၀င်ငွေလျော့ကျနေတဲ့ Netflix က ဝန်ထမ်း ၃၀၀ ထပ်မံလျှော့ချ

ဒီတစ်ပတ်ကြာသာပတေးနေ့တုန်းက အင်တာနက်ကနေဗီဒီယိုများထုတ်လွှင့်ပြသခြင်းလုပ်ငန်းကြီး Netflix ဟာ ဒုတယအကြိမ်အနေနဲ့ အလုပ်သမားလျှော့ချခြင်းကို ဒီတစ်ပတ်ရဲ့ ကြာသာပတေးနေ့တုန်းက ပြုလုပ်ခဲ့ပါတယ်။ ဒါက သူ့ရဲ့ လစဉ်ကြေးပေးသွင်း ကြည့်ရှုသူဦးရေလျော့ကျခြင်း ဒဏ်ကို ကာမိစေဖို့နဲ့ ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေးနှုန်းကျဆင်းခြင်းကို ကာမိစေဖို့လုပ်ရတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။


ပြီးခဲ့တဲ့လတုန်းကတော့ Netflix က ကုမ္ပဏီရဲ့ဈေးကွက်မြှင့်တင်ရေးဌာနဘက်က ဝန်ထမ်းတွေအပါအဝင် ဝန်ထမ်း ၁၅၀ ကိုအလုပ်ကရပ်နားခဲ့ပါသေးတယ်။


အခု ဒုတိယအကြိမ် လျှော့ချအပြီး ကုမ္ပဏီအနေနဲ့ ဒီအွန်လိုင်းကနေရုပ်ရှင် ဗီဒီယိုများထုတ်လွှင့်ခြင်း ကဏ္ဍမှာ ဆက်လက်ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားဦးမှာဖြစ်ကြောင်း၊ ဒီလိုလျှော့ချရတာကလည်း ဝင်ငွေတိုးတက်နှုန်းနှေးကွေးသွားခြင်းနဲ့ ကာမိစေမယ့် ကုန်ကျစရိတ်တွေဖြစ်အောင် တစ်ဖက်တစ်လမ်းက လုပ်တဲ့အနေအထားဖြစ်ကြောင်းလည်းထုတ်ပြန်ပါတယ်။


ကုမ္ပဏီဟာ လစဉ်ကြေးပေးသွင်းသူတွေအနေနဲ့ အကောင့်တစ်ခုတည်းဝယ်ပြီးလူတွေမျှသုံးနေတာနဲ့ပတ်သက်လို့ တင်းကြပ်စိစစ်ဖျက်ချလိုက်အပြီးမှာ ဧပြီလကစလို့ လစဉ်ကြေးပေးသွင်းဖတ်ရှုသူ နှစ်သိန်းကျော်ကိုဆုံးရှုံးသွားတာဖြစ်ပါတယ်။ ဒီနှစ် ဒုတိယသုံးလပတ်မှာလည်း နောက်ထက် ၂ သန်းလောက်လျော့ကျဆုံးရှုံးရဖို့ရှိကြောင်း တွက်ချက်ထားတယ်လို့ လည်း ကုမ္ပဏီက ပြောဆိုထားတာပါ။ စုစုပေါင်းအနေနဲ့ Netflix မှာက လစဉ်ကြေးပေးသွင်းကြည့်ရှုသူပေါင်း ၂၂၂ သန်းနီးပါးရှိတာလည်းဖြစ်ပါတယ်။


ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအကြပ်အတည်းကို တစ်ဖက်တစ်လမ်းက ပြေလည်စေဖို့ လစဉ်ကြေးနည်းပြီး ကြော်ငြာတွေပါတဲ့ subscription အမျိုးအစားကိုလည်း ထည့်သွင်းမိတ်ဆက်သွားဖို့ရှိတယ်လို့ဆိုထားပါတယ်။ ဒီဆုံးဖြတ်ချက်က နှစ်ပေါင်းများစွာ ကြော်ငြာတွေထည့်သွင်းဖို့ ငြင်းပယ်တောင့်ခံခဲ့တဲ့ Netflix အတွက်တော့ ထူးခြားတဲ့နည်းဗျူဟာ အရွေ့တစ်ခုဖြစ်ပါတယ်။


ဒီနှစ်ကုန်ပိုင်းလောက်မှာ ဒီကြော်ငြာပါတဲ့ subscription service ကို မိတ်ဆက်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်တွေက ပြောပါတယ်။ ဒီလိုကြော်ငြာထည့်သွင်းဖို့ကိုလည်း တခြားလုပ်ငန်းတွေအများကြီးနဲ့ ပြောဆိုညှိနှိုင်းမှုတွေလုပ်နေတာပါ။
လစဉ်ကြေးလျှော့ချပြီးကြော်ငြာထည့်တာက ကုမ္ပဏီကို ဝင်ငွေတိုးလာလောက်စေပေမယ့် နဂိုရှိပြီးသားလစဉ်ကြေးပေးသွင်းတဲ့ အသုံးပြုသူတွေက ပိုက်ဆံသက်သာအောင် သူတို့ subscription plan ကို ပြောင်းယူလာတာမျိုးလည်းများနိုင်တာကို ထည့်စဉ်းစားစီစဉ်ဖို့လိုမယ်လို့ ကျွမ်းကျင်သူတွေကတော့ သုံးသပ်ကြပါတယ်။


ဝင်ငွေအနည်းအများမမျှကြတဲ့ နဂိုရှိရင်းစွဲ Netflix ရဲ့ လစဉ်ကြေးပေးသွင်းကြည့်ရှုသူတွေအနေနဲ့ သူတို့ကုန်ကျစရိတ်သက်သာအောင်လုပ်လာခဲ့ကြရင်တော့ အခုလို ကြော်ငြာထည့်/လစဉ်ကြေးလျှော့တဲ့ အစီအစဉ်က ကုမ္ပဏီကိုပဲ ပြန်ထိခိုက်စေပါလိမ့်မယ်လို့ Bank of America က Analyst တစ်ယောက်က ရင်းနှီးမြှုပ်နှံသူတွေဆီရေးတဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

Ref : BKK Post