၂၀၂၀ ဂေါက်သီးလောက

၂၀၂၀ ပြည့်နှစ် ဂေါက်သီးရာသီ၌ လေးနှစ်တစ်ကြိမ်ကျင်းပသော အိုလံပစ်အားကစားပွဲတော်၏ ဂေါက်သီးပြိုင်ပွဲလည်း ပါဝင်နေသည့်အလျောက် ဂေါက်သီးမေဂျာပွဲကြီးများ၏ဇယားက အပြောင်းအလဲဖြစ်ခဲ့ပါသည်။

အောက်တွင်ကြည့်ပါ။

မတ် ၁၂ – ၁၅ The Players Championship

ဧပြီ ၉-၁၂ Masters

မေ ၁၄-၁၇ PGA Championship

ဇွန် ၁၈-၂၁ US Open

ဇူလိုင် ၁၆-၁၉ British Open

ဇူလိုင် ၃၀- သြဂုတ် ၂ Olympic Golf Competition

မေဂျာပွဲကြီးလေးပွဲအပြင် The Players Ch. အား ဖော်ပြရခြင်းမှာ ဤပွဲအားဂေါက်သီးပရိုများက ပဉ္စမ မေ ဂျာပွဲကြီးအဖြစ် မှတ်ယူကြသောကြောင့်ပါ။ ဤပွဲမှာ ပီဂျီအေတိုး၏ ဦးစီးဦးဆောင်ပွဲကြီးဖြစ်ပြီး ဤပွဲ၏ အခန်းကဏ္ဍမှာ ဂေါက်သီးမော်ကွန်းဝင်ဖြစ်ရေးအတွက် ကျန်မေ ဂျာပွဲကြီးများကဲ့သို့ အရေးပါနေပါသည်။ ဂေါက်သီးမော်ကွန်းဝင်ပဏာမစာရင်း၌ ပါဝင်ခွင့်ရရေးမူတစ်ချက်မှာ မေဂျာပွဲကြီးလေးပွဲနှင့် The Players Ch. စုစုပေါင်းပြိုင်ပွဲ ငါးမျိုးတွင် အနည်းဆုံးနှစ်ပွဲ ဗိုလ်စွဲထားသူဖြစ်ရမည်ဟူ၍ပါ။ ဤမူအရ မေဂျာပွဲကြီးများ ဗိုလ်မစွဲနိုင်သည့်တိုင် The Players Ch. အား နှစ်ကြိမ် ဗိုလ်စွဲပါက ပဏာမစာရင်းသို့ ပါခွင့်ရနိုင်ခြင်းပါ။

မူလက Masters ကို ဧပြီလ၊ The Players Ch.ကို မေလ၊ US Open ကို ဇွန်လ၊ British Open ကို ဇူလိုင်လနှင့် PGA Ch. ကို သြဂုတ်လများတွင် ကျင်းပခဲ့ ပါသည်။ နှစ်ပေါင်းတစ်ရာကျော်ကြာ အိုလံပစ်အားက စားပွဲတော်ကြီးတွင် ပါဝင်ခွင့်မရခဲ့သော ဂေါက်သီးအားကစားသည် ၂၀၁၆ ဘရာဇီးအိုလံပစ်မှ စတင်ကာ ပြန်လည်ပါဝင်လာခဲ့ပါသည်။ လေးနှစ်တစ်ကြိမ်ကျင်းပသော အိုလံပစ်ပွဲတော်ကြီးသည် ၂၀၂၀ တွင် ဂျပန်၌ ကျင်းပမည်ဖြစ်ရာ ဂေါက်သီးလောက၏ အာဏာပိုင်များက ရေရှည်ကိုကြည့်၍ အထက်ဖော်ပြပါ အချိန်ဇယားအတိုင်းပြောင်းလဲခဲ့သည်မှာ ယခု ၂၀၂၀ ပါဆိုလျင် နှစ်နှစ်ရှိခဲ့ပါပြီ။

