်။ ဇာတ်ကောင်တွေမှာ အရပ်၊ မွေးနေ့၊ ကမ္ဘာ စတာတွေပါရှိပါတယ်။ ဥပမာ – Mickey Mouse နဲ့ Goofy က ဘယ်တော့မှ အရပ်တူမနေတာမျိုး၊ Captain America ရဲ့ဒိုင်းမှာ Hulk ထက်ကြီး မနေတာမျိုး၊ Snow White နဲ့ Mickey Mouse တို့က သီးခြားကမ္ဘာတွေမှာနေကြသူတွေဖြစ်လို့ ဘယ်တော့မှ အတူတူရှိနေလို့မရတာမျိုး စတာတွေဖြစ်ပါတယ်။

အနာဂတ် အစီအစဉ်တွေကိုလည်း ပြောပြပေးပါဦး…

အခုဆိုရင် Disney က မြန်မာနိုင်ငံတွင်း ခြေတစ်လှမ်းဝင်ပြီဖြစ်ကာ နောက်တစ်ဆင့်အနေနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ Disney ကုန်ပစ္စည်းအစစ်အမှန်တွေကို အသုံးပြုနိုင်ဖို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်တွေက နိုင်ငံတကာ Conglomerate နဲ့ အကျိုးတူပူးပေါင်းပြီး စီးပွားရေးကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေဖို့ ကြိုးစားနေပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ Disney နဲ့ စစချင်းအလုပ်လုပ်တဲ့အခါမှာ အခက်အခဲတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေမှာ Disney ဇာတ်ကောင်တွေကို အသုံးပြုခွင့်ရတာက Disney စံချိန်စံညွှန်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီခြင်း၊ Disney ကုန်ပစ္စည်းအစစ်အမှန်တွေဖြစ်ခြင်းတို့ကြောင့် ပြန်ရမယ့်အကျိုးအမြတ်က ပိုများပါလိမ့်မယ်။

ကုန်ထုတ်လုပ်မှုကဏ္ဍမှာလည်း Disney စံချိန်စံ ညွှန်းသတ်မှတ်ချက်တွေနဲ့ကိုက်ညီတဲ့စက်ရုံတွေ မြန်မာနိုင်ငံမှာ ပေါ်ထွက်လာစေဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ရေရှည်မှာ နိုင်ငံရဲ့ IP ကဏ္ဍနဲ့ပတ်သက်ပြီး နိုင်ငံတကာအဆင့်မီလာစေဖို့နဲ့ ပြည်တွင်းမှာလည်း Disney ကဲ့သို့ တီထွင်ဆန်းသစ်နိုင်တဲ့သူတွေ ပေါ်ထွက်လာစေဖို့လည်း ရည်ရွယ်ထားပါတယ်။

Website – www.atlantis-sea.com
Facebook – www.facebook.com/atlantis.sea.company