၀န်ထမ်းတစ်ယောက်အနေနဲ့ အနာဂတ်မှာ စီမံခန့်ခွဲသူမန်နေဂျာကောင်းတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုစိတ်နေစိတ်ထား အရည်အချင်းလိုအပ်ပါသလဲ။ ဘယ်လိုဖြည့်ဆည်းထားရပါမလဲ။

ဒေါက်တာတင်မမစိုး – HR Consultant Cum MD၊ Billion Force Services Co Ltd

ဝန်ထမ်းတစ်ယောက်အနေနဲ့ အနာဂတ်မှာ စီမံခန့်ခွဲမှုမန်နေဂျာကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်လိုအပ်တဲ့ သူ့ရဲ့ Attitude တွေ၊ Skill တွေရှိပါမယ်။ လိုအပ်တဲ့ Attitude ရှိဖို့ဆိုရင် EQ ( Emotional Quotient) ကောင်းဖို့ လိုပါတယ်။ Emotional Quotient ဆိုတာက ကိုယ်ကိုယ်တိုင်နဲ့ သူများရဲ့စိတ်ခံစားမှုကိုနားလည်တယ်။ အဲဒီစိတ်ခံစားမှုကိုလည်း ကောင်းကောင်း Manage လုပ်နိုင်တဲ့ အရည်အချင်းမျိုးကိုပြောတာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက Adaptable ဖြစ်တယ်ဆိုတာက အဖွဲ့အစည်းအနေနဲ့ ပေါ်လစီတွေပြောင်းတယ်။ စနစ်တွေ ပြောင်းတယ်။ စီမံခန့်ခွဲမှုပုံစံတွေပြောင်းတယ်။ ဒီလိုမျိုးအပြောင်းအလဲတွေလုပ်ခဲ့ပြီဆိုရင် အဲဒီအပြောင်းအလဲပေါ်မှာ Resistance လို့ခေါ်တဲ့ ဆန့်ကျင်တင်းခံတာမျိုးတွေမရှိဘူး။ ဒီပြောင်းလဲသွားတဲ့အပေါ်မှာလိုက်ပြီးတော့ လိုက်လျောညီထွေပြောင်းလဲလုပ်ကိုင်မယ်ဆိုတဲ့စိတ်နဲ့ ပြောင်းလဲလုပ်ကိုင်ပေးတယ်။

ဒါကတော့ သူရှိနေရမယ့်အရည်အချင်းပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက Care & Concern ဆိုတာကတော့ သူနဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ Team Member တွေပေါ်မှာ ဂရုစိုက်မှုရှိတယ်။ အဲဒီလူတွေအတွက်ကို သူကစိတ်ပူပေးတယ်။ နောက် တစ်ချက်ကတော့ Mentor ကောင်းတစ်ယောက်ဖြစ်တယ်။ Mentor ဆိုတာက အကြီးအကဲတစ်ယောက်အနေနဲ့ သူ့အောက်မှာရှိနေတဲ့အငယ်တွေကို သင်ကြားပေးရုံတင်မကဘဲ ကိုယ့်အောက်မှာရှိတဲ့အငယ်တွေက Future မှာ Professional တစ်ယောက် ဖြစ်လာဖို့ကို ရှိရမယ့် စိတ်နေစိတ်ထား၊ လေ့လာရမယ့်အရာ၊ လမ်းကြောင်းတွေကို အစပြပေးပါတယ်။ ကျွမ်းကျင်မှုကို သင်ပေးရုံတင်မဟုတ်ဘဲနဲ့ အနာဂတ်အတွက်လမ်းကြောင်းကိုပါ ပြပေးချင်တဲ့စိတ်ရှိတယ်။ လမ်းပြပေးတယ်။ တည့်မတ်ပေးတယ်။ ဒါကလည်း သူ့မှာလုပ်ပေးချင်တဲ့စိတ်တစ်ခုရှိဖို့လိုတာ ဖြစ်ပါတယ်။