အထက်ပါပြိုင်ပွဲများအပြင် ယခုနှစ်၌ Ryder Cup ပြိုင်ပွဲကြီးလည်း ကျင်းပရန်ရှိပေရာ အချိန်ဇယားအရ စက်တင်ဘာ ၂၅-၂၈ တွင်ဖြစ်ပါသည်။ Ryder Cup နှင့် အိုလံပစ်ပြိုင်ပွဲများမပါဝင်ဘဲ ဆုကြေးပေးသော ပီဂျီအေ တိုး၏ FedEx Cup ပြိုင်ပွဲစုစုပေါင်းမှာ ယခုရာသီတွင် ၄၉ ပွဲပင်ရှိလာပြီး စုစုပေါင်းဆုကြေးဒေါ်လာ ၃၇၆ သန်းနှင့် FedEx Cup အပိုဆောင်းဆုကြေးဒေါ်လာ သန်း ၇၀ ကို ချီးမြှင့်မည်ဖြစ်ရာ ပရိုများအတွက် အားတက်သရော ယှဉ်ပြိုင်ချင်စရာပင်ဖြစ်ပါသည်။

ဂေါက်သီးမေဂျာပွဲကြီးလေးပွဲမှာ အချိန်သုံးလခွဲအတွင်း၊ တစ်နည်းအားဖြင့် ရက်သတ္တပတ် ၁၅ ပတ်အတွင်း ယှဉ်ပြိုင်ကစားကြရမည်ဖြစ်ရာ မေဂျာပွဲကြီး ၁၈ ပွဲ ဗိုလ်စွဲခဲ့သူ အသက် ၈၀ ရှိ ကမ္ဘာကျော် မော်ကွန်းဝင် ဂေါက်သီးသမားကြီး ဂျက်ခ်နစ်ကလပ်စ်က တစ်ပွဲနှင့် တစ်ပွဲနီးကပ်လွန်းကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ”ဂေါက်သီးသမားတွေရဲ့ သဘောသဘာဝက တစ်ပွဲမှာ လက်ပျက်ပြီဆိုရင် နောက်လာတဲ့ပွဲတွေမှာလည်း ရုန်းကန်ရလေ့ရှိ ပါတယ်” ဟုပြင်ဆင်ချိန်နည်းပုံကို ပြောခဲ့ခြင်းပါ။

အမျိုးသမီးကဏ္ဍကိုကြည့်လျင်လည်း ဆုကြေးတိုးလာသည်ကို တွေ့ရပါသည်။ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဂေါက်တိုးဖြစ်သည့် အယ်လ်ပီဂျီအေတိုးသည် ယမန်နှစ်က ဆုကြေးစုစုပေါင်း ဒေါ်လာ ၇၀.၅ သန်းပေး ခဲ့ရာမှ ယခုနှစ်တွင် ဒေါ်လာ ၇၅.၁ သန်းပေးမည်ဖြစ်ပါသည်။

