၀င်ရောက်နှောင့်ယှက်ဟန့်တားပါ

မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ

ယခင်လမှအဆက်

ရှိရှိသမျခွန်အားတွေကို နည်းဗျူဟာဆိုင်ရာကိစ္စတွေအတွက်သာ ပုံအောသုံးစွဲနေကြသူများဟာ ရေတိုအကျိုးစီးပွားကိုသာ ကြည့်လုပ်နေကြသူတွေဖြစ်တယ်။ ရေရှည်မျော်မှန်းချက်ထားတဲ့ မဟာဗျူဟာအောင်မြင်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေကြသူများဟာ နောက်ဆုံးမှာရေတိုသမားများကို ကျော်လွှားလွှမ်းမိုးသွားကြမှာဖြစ်တယ်။

မိမိတို့ရဲ့ကုန်ပစ္စည်းများ ရောင်းထွက်ရေးနဲ့ကြော်ငြာရေးတွေမှာ ရေတိုနည်းပညာကို အလွန်အကျူးအသုံးပြုနေကြတာကို တွေ့နိုင်တယ်။ သူတို့ဟာ လောလောဆယ်ကုန်ပစ္စည်းရောင်းထွက်ရေးကိုပဲ အာရုံစိုက်ကြတယ်။ ရေရှည်ရောင်းသွားနိုင်ရေးနဲ့ ဖောက်သည်တွေနဲ့ ရေရှည်ဆက်သွယ်သွားနိုင်ရေးကိုထည့်မတွက်ကြဘူး၊ ဈေးချိုတယ်ဆိုတဲ့အချက်ကိုပဲ အာရုံစိုက်နေကြတယ်။ ဒါနဲ့ပတ်သက်ပြီး သတိပြုရမယ့်အချက်တစ်ချက်ရှိတယ်။ အဲဒါကတော့ဝယ်သူတွေဟာ ဈေးချိုလို့ဝယ်ကြတာမဟုတ်ဘူး၊ ရောင်းသူတွေကသာ ဈေးကိုအဓိကထားရောင်းနေကြတယ်ဆိုတဲ့အချက်တွေပဲဖြစ်တယ်။

ရေရှည်ရည်မှန်းချက်ကို မှန်ကန်စွာထည့်သွင်းရေးဆွဲထားတဲ့ မဟာဗျူဟာတစ်ရပ်ဟာ လောလောဆယ်ရရှိတဲ့အကျိုးအမြတ်နဲ့ ပဋိပက္ခဖြစ်နေနိုင်ပါတယ်။ ရေရှည်အတွက်ရေးဆွဲထားတဲ့ မဟာဗျူဟာသဘောတရားအရ မှန်ကန်တယ်ဆိုပေမယ့် ကြားကာလမှာ ရေတိုနည်းတွေသုံးရင်း ရှိသမျငွေအား၊ လူအားတွေကုန်ခန်းသွားနိုင်တယ်။

စစ်ပွဲတွေကို နည်းဗျူဟာသုံးပြီးအောင်နိုင်ပါတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေမှာတော့ ရေရှည်အောင်မြင်ရေးအတွက် မဟာဗျူဟာနဲ့ နည်းဗျူဟာတို့ကို မှန်ကန်မျတစွာသုံးစွဲသွားမှရနိုင်တယ်။ ရေရှည်မဟာဗျူဟာအရအကျိုးအမြတ်ရရှိရေးအတွက်အတွေးနဲ့အလုပ်ကို မှန်မှန်ကန်ကန် ပေါင်းစပ်တတ်ဖို့လိုတယ်။

ရန်သူ့နယ်မြေကို တိုးဖောက်တိုက်ခိုက်နိုင်တဲ့တပ်မှူးများဟာ အဲဒီလိုဝင်ရောက်တိုက်ခိုက်သွားနိုင်တာဟာ မိမိတို့အတွက် အကျိုးရှိအောင်သုံးနိုင်တဲ့ အခွင့်အလမ်းတွေဖြစ်ကြောင်းသိရှိကြတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတွေမှာရှိတတ်တဲ့ တာဝန်ရှိသူအချင်းချင်းလုပ်ငန်းအရ ဆက်သွယ်ရာမှာလိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်းတွေလုပ်နည်းလုပ်ဟန်တွေကြားမှာ အထက်ဖော်ပြပါအချက်ကို အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်သွားတတ်တယ်။