နောက်တစ်ခုက Ownership Sense ဆိုတဲ့ Owner စိတ်မျိုးရှိတယ်။ အလုပ်လုပ်တဲ့အခါကျရင် ဒီလုပ်ငန်းဟာသူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုလို သူ့စိတ်ထဲမှာယူဆပြီးတော့ ခြိုးခြံစရာရှိတာခြိုးခြံရအောင်၊ ချွေတာစရာရှိတာ ချွေတာရအောင်ဆိုပြီး Effective ဖြစ်အောင် လုပ်ဆောင်ချင်တဲ့စိတ်ရှိပါတယ်။ အဲဒီစိတ်တွေက မန်နေဂျာတစ်ယောက်ရှိနေရမယ့် စိတ်တွေထဲမှာ ပါတာပဲဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ Attitude ဖြစ်ပါတယ်။ Positive Attitude (Positive Mindset)လို့လည်း ပြောလို့ရပါတယ်။ ကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပေါင်းလက္ခဏာဆောင်တဲ့ အတွေးအခေါ်နဲ့ပဲ အလုပ်လုပ်ပါတယ်။ သူမှားနေတာရှိရင်လည်း သူကဒါကို သူတောင်းပန်စရာရှိတာကိုတောင်းပန်ဖို့ ဝန်မလေးဘူး။ သူလမ်းကြောင်းချော်သွားလို့၊ လိုအပ်လို့သူ့ကိုတည့်မတ်ပေးတယ်ဆိုရင် တည့်မတ်ပေးတဲ့အပေါ်မှာ ပြုပြင်ပေါင်းလဲလိုစိတ်ရှိပါတယ်။ အဲဒီအပေါ်မှာရွဲ့တာတို့၊ ခနဲ့တာတို့မရှိပါဘူး။ သူမှားပြီလို့ သူမြင်ရပြီဆိုတာနဲ့လမ်းကြောင်းမှန်ပေါ်ကို တည့်မတ်ဖို့ဝန်မလေးပါဘူး။ တည့်မတ်ပေးမှုကို ကြိုဆိုပါတယ်။ အဲဒီစိတ်မျိုးက မန်နေဂျာကောင်းတစ်ယောက်မှာရှိရမယ့် စိတ်မျိုးလို့ ယူဆပါတယ်။

စီမံခန့်ခွဲသူမန်နေဂျာကောင်းတစ်ယောက်မှာ ရှိရမယ့် Skill တွေအနေနဲ့ ပြောရမယ်ဆိုရင် Organizing Skills နဲ့ Delegation Skills တွေလည်းရှိဖို့လိုပါတယ်။ Organizing ဆိုတာသူ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့၊ သူနဲ့အတူတူလုပ်နေရတဲ့သူတွေနဲ့ပတ်သက်ပြီးတော့၊ သူ့ Team နဲ့ပတ်သက်ပြီးတော့ Organizing ရှိနေဖို့လိုပါတယ်။ အလုပ်တွေကပြန့်ကျဲနေတာမျိုး၊ စုစုစည်းစည်းမဖြစ်တာမျိုး၊ လူတွေကလည်း စုစုစည်းစည်း မဖြစ်ဘူး။ အလုပ်တွေကလည်း စုစုစည်းစည်းမဖြစ်ဘူး။ ဒါတွေဖြစ်မနေဘဲနဲ့ လူတွေရော၊ အလုပ်တွေရောက Organize ဖြစ်တယ်။ နောက်တစ်ခုက Delegation ဆိုတဲ့ သူ့ရဲ့အလုပ်တာဝန်တွေကို ခွဲဝေပေးတဲ့နေရာမှာ ဘယ်အချိန်မျိုးမှာတော့ ဘယ်သူ့ကိုဘယ်လောက် အလုပ်ပမာဏလောက် ဘယ်လိုခွဲဝေပေးမယ်ဆိုတဲ့ ပုံစံမျိုးတွေ၊ Skill တွေသူ့မှာရှိရပါမယ်။ နောက်တစ်ခုကတော့ Problem Solving Skills နဲ့ Decision Making Skills ရှိရပါမယ်။

ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် သူ့မှာ Problem တွေကိုကောင်းကောင်း Solve လုပ်နိုင်တယ်။ တစ်ခုခုကို ဆုံးဖြတ်ဖို့ဆိုရင် တွေဝေမနေဘူး။ ချီတုံချတုံတွေ ဖြစ်မနေဘူး။ လိုအပ်၊ လုံလောက်၊ တိကျတဲ့ ဒေတာတွေကို အချိန်မီရအောင်လုပ်တယ်။ သူနဲ့ဆိုင်တဲ့ပြေလည်စေမယ့်နည်းလမ်းတွေကို သူစဉ်းစားတယ်။ အဲဒီအပေါ်မှာ သူ Evaluate လုပ်တယ်။ ပြီးသွားပြီဆိုရင် သူအကောင်းဆုံး Decision ကိုချတယ်။ Decision ကလည်း အချိန်မီချတဲ့ Decision မျိုးဖြစ်တယ်။ နောက်တစ်ခုက Communication ဆက်သွယ်ပြန်ကြားမှု Skill ကောင်းတယ်။ တစ်ခုခုဆို ဘယ်အခြေအနေရောက်နေပြီ။ ဘယ်လောက်တော့ အဆင်ပြေနေပြီ။ ဘယ်နားလေးမှာတော့ ထစ်နေပြီဆိုပြီးတော့ Communication သူ့မှာ အမြဲတမ်းရှိပါတယ်။ Reporting အမြဲတမ်းလုပ်တယ်။ သူနဲ့အတူတူရှိနေတဲ့ ဝန်ထမ်းတွေကို Motivate လုပ်တယ်။ ဒီအလုပ်မှာ လုပ်ချင်ကိုင်ချင်စိတ်တွေရှိပြီးတော့ လှုပ်ရှားတက်ကြွနေဖို့ကို အမြဲတမ်းလှုံ့ဆော်မှုတွေ၊ လှုံ့ဆော်နိုင်စွမ်းတွေရှိပါတယ်။ နောက်တစ်ခုကတော့ Commercial Awareness လို့ခေါ်တဲ့ ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး သိတာမျိုးမဟုတ်ဘဲ ဒီ Business နဲ့ဆက်နွှယ်ပြီးတော့ Trend တွေက ဘယ်လိုသွားနေတယ်၊ အခုခေတ်မှာတော့ ကိုယ့်ရဲ့လုပ်ငန်းတွေက ဘယ်လိုအခြေအနေမှာရှိတယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ Trend တွေ၊ Commercial Trend တွေကို သိတယ်။ သူ့ဌာနလေးတစ်ခုပဲကွက်ကွက်လေးပဲ သူသိတာမဟုတ်ဘူး။ Business နဲ့အတူလိုက်ပြီးတော့ ကိုယ့်ရဲ့တာဝန်ယူရတဲ့အလုပ်တွေကို Trend တွေနဲ့အတူသွားပေးနိုင်စွမ်းရှိတယ်။ နောက်ဆုံးတစ်ခုကတော့ Interpersonal Skill ပဲ ဖြစ်ပါတယ်။ သူ့ရဲ့အဖွဲ့အစည်းတွင်းမှာရှိနေတဲ့သူတွေနဲ့အတူတူ ပြောဆို ဆက်ဆံရတဲ့ Skill ကောင်းတွေရှိတယ်။ ပြောဆိုဆက်ဆံတဲ့အခါမှာ ဆက်ဆံရေးတွေက ကောင်းမွန်မှုတွေရှိဖို့ လိုပါတယ်။ ဒါတွေကတော့ မန်နေဂျာကောင်းတစ်ယောက်မှာရှိနေရမယ့် Skill ကောင်းတွေပဲ ဖြစ်ပါတယ်။

မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာဖို့ကို ရှိနေရမယ့် စိတ်ဓာတ်တွေ၊ အရည်အချင်းတွေ ဒါတွေကို ဖြည့်ဖို့ဆိုရင် ဘယ်လိုဖြည့်ရမလဲ။ အဲဒီ Organization မှာ Job Specification လို့ခေါ်တဲ့ ရာထူးတစ်ခုချင်းစီအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းတွေ ရေးဆွဲထားတာရှိလားဆိုတာ ကြည့်ရပါမယ်။ ရေးဆွဲထားတယ်ဆိုရင်တော့ ဒီပေါ်မှာကြည့်လို့လွယ်ပါတယ်။ ရေးဆွဲထားတယ်ဆိုရင်တော့ ရာထူးတစ်ခုချင်းစီအလိုက်ရှိရမယ့် အရည်အချင်းတွေကို ကြည့်လိုက်မယ်။ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကိုကြည့်ပြီး ယှဉ်လိုက်မယ်ဆိုရင်ဘာဖြည့်ရမလဲဆိုတဲ့ Gap ထွက်လာမှာပဲ ဖြစ်ပါတယ်။ အဲဒီ Gap ကို ဖြည့်ဖို့ ကိုယ်စဉ်းစားရမယ်။ အဲဒါကို ဖြည့်ဖို့ဆိုရင် အတွေ့အကြုံတွေကိုဖြည့်မယ်။ နောက်တစ်ခါ သီအိုရီတွေ သိအောင်လုပ်မယ်။ အတွေ့အကြုံကိုဖြည့်မယ်ဆိုရင်တော့ သူများရဲ့အတွေ့အကြုံကိုလည်းယူလို့ရတယ်။ ကိုယ့်အတွေ့အကြုံကိုလည်း ရှာလို့ရပါတယ်။ သူများအတွေ့အကြုံတွေကို များများလိုချင်တယ်ဆိုရင်တော့ Observation ကောင်းဖို့လိုပါတယ်။ Learning ကောင်း ကောင်းလုပ်ဖို့လိုတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ အတွေ့အကြုံကို ကောင်းကောင်းလုပ်ချင်တယ်ဆိုရင်တော့ Participation ကောင်းဖို့ လိုပါတယ်။