ဘန်းဟတ်ဒ်လန်ဂါဗိုလ်စွဲပြန်ခြင်း

Champions Tour ခေါ် အသက် ၅၀ ကျော်များ၏ စီနီယာတန်း၌ ကစားနေသော ဂျာမန်ဂေါက်သီးကျော်ကြီး ဘန်းဟတ်ဒ်လန်ဂါ (Bernhard Langer) သည် အသက် ၆၂ နှစ်ကျော်ပြီဖြစ်ပါသည်။ ငယ်စဉ်က မာစတာစ်ပြိုင်ပွဲကြီးတွင် နှစ်ကြိမ်ဗိုလ်စွဲခဲ့သူ မော်ကွန်းဝင်ဂေါက်သီးသမားကြီးလန်ဂါသည် အသက် ၅၀ ပြည့်သည်မှစ၍ အမေရိကတွင်ခြေချကာ စီနီယာတန်း၌ တစိုက်မတ်မတ် ကစားခဲ့သူပါ။ ယမန်နှစ်ကအထိ စီနီယာတန်းတွင် စီနီယာမေဂျာပွဲကြီး ၁၁ ပွဲအပါအဝင် စီနီယာတိုးပွဲပေါင်း ၄၀ ဗိုလ်စွဲခဲ့ ပြီးဖြစ်ပါသည်။ စတင်ပါဝင်ကစားခဲ့သော ၂၀၀၇ ခုနှစ်မှ စ၍ ယမန်နှစ်အထိ သူအောင်ပွဲမရသောနှစ်ဟူ၍ မရှိခဲ့ပါ။ စီနီယာမေဂျာပွဲကြီး ၁၁ ပွဲအောင်နိုင်မှုမှာ စံချိန်ဖြစ်ပါသည်။ ယခင်က အများဆုံးအောင်ပွဲရသူမှာ ရှစ်ပွဲနိုင်ခဲ့သူဂျက်ခ် နစ်ကလပ်စ်ပါ။ လန်ဂါ၏ စီနီယာတိုးအောင်ပွဲ စုစုပေါင်း ပွဲ ၄၀ မှာ ဒုတိယအများဆုံးဖြစ်သည်။ ဟေးလ်အာရ်ဝင်က ၄၅ ပွဲဖြင့် အောင်ပွဲအများဆုံး စံချိန်တင်ထားပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁ ရက်က ပြီးစီးခဲ့သော Cologuard Classic တွင် လန်ဂါဗိုလ်စွဲပြန်သည့်အခါ စီနီယာတန်းတွင် ၄၁ ကြိမ်မြောက် အောင်ပွဲဖြစ်ခဲ့ပြီး အာရ်ဝင်၏ စံချိန်ကိုမီရန် ခြေတစ်လှမ်းတိုးလာခဲ့ပါသည်။ ကွင်းပတ်သုံးခု ယှဉ်ပြိုင်ကစားရသော ထိုပွဲတွင် ပထမနှစ်ရက်၌ လန်ဂါက ဆယ်ချက်လျော့ရထားသော်လည်း ဦးဆောင်သူနောက်တွင် လေးချက်ပြတ်ကျန်နေခဲ့ပါသည်။ နောက်ဆုံးနေ့တွင် သူက ရှစ်ချက်လျော့ရကာ ဒုတိယရသူအပေါ် နှစ်ချက်အသာဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါသည်။ အမှန်တွင် သူက ကျင်း ၁၇ အပြီးအထိ တစ်နေ့တည်း ကိုးချက်လျော့ ရထားခဲ့သည်။ နောက်ဆုံးကျင်းတွင် ဒရိုက်ဗ်ကောင်းပြီးမှ ဒုတိယရိုက်ချက်ကို ဂရင်းသို့ သံခြောက်တုတ်ဖြင့် ရိုက်ခဲ့ရာ ညာလန်သွားပြီး ထိုကျင်း၌ ဘိုဂီပါသွားခြင်းဖြစ်သည်။ ပွဲအပြီးတွင် သူက ၁၇ ကျင်းခွဲတိတိ အကောင်းဆုံး ရိုက်ခဲ့သည်ဟု ပြောခဲ့ပါသည်။ သူ့ထက် ဆယ်နှစ်ကျော် ငယ်သူများကိုပင် ကျော်ဖြတ်ကာ အောင်ပွဲရဆဲဖြစ်သော လန်ဂါအား အများက အထူးပင်ချီးကျူးခဲ့ကြပါသည်။

စီနီယာတန်းတွင် အာနီအဲလ်စ် စတင်ဗိုလ်စွဲပြီ

မေဂျာပွဲကြီး လေးပွဲဗိုလ်စွဲခဲ့ပြီး ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးသမားနေရာရခဲ့သူ တောင်အာဖရိကမှ မော်ကွန်းဝင်ဂေါက်သီးသမားကြီး အာနီအဲလ်စ် ((Ernie Els) သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်က အသက် ၅၀ ပြည့်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် စီနီယာတန်း၏ ပထမဆုံးပြိုင်ပွဲဖြစ်သော Mitsubishi Electric Ch. မှ စတင်၍ သူပါဝင်ကစားခဲ့ပါသည်။ ယင်းပွဲတွင် သူဒုတိယ သာရခဲ့သည်။ သူပါဝင်ကစားခဲ့သော တတိယမြောက်ပြိုင် ပွဲဖြစ်သည့် မတ်လ ၈ ရက်က ပြီးစီးခဲ့သော Hoag Classic တွင် သူအောင်ပွဲစတင်ရခဲ့ပါသည်။ ကွင်းပတ်သုံးခု က စားခဲ့ရပေရာ ပထမကွင်းပတ်က ငါးချက်လျော့ ၆၆ ချက်ရခဲ့သူ အဲလ်စ်သည် ဦးဆောင်သူနောက် ငါးချက်ရောက် နေခဲ့ပါသေးသည်။ ဒုတိယနေ့၌ သူက ခုနစ်ချက်လျော့ရခဲ့ပေရာ ပေါင်း ၁၂ ချက်လျော့ဖြင့် ဒုတိယနေရာရနေ သူနှစ်ဦးအပေါ် တစ်ချက်အသာရပြီး ဦးဆောင်သူ ဖြစ် လာပါသည်။ နောက်ဆုံးနေ့တွင် လေးချက်လျော့ ထပ်ရခဲ့ရာ ပေါင်း ၁၆ ချက်လျော့ဖြင့် ဒုတိယရသူ သုံးဦးအပေါ် နှစ်ချက်သာကာ ဗိုလ်စွဲနိုင်ခဲ့ပါသည်။