အဖွဲ့အစည်းတွေမှာ အပြောင်းအလဲတွေဖြစ်စေချင်ရင် လုပ်နည်းလုပ်ဟန်တွေ အစဉ်အလာစည်းကမ်းနည်းလမ်းတွေကို ပြောင်းရမယ်။ အပြောင်းအလဲလုပ်ချင်တဲ့ မန်နေဂျာများအတွက် အခက်ခဲဆုံးတစ်ခုကတော့ ရှေးရိုးစဉ်လာလုပ်နည်းကိုင်နည်းတွေကို အစွဲအလမ်းကြီးပြီး ကြောက်နေတာပဲဖြစ်တယ်။ အထက်ပိုင်းအဆင့်မန်နေဂျာများက ဗဟိုချုပ်ကိုင်မှုကိုလျော့ချလိုက်ဖို့ ကြိုးစားကြပေမယ့် အောက်ကငယ်သားတွေက အထက်အမိန့်ကိုစိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းနေသေးတာတွေကိုတွေ့ရတယ်။ ဒါကြောင့် အဖွဲ့အစည်းအတွင်း လုပ်နည်းလုပ်ဟန်ပြောင်းချင်တဲ့ ဦးစီးခေါင်းဆောင်များဟာ နောက်လိုက်တပ်သားများကို မိမိတို့ဖြစ်စေချင်တဲ့အတိုင်း အမြဲပြောပြနေကြဖို့လိုပါတယ်။

ဆွန်ဇူးကအောက်ပါအတိုင်းပြောတယ်။

စစ်ဆင်ရေးဟာ မီးနဲ့တိုက်ခိုက်တဲ့နည်း ငါးနည်းရှိတယ်။

၁။ စခန်းထဲမှာရှိတဲ့ ရန်သူစစ်သားတွေကို မီးနဲ့တိုက်ခိုက်ခြင်း၊

၂။ စားနပ်ရိက္ခာများကို မီးရှို့ပစ်ခြင်း၊

၃။ တိုက်ပွဲအတွက် လိုအပ်တဲ့စစ်သုံးပစ္စည်းများကို သယ်လာတဲ့ယာဉ်များကို မီးရှို့ပစ်ခြင်း၊

၄။ လက်နက်ခဲယမ်းမီးကျောက်နဲ့ ကျန်တပ်များကို မီးရှို့ပစ်ခြင်းနဲ့

၅။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို မီးရှို့ပစ်ခြင်းတို့ဖြစ်ကြတယ်။

မီးရှို့ပစ်နိုင်ရေးအတွက် မီးမွှေးဖို့လောင်စာများကို အမြဲအသင့်ရှိနေစေရမယ်။ မီးရှို့တိုက်ခိုက်ဖို့အတွက် သင့်တော်တဲ့ရာသီဥတုအချိန်အခါရှိကြတယ်။ မီးအကြီးအကျယ်လောင်ဖို့အတွက် အထူးသင့်တော်တဲ့ နေ့ရက်တွေလည်းရှိတယ်။ နက္ခတ်တာယာတွေနဲ့ယှဉ်တဲ့လရဲ့အနေအထားဟာ တစ်နေ့လုံးလေပြင်းတွေကိုတိုက်ခတ်လေ့ရှိတယ်။

မီးနဲ့တိုက်ခိုက်ရာမှာ ပြောင်းလဲနေတဲ့အခြေအနေငါးရပ်ကိုလိုက်ပြီးတုံ့ပြန်ဆောင်ရွက်ရတယ်။

၁။ ရန်သူရဲ့စခန်းတွင်းမှာ မီးလောင်သွားရင် အပြင်ကနေပြီး သင့်တော်သလိုချက်ချင်းဆောင်ရွက်ပါ။

၂။ မီးလောင်နေပေမယ့် ရန်သူ့စစ်သားတွေက အေးအေးဆေးဆေးပဲ ငြိမ်သက်နေရင်သွားမတိုက်နဲ့ဦး၊ အချိန်ဆွဲထားပါ။

၃။ မီးတောက်တွေဟာ အရှိန်အဟုန်နဲ့မြင့်တက်လာပြီဆိုရင် တိုက်လို့ရရင်တိုက်ပါ။ မဟုတ်ရင်တော့ မိမိတို့နေရာမှာပဲနေမြဲနေပါ။

၄။ အပြင်ဘက်ကနေမီးတောက်တွေကြီးမားပြင်းထန်လာ အောင်လုပ်နိုင်ရန် အတွင်းထဲကစပြီး မီးတောက်တဲ့အချိန် ထိစောင့်နေဖို့မလိုဘူး၊ သင့်တော်တဲ့အချိန်မှသာ မီးနဲ့တိုက်ခိုက်ပါ။

၅။ မီးကလေညာကစတင်တယ်ဆိုရင် လေစုံဘက်ကနေ မတိုက်ခိုက်ပါနဲ့။ လေကနေ့ခင်းဘက်မှာဆက်တိုက်နေရင် ညကျတော့ရပ်တန့်သွားတတ်တယ်။