ကိုယ်ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်တဲ့အခါကျတော့ အတွေ့အကြုံတွေအများကြီးရှိလာမှာပဲ ဖြစ်ပါတယ်။ အခက်အခဲတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ အတွေ့အကြုံရော၊ သူများရဲ့အတွေ့အကြုံတွေကိုပါ လေ့လာပြီးသွားပြီဆိုရင် ဒုတိယတစ်ဆင့်ကတော့ Refresh ပြန်လုပ်ရပါမယ်။ ငါတို့ဒီလိုတွေ့ကြုံခဲ့တဲ့အချိန်မှာ ဘာတွေဖြစ်သွားတာလဲ။ အခြေအနေတွေက ဘာတွေဖြစ်သွားတာလဲ။ ပြန်လည်စဉ်းစားသုံးသပ်တာတွေ လုပ်ရပါမယ်။ စဉ်းစားသုံးသပ်ပြီးသွားပြီဆိုရင်တော့ အကျဉ်းချုပ်ပြန်ချုပ်ပြီးတော့ နောက်ဆုံးဘယ်လိုအခြေအနေ ဖြစ်သွားတာလဲ။ နောက်ဆုံး Result ကဘာဖြစ်သွားလဲဆိုတဲ့ Abstarct ကို ကြည့်ရပါမယ်။

Abstract ပြီးသွားပြီဆိုရင်တော့ ဖြစ်လာတဲ့အနှစ်ချုပ်ပေါ်မှာမူတည်ပြီးတော့ ကိုယ်ကိုယ်တိုင်ကျရင် ဘယ်လိုလုပ်ကြည့်မလဲဆိုပြီးတော့ လက်တွေ့ပြန်လုပ်ကြည့်ဖို့ လိုပါတယ်။ ဒါကို Active Experimentation လို့ ခေါ်ပါတယ်။ Active Experimentation ကို လုပ်ကြည့်လိုက်မယ်ဆိုရင် အတွေ့အကြုံသစ်တွေ ထပ်ရလာမှာပဲဖြစ်ပါတယ်။ သူများအတွေ့အကြုံမှာမူတည်ပြီးတော့ Refresh လုပ်တယ်။ Abstract လုပ်တယ်။ နောက်ကိုယ်တိုင်တကယ်ကို စမ်းပြီးတော့ လုပ်ကြည့်လိုက်မယ်ဆိုရင်တော့ အတွေ့အကြုံနဲ့ဆိုင်တဲ့ Knowledge တွေရလာမယ်။ သီအိုရီနဲ့ဆိုင်တဲ့ စာတွေ့နဲ့ဆိုင်တဲ့၊ လက်တွေ့တွေ လုပ်ချင်တယ်ဆိုရင် တော့ E-Learning တွေ လုပ်ဖို့လိုတယ်။ နောက် Classroom Learning တွေလုပ်ဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ Organization တစ်ခုမှာ PDP (Personal Development Program) တွေရှိတယ်ဆိုရင် Personal Development Program တွေအတိုင်းကို ကိုယ်က လိုက်လုပ်ကိုင်မယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ Knowledge ၊ Skill ၊ Attitude တွေ အချိန်မီ ပြောင်းလဲရရှိသွားမယ်လို့ ပြောချင်ပါတယ်။