အမှန်တွင် အဲလ်စ်သည် သူပထမဆုံး စတင်ကစားခဲ့သော Mitsubishi ပွဲတွင်လည်း ဗိုလ်စွဲခွင့်ရခဲ့ပါ သေးသည်။ ကွင်းပတ် သုံးခုအပြီးတွင် သူသည်ဟင်မနက်သ်၊ ဖရက်ဒ်ကပ်ပဲလ်စ်တို့နှင့်အတူ ပူးတွဲပထမနေရာ ၌ ရှိခဲ့ပြီးမှ ကျင်းပြတ်ကျင်းပို ကစားသည့်အခါတွင် ဟင်မနက်သ်ကို ရှုံးခဲ့ရခြင်းပါ။ ဒုတိယ သူပါဝင်ကစားသောပွဲတွင်မူ သူက အဆင့်ပူးတွဲ ၃၄ သာ ချိတ်နိုင်ခဲ့သည်။ ထိုပွဲမှာ လန်ဂါဗိုလ်စွဲသွားသော Cologuard Classic ဖြစ်ပါသည်။ အဲလ်စ်က ပထမဆုံးအကြိမ် ဗိုလ်စွဲရေးတွင် ဖိအားများရှိကြောင်း၊ ယခုအခါ ပွင့်သွားပြီဖြစ်၍ ဆက် လက်အောင်ပွဲရရန် လွယ်သွားပြီဟုထင်ကြောင်း မီဒီယာ များသို့ ပြောခဲ့ပါသည်။ အသက် ၅၀ ပြည့်ခါစ အဲလ်စ် တစ်ယောက်၏ ဆက်လက်စွမ်းဆောင်နိုင်မှုများကို စောင့် ကြည့်ရပါမည်။

တိုက်ဂါးမော်ကွန်းဝင် ရွေးချယ်ခံရခြင်း

ကမ္ဘာ့ဂေါက်သီးမော်ကွန်းတိုက်က ယခုနှစ် ဇန်နဝါရီလတတိယပတ်တွင် မော်ကွန်းဝင်ဖြစ်သင့်သူ အရည်အချင်း သတ်မှတ်ချက်များ ပြင်ဆင်လိုက်ရာ၌ အသက်အရွယ် သတ်မှတ်ချက်အား ယခင်က အနည်းဆုံး အသက် ၅၀ ပြည့်ရမည်ဟူသည့်မူအား အနည်းဆုံး အသက် ၄၅ နှစ် ပြည့်ရမည်ဟု ပါရှိလာသဖြင့် ယခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ၄၅ နှစ်ပြည့်တော့မည့် တိုက်ဂါးအတွက် လာ မည့်အကြိမ်တွင် မော်ကွန်းဝင်တင်မြှောက်ခံရရန် အချက် အလက်ပြည့်စုံသွားပါတော့သည်။

မော်ကွန်းဝင်တင်မြှောက်ခြင်းအား ယခင်က နှစ်စဉ်ပြုလုပ်ခဲ့ရာမှာ ၂၀၁၃ ခုနှစ်မှစ၍ နှစ်နှစ်တစ်ကြိမ်သာ တင်မြှောက်ရန် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် က နောက်ဆုံးအကြိမ်ကို ပြုလုပ်ခဲ့ပြီးဖြစ်ရာ ယခုဆက် လာမည့်အကြိမ်မှာ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပါသည်။ ထို့ ကြောင့် ယခုနှစ်ဆန်းမှစ၍ ပဏာမလူရွေးချယ်ခြင်းကို စတင်ခဲ့ပါသည်။ မော်ကွန်းဝင် တင်မြှောက်ရန်အတွက် ကဏ္ဍသုံးခုခွဲ၍ ရွေးချယ်ပါသည်။ အမျိုးသားဂေါက်သီး သမားများကဏ္ဍ၊ အမျိုးသမီးဂေါက်သီးမယ်များကဏ္ဍနှင့် အကျိုးပြုခဲ့သူများကဏ္ဍတို့ ဖြစ်ပါသည်။ ကဏ္ဍတစ်ခုမှ တစ်ဦးမကလည်း မော်ကွန်းဝင်ဖြစ်နိုင်ခြေရှိပါသည်။ အရည်အချင်းကိုက်ညီရန်သာ လိုပါသည်။