အထက်ပါအခြေအနေငါးရပ်ကိုကြည့်ပြီး သင့်တော်သလိုဆောင်ရွက်ပါ။ မီးကိုသုံးပြီးတိုက်ရင် ခိုင်မာတဲ့အကျိုးရလဒ်တွေရနိုင်တယ်။ ရေလွှမ်းမိုးနေတာကို အသုံးချပြီးတိုက်ခိုက်ရင် အင်အားပိုမိုကောင်းမွန်စွာတိုက်ခိုက်နိုင်တယ်။ ရေကရန်သူကို အဆက်အသွယ်ပြတ်သွားအောင်လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ရိက္ခာနဲ့လက်နက်ကိရိယာတွေကိုတော့ လုံးဝပြတ်သွားအောင် မလုပ်နိုင်ဘူး။

မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်

Swatch Watch ဆိုတဲ့နာရီကို ဂျာမဏီနိုင်ငံမှာ စတင်ကြော်ငြာတုန်းကကိုက် ၁၂၀ ရှည်ပြီး စက်လည်းသွားနေတဲ့ တကယ့်နာရီကြီးကို ခင်းကျင်းပြသပြီးကြော်ငြာခဲ့ပါတယ်။ ကွန်ပျူတာဆော့ဖ်ဝဲအကျိုးအမြတ်ရနိုင်ပုံကို ထင်ထင်ရှားရှားကြီးသိမြင်သွားဖို့ ရည်ရွယ်ပြီးတစ်ဒေါ်လာတန်ဒေါ်လာငွေစက္ကူများကို ဒေါ်လာတစ်သန်းဖိုးထိရှိအောင်အထပ်ထပ်ထားပြီး ၂၀ ထိ မြင့်အောင် ဧရာမပြကွက်ကြီးဖန်တီးပြီး ကုန်စည်ပြပွဲတစ်ခုမှာပြသခဲ့တယ်။ ဒါအပြင် FedEx ဆိုတဲ့ ဈေးဆိုင်ကြီးကလည်း သူ့ဖောက်သည်တွေဆီ ကော်ဖီ၊ ကိတ်မုန့်သုံးသောင်းကို အိမ်အရောက်ပို့ဆောင်ပေးခဲ့တယ်။ ကုန်ပစ္စည်းရောင်းထွက်ရေးအတွက် အဲဒီလိုအကြီးအကျယ် ကြော်ငြာခဲ့ကြတာပါ။

စစ်တပ်ရဲ့တပ်မှူးတိုင်းဟာ တိုက်ပွဲတွေမှာ မိမိတို့တပ်ကရန်သူ့နယ်မြေထဲ ထိုးဖောက်နိုင်ရေးကြိုးစားကြတယ်။ စီးပွားရေးလောကမှာလည်း ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် အရေအတွက်ကိုဦးစားပေးလုပ်ကိုင်ကြတယ်။ ပြိုင်ဘက်တွေကလည်း အလားတူကြိုးစားလို့ မအောင်မြင်တိုင်းနောက်ထပ်နည်းနည်းထပ်ကြိုးစားနေစဉ်မှာပဲ ပြိုင်ဘက်ကုမ္ပဏီကနောက်လူထက်သာအောင် အများကြီးထပ်ကြိုးစားလာတယ်။ ဒီတော့ ဘယ်သူအောင်ပွဲခံမလဲ စဉ်းစားကြည့်ပါ။

အောင်မြင်တယ်ဆိုတာ အသေအချာစီမံချက်ချပြီး အတူလံ့ုလစိုက်ထုတ်လုပ်ကိုင်လို့ဖြစ်ပါတယ်။ ရန်သူ့နယ်မြေကို ထိုးဖောက်နိုင်ဖို့ဆိုရင် အောက်ပါအချက်နှစ်ချက်နဲ့ပြည့်စုံရမယ်လို့ စစ်ရေးဆိုင်ရာ ခေါင်းဆောင်များက ပြောကြပါတယ်။

၁။ ရန်သူဖရိုဖရဲဖြစ်သွားအာင်လုပ်ပါ။

အဲဒီလိုဖြစ်သွားမှ ကိုယ်လုပ်ချင်တာ လုပ်လာနိုင်တယ်။

၂။ ဒီအခွင့်အရေးကို အသုံးချတိုက်ပါ။

ရန်သူ့ရဲ့အခြေအနေပုံမှန်ပြန်မရောက်ခင် မိမိကအသုံးချနိုင်ဖို့လိုတယ်။ ဝင်ရောက်နှောင့်ယှက်ဟန့်တားတဲ့ နည်းများကိုသုံးတဲ့အခါ တစ်ပါးသူကို စာနာစိတ်ရှိဖို့နဲ့ စော်စော်ကားကား မဖြစ်ဖို့လည်းလိုပါတယ်။

ညွန့်သောင်း