မော်ကွန်းတိုက်အကြောင်း ဦးစွာတင်ပြလိုပါသည်။ ပထမဦးဆုံးသော ဂေါက်သီးမော်ကွန်းတိုက်မှာ PGA of America က ၁၉၄၀ ပြည့်နှစ်က ထူထောင်ခဲ့သော ကိုယ်ပိုင်မော်ကွန်းတိုက်ဖြစ်ပါသည်။ ၁၉၅၁ ခုနှစ်တွင် LPGA အမျိုးသမီးတိုးကလည်း ကိုယ်ပိုင်မော်ကွန်းတိုက် တည်ထောင်ခဲ့ပါသည်။ ကမ္ဘာ့ဂေါက်သီးမော်ကွန်းတိုက်အမည်ဖြင့် အဖွဲ့အစည်းသစ်တစ်ခုက ၁၉၇၄ ခုနှစ်တွင် မြောက် ကာရိုလိုင်းနားပြည်နယ် Pinehurst Resort ၌ ပေါ်ထွက် လာခဲ့သည်။ ထိုအဖွဲ့အစည်းသို့ PGA of America က ၁၉၈၃ ခုနှစ်တွင် လာရောက်ပူးပေါင်းခဲ့ပြီး ၁၉၈၆ ခုနှစ်၌ PGA of America ၏ ပိုင်ဆိုင်မှုအောက်သို့ ရောက်ခဲ့သည်။ LPGA Tour ကလည်း ၁၉၈၈ ခုနှစ်တွင် ဤကမ္ဘာ့ဂေါက်သီးမော်ကွန်းတိုက်နှင့် လာရောက်ပူးပေါင်းခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် World Golf Foundation ကို ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များတွင် ကမ္ဘာ့တစ်ခုတည်း သော ဂေါက်သီးမော်ကွန်းတိုက်ကြီး ဖြစ်မြောက်ရေးက အဓိကအချက်ဖြစ်သည်။ ဤဖောင်ဒေးရှင်းတွင် PGA of America နှင့် LPGA အပါအဝင် ကမ္ဘာပေါ်ရှိ အဓိကအ ပြည်ပြည်ဆိုင်ရာ ထင်ရှားကျော်ကြားသော ဂေါက်သီးအ သင်းအဖွဲ့များနှင့် ဂေါက်တိုးများပါဝင်ကြသည်။ ဤ ဖောင်ဒေးရှင်းက ၁၉၉၈ ခုနှစ်တွင် ဖလော်ရီဒါပြည်နယ် ဂျက်ဆန်ဗီးလ်မြို့၌ ကမ္ဘာ့ဂေါက်သီးရွာ (World Golf Village) ကို အကောင်အထည်ဖော်ခဲ့ပြီး၊ ကမ္ဘာ့ဂေါက် သီးမော်ကွန်းတိုက်အသစ်ကိုပါ တည်ဆောက်ခဲ့ပါသည်။ ထိုကမ္ဘာ့ဂေါက်သီးမော်ကွန်းတိုက်သည် ယခုအခါ ကမ္ဘာ အရပ်ရပ်ရှိ ဂေါက်သီးအသင်းအဖွဲ့ ၂၆ ခုစုပေါင်းပါဝင် သည့် တစ်ခုတည်းသော ကမ္ဘာ့မော်ကွန်းတိုက်ဖြစ်လျက် ရှိနေပါပြီ။

တိုက်ဂါး၏အောင်မြင်မှုများမှာ မော်ကွန်းဝင် ဖြစ်ရန်ထက်ပင် အဆများစွာကျော်လွန်နေပြီဖြစ်ပါသည်။ မော်ကွန်းဝင်ပဏာမစာရင်းတွင် ပါဝင်ရန်အမျိုးသားများ အတွက်ချမှတ်ထားသောမူများမှာ ကမ္ဘာ့ဂေါက်တိုးကြီး ခြောက်ခုတွင် စုစုပေါင်း ၁၅ ပွဲ ဗိုလ်စွဲပြီးဖြစ်ရန် သို့မ ဟုတ် မေဂျာပွဲကြီးလေးမျိုးနှင့် The Players Ch. စုစု ပေါင်းပွဲကြီး ငါးမျိုးတွင် အနည်းဆုံးနှစ်ကြိမ်ဗိုလ်စွဲပြီး ဖြစ်ရန်တို့ဖြစ်ပါသည်။ အသက်ကန့်သတ်ချက်မှာ မော် ကွန်းဝင်တင်မြှောက်မည့်ခုနှစ်ကာလတွင် အသက် ၄၅ နှစ်ပြည့်ပြီး ဖြစ်ရန်ဖြစ်ပါသည်။ တိုက်ဂါးမှာ မေဂျာပွဲကြီး ၁၅ ပွဲနှင့် The Players Ch. နှစ်ပွဲအပါအဝင်ကမ္ဘာ့အနှံ့တွင် ပရိုပွဲ ပေါင်း ၁၀၉ ပွဲဗိုလ်စွဲထားပြီးသူဖြစ်ရာ အောင်ပွဲ များအတွက် ပြောစရာမရှိတော့ပါ။ အသက်ပြည့်ရန် အ ချိန်သာ လိုနေခြင်းသာဖြစ်ပေရာ ယခုအခါ ၄၅ နှစ်သို့ လျှော့ချလိုက် ပြီဖြစ်၍ အားလုံးပြည့်စုံလျက်ရှိနေပါပြီ။

မတ်လ ၃ ရက်တွင် ပဏာမလူစာရင်းကို အဆို ပြုရေးကော်မတီက ထုတ်ပြန်ခဲ့ရာ တိုက်ဂါး၏အမည် ပါရှိလာပါသည်။ အမျိုးသားပဏာမစာရင်းပါ ၄ ဦးမှာ တိုက်ဂါး၊ ပါဒရိတ်ဟာရင်တန်၊ တွမ်ဝိုက်စ်ကော့ဖ်နှင့် ဂျွန်နီဖာရယ်လ်တို့ဖြစ်ကြပါသည်။ မတ်လ ၁၁ ရက် နေ့တွင် အပြီးသတ်ရွေးချယ်ရေးကော်မတီက တိုက်ဂါးကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ပီဂျီအေ တိုး၏ကော်မရှင်နာလည်းဖြစ်ပြီး World Golf Foundation ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဂျေမိုနာဟန်က တိုက်ဂါးထံ ဖုန်း ဆက်၍ အကြောင်းကြားခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် မော်ကွန်းဝင်တင်မြှောက်မည့်နေ့ရက်ကိုမူ မကြေညာသေးပါ။

COVID-19 ဗိုင်းရပ်စ်မွှေခြင်း

ဤဆောင်းပါးအစပိုင်း၌ ဖော်ပြခဲ့သည့်အတိုင်း ၂၀၂၀ ခု နှစ် ဂေါက်သီးရာသီသည် တိုးမြှင့်လာသော ဆုကြေးငွေများ၊ ကျင်းပမည့်ပြိုင်ပွဲများကြောင့် စိတ်ဝင်စားစရာဖြစ်ခဲ့ပါသည်။ အမျိုးသားဂေါက်သီးတွင် ကမ္ဘာ့နံပါတ်တစ်ဖြစ်သူ ဘ ရွတ်စ်ကက်ပ်ကာသည် ၂၀၁၉ အောက်တိုဘာလက ကိုရီးယားတွင် CJ Cup ပြိုင်ပွဲယှဉ်ပြိုင်ကစားနေရာမှ ဒုတိယ နေ့တွင် ဒူးနာပြဿနာကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ရချိန် မှစ၍ နားနေခဲ့ရပေရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ တတိ ယပတ်တွင်မှ ဥရောပတိုး၏ Abu Dhabi HSBC Ch ၌ ပြန်လည် စတင်ပါဝင်ကစားနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နှစ်ကုန်က ပီဂျီအေတိုး၏ ရာသီပိတ် Fed Ex Cup ဖလား ကိုရခဲ့ပြီး ထိုရာသီ၏ တစ်နှစ်တာအကောင်းဆုံး၊ ဂေါက် သီးသမားဆုကိုလည်းရခဲ့သော ရော်ရီမက်ကဲလ်ရွိုင်းသည် ပြိုင်ပွဲ အဝင်ကျဲသဖြင့် အမှတ်လျော့လာသော ကက်ပ်ကာကို ၂၀၂၀ ဇန်နဝါရီလ ၂၆ ရက်၌ ကျော်တက်ကာ ကမ္ဘာ့ နံပါတ်တစ် ဖြစ်လာသည်။

စပိန်မှ ဂျွန်ရမ်းသည် ဥရောပတိုး၏ Race to Dubai အပြီးသတ်ပြိုင်ပွဲဗိုလ်စွဲကာ ဥရောပတိုး၏ ၂၀၁၉ ခုနှစ် အကောင်းဆုံးဂေါက်သီးသမားဆုကိုရခဲ့ပြီး နိုဝင် ဘာလနောက်ဆုံးပတ်က ကမ္ဘာ့နံပါတ်သုံးနေရာကိုရခဲ့ သည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် WGC Mexico Ch ၌ ပူးတွဲတတိယချိတ်သည့်အခါ ကမ္ဘာ့ နံပါတ်နှစ်ဖြစ်လာသည်။ ၂၀၁၇ခုနှစ်အတွင်းက ကမ္ဘာ့နံ ပါတ်တစ်နေရာကိုရခဲ့ဖူးသော ဂျပ်စ်တင်တွမ်မတ်စ်သည် ၂၀၁၉၊ သြဂုတ်လက ကမ္ဘာ့အဆင့် တစ်ဆယ်အထိ ကျ ဆင်းနေရာမှ ၂၀၁၉-၂၀ ပီဂျီအေတိုးရာသီတွင် CJ Cup နှင့် Sentry Tournament of Champions ပြိုင်ပွဲနှစ်ပွဲအား ဗိုလ်စွဲလိုက်သည့်အခါ ကမ္ဘာ့အဆင့်လေးသို့ တက်ရောက် လာပါသည်။

ကမ္ဘာ့နံပါတ်တစ်နေရာအား ၆၄ ပတ်ဆက်တိုက် တစ်ကြိမ်အပါအဝင် စုစုပေါင်းရက်သတ္တပတ် ၉၁ ပတ်ရ ခဲ့ဖူးသူဒပ်စ်တင်းဂျွန်ဆင်သည်လည်း ကမ္ဘာ့အဆင့် ငါး နေရာ၌ရှိဆဲပါ။ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့အဆင့်တစ် နေရာသို့ အထက်ဖော်ပြပါ ငါးဦးက အပြိုင်အဆိုင်လုယက် နေရာယူကြလိမ့်မည်ဟု မှန်းဆကြပါသည်။

မေဂျာပြိုင်ပွဲကြီးများတွင်လည်း အားလုံးအတွက် စောင့်ကြည့်ချင်စရာတွေက များလှပါသည်။ ယမန်နှစ်က မာစတာစ်ချန်ပီယံနှင့် မေဂျာ ၁၅ ပွဲအောင်နိုင်ထားသူ တိုက်ဂါးက ဤနှစ်မာစတာစ်ဆက်ဗိုလ်စွဲမလား၊ အခြား မေဂျာတွေရောဗိုလ်စွဲပြီး ဂျက်စ်နစ်ကလပ်စ်၏မေဂျာ ၁၈ ပွဲစံချိန်ကိုမီမလား၊ ၂၀၁၇-၂၀၁၈ နှင့် ၂၀၁၉ နှစ်များက အနည်းဆုံးမေဂျာတစ်ပွဲ ဗိုလ်စွဲခဲ့သူကက်ပ်ကာက ယခု နှစ်တွင်ကော မေဂျာပွဲကြီးထပ်ဗိုလ်စွဲနိုင်မလား၊ မေဂျာပွဲ ကြီးများတွင် မာစတာစ်မှလွဲ၍ ကျန်ပွဲများအောင်နိုင်ထား သူ မက်ကဲလ်ရွိုင်းက ယခုနှစ်တွင် မာစတာစ်ဗိုလ်စွဲကာ ဂရန်းစလမ်း (Grand Slam) ရသူဖြစ်လာမလား၊ မေဂျာပွဲ ကြီးများမနိုင်ဖူးသေးကြသော်လည်း မကြာခဏတံခါး ခေါက်နေကြသူများဖြစ်ကြသည့် ဂျွန်ရမ်း၊ ဘရိုင်ဆန်ဒီ ရှမ်းဘူး၊ ဇန်ဒါရှောင်ဖလီတို့ ယခုနှစ်တွင် မေဂျာတံခါးဖွင့် နိုင်မလား စသဖြင့် စိတ်ဝင်စားစရာတွေကများလှပါသည်။

ဤကာလတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်ပွားခဲ့သော COVID-19 ခေါ် Coronavirus သည် ကမ္ဘာအနှံသို့ ပြန့်ပွားသွားခဲ့ပေ ရာ အားကစားလောကကိုလည်း ထိခိုက်ခဲ့ပါသည်။ ဂေါက် သီးပြိုင်ပွဲများသို့ပါ သက်ရောက်ခဲ့ပါသည်။ LPGA အမျိုး သမီးတိုးသည် နှစ်ဆန်းပိုင်း၌ သြစတြေးလျ၊ စင်ကာပူ၊ ထိုင်းနှင့်တရုတ်တို့တွင် ပွဲများကျင်းပပြီးမှ အမေရိကမြေ တွင်ပွဲများဆက်လေ့ရှိရာ စင်ကာပူ၊ ထိုင်းနှင့်တရုတ်ပွဲများ ကို ဦးစွာဖျက်သိမ်းခဲ့ပါသည်။ ဆက်လက်၍ မတ်လ ၁၂ ရက်နေ့တွင် ပွဲစဉ်အတိုင်း ကျင်းပခြင်းမပြုနိုင်တော့သည့် ပွဲများကို ကြေညာခဲ့ရာ Founders Cup (မတ် ၁၉-၂၂) ၊ Kia Classic (မတ် ၂၆-၂၉) နှင့် အမျိုးသမီးမေဂျာပွဲကြီး ဖြစ်သော ANA Inspiration (ဧပြီ ၂-၅) တို့ ပါဝင်လာပါ သည်။ အချို့ဂေါက်သီးမယ်များက ပြိုင်ပွဲများဝင်ကြသော် လည်း စိုးရိမ်ပူပန်သူများက မဝင်ကြပါ။ ကမ္ဘာ့နံပါတ် တစ်ဟောင်း အင်ဘီပတ်ခ်က လေးပွဲ ပါဝင်ကစားပြီးဖြစ် သော်လည်း လက်ရှိကမ္ဘာ့အဆင့်တစ် ဂျင်ယောင်ကိုးနှင့် အဆင့်သုံး အက်စ်အိပ်ချ်ပတ်ခ်တို့မှာ တစ်ပွဲမှ ဝင်မက စားကြသေးပါ။

ပီဂျီအေတိုး၏ ၂၀၁၉-၂၀ ရာသီမှာ ၂၀၁၉ စက် တင်ဘာလမှ ၂၀၂၀ သြဂုတ်လအထိဖြစ်ပေရာ မတ်လThe Players Ch. ပွဲအထိ အချိန်ဇယားအတိုင်း ကျင်းပခဲ့ပါ သေးသည်။ COVID-19 သည် အမေရိကန်ပြည်ထောင်စုသို့ ပါ ပြန့်ပွားလာပြီး လူအသေအပျောက်ရှိလာခဲ့ပေရာ မတ်လ ၁၂ ရက် The Players Ch. ပထမကွင်းပတ်ကစား အပြီးတွင် ကျန်ကွင်းပတ်များကို ဖျက်သိမ်းကြောင်းနှင့် နောက်ဆက်လာမည့် ပီဂျီအေတိုးလေးပွဲကိုလည်း ဖျက် သိမ်းကြောင်း ကြေညာခဲ့ပါသည်။ ထို့ကြောင့် မာစတာစ် ပြိုင်ပွဲ (ဧပြီ ၉-၁၂) တွင် ပြိုင်ပွဲများပြန်စမည် ခန့်မှန်း ခဲ့ရာမှ သြဂတ်စ်တာနေရှင်နယ်ဂေါက်ကလပ်က မာစ တာစ်ပွဲကိုလည်း ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းကြောင်း ကြေညာခဲ့ပါသည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး အမြန်ဆုံး ကွယ်ပျောက်ကင်းရှင်းပါစေကြောင်းနှင့် ကမ္ဘာ့ဂေါက်သီး ဇာတ်ခုံကြီးပြန်လည်လှုပ်ရှားသက်ဝင်ပါစေကြောင်းသာ ဆုတောင်းလိုက်ရပါသည်။

၀င်းမြင့်သိန်း