အွန်လိုင်းမှတစ်ဆင့်အိမ်တိုင်ရာရောက် အစားအသောက်ပေးပို့ ခြင်းလုပ်ငန်း

လွန်ခဲ့သော ၄ နှစ်ခန့်တွင် ရန်ကုန်မြို့တွင် စက်ဘီးနှင့် ကားများကြားတွင် လှစ်ကနဲ လှစ်ကနဲ သွားလာလှုပ်ရှား နေသည့် အိမ်တိုင်ရာရောက် အစားအသောက်ပေးပို့ခြင်းလုပ်ငန်းမှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါသည်။ ကျွန်တော့် အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးအိမ်တိုင်ရာရောက်အစားအသောက်ပေးပို့ခြင်း လုပ်ငန်းစတင်သူ အီဂျစ်နိုင်ငံ သားကို တွေ့ဆုံအင်တာဗျူးခွင့်ရရာ စိတ်ဝင်စားဖွယ်ရာမှာ သူ၏လိုအပ်ချက် (နောင်တွင်ဖောက်သည်များ၏လိုအပ်ချက်) အတွက် သူ့မူရင်းနိုင်ငံတွင် တွေ့ကြုံခဲ့ရသော အတွေ့အကြုံကို အခြေခံ၍ နယ်မြေသစ်ဖြစ်သည့် ရန်ကုန်မြို့တွင် ကိုယ်တိုင် တစ်လမ်းဝင် တစ်လမ်းထွက် စက်ဘီးစီးလေ့လာပြီးမှ အွန်လိုင်းမှ တစ်ဆင့်မှာလျှင် အိမ်တိုင်ရာရောက် အစားအသောက် ပို့ဆောင်ပေးသော လုပ်ငန်းကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့လေသည်။ ယခုခေတ်ကာလတွင် ကျွန်တော်တို့ စီးပွားရေးခေါင်းဆောင်များနှင့် မန်နေဂျာများလည်း နိုင်ငံတကာသို့ လှည့် လည်သွားလာလျက်ရှိရာ ဈေးကွက်၏လိုအပ်ချက်နှင့် မိမိတို့၏ အတွေ့အကြုံ၊ ဗဟုသုတပေါင်းစပ်၍ လုပ်ငန်း ခွင်အသစ်များ ဖန်တီးစေလိုပါသည်။

ဤအစားအသောက် အိမ်တိုင်ရာရောက်ပေးပို့ခြင်းလုပ်ငန်းကို ၂၀ဝ၀ ပြည့်နှစ်တွင် ၄၁ နှစ်အရွယ် ဒတ်ချ်လူမျိုး Jitse Groen က တက္ကသိုလ်အိပ်ခန်းဆောင်လေးတစ်ခုမှ အွန်လိုင်းမှတစ်ဆင့် စတင်ခဲ့ပါသည်။ ယခုအခါ သူ၏ Takeaway.com မှာ ဥရောပတွင် Just Eat ကဲ့သို့ အကြီးဆုံးလုပ်ငန်းကြီးဖြစ်နေပါသည်။ ယခုအခါ အဆိုပါလုပ်ငန်းသည် စိတ်ဝင်စားမှုအများဆုံးရရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်လာရာ Amazon ၊ Alibaba နှင့် Soft Bank တို့ကဲ့သို့ အုပ်စုများ၏ စိတ်ဝင်စားမှုခံနေရပါသည်။ လောလောဆယ်တွင် အဆိုပါလုပ်ငန်း တွင် အုပ်စုနှစ်ခုရှိနေပါသည်။ တစ်အုပ်စုမှာ လက်ရှိငွေကြေးအကျိုးအမြတ်ရရှိရသည့် Grub-hub (အမေရိကန်နိုင်ငံ)၊ Just East နှင့် Takeaway (ဥရောပ) တို့ဖြစ်ပြီး လောလောဆယ် ၁၈ ဘီလီယံတန်သည်ဟု ခန့်မှန်းကြပါသည်။ အခြားအုပ်စုမှာ အရှုံးဖြင့် တိုးဝင်လာသည့် အုပ်စုဖြစ်ပြီး ဥပမာ- Meituan (တရုတ်နိုင်ငံ)၊ Delivery Hero (ဂျာမနီနိုင်ငံ)၊ Uber Eats ၊ Ele.me (Alibaba)၊ Door Dash (ဆန်ဖရန်စစ္စကို) နှင့် Deliveroo (လန်ဒန်) တို့ ဖြစ်ပါသည်။

ထိုကုမ္ပဏီတို့၏ အဓိကလုပ်ငန်းမှာ ကုန်ပစ္စည်းဖြန့်ချိခြင်းလုပ်ငန်းဖြစ်ရာ အစားအသောက်ပို့ ဆောင်ခြင်းအတွက်မှာ ဆက်စပ်လုပ်ငန်းဖြစ် အကျိုးအမြတ်ကို စားသောက်ဆိုင်များနှင့် ပစ္စည်းပေးပို့သူတို့နှင့် ခွဲဝေကြပါသည်။ ၂၀၁၈ ခုနှစ်တွင် လုပ်ငန်းစုတစ်ခုလုံး၏ ပမာဏမှာ ၁၆၁ ဘီလီယံဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် တစ်ထရီလီယံရှိမည်ဟု ခန့်မှန်းထားကြလေသည်။

မြန်မာနိုင်ငံတွင်လည်း Yangon Door2Door , Food2U, FoodMall, HiSo … တို့ကဲ့သို့ ပြည်တွင်းလုပ် ငန်းများနှင့် Food Panda (ဂျာမနီ)၊ GrabFood (စင်ကာပူ) တို့အထိ တိုးဝင်လာပြီဖြစ်ပါသည်။ စက်ဘီးကို အဓိကအသုံးချသဖြင့် ပညာရေးတော်ရုံတန်ရုံရှိသူတစ်ဦးအနေဖြင့် ကျန်းမာသန်စွမ်းပါက ထိုအလုပ်ကို လုပ်ကိုင် နိုင်ရာ အလုပ်အကိုင်အခွင့်အရေးတစ်ခု ဖန်တီးနိုင်ပြီဖြစ်ပါသည်။ သို့သော် စည်းကမ်းတကျ အထူးသဖြင့် လမ်း စည်းကမ်းလိုက်နာရန်၊ စက်ဘီးနှင့် စက်ဘီးဝါသနာပါသူများအတွက် အသက်အန္တရာယ်မကြုံတွေ့ရန် လိုအပ် သည့် ပစ္စည်းများတပ်ဆင်အသုံးပြုစေခြင်း၊ မိမိတို့၏ အရည်အသွေးကို ထိန်းသိမ်းရန်၊ ဖောက်သည်များနှင့် ဆက်ဆံရေး စသည်တို့ကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် အကျိုးအမြတ်လည်းရ၊ အလုပ်အခွင့်ရေးဖန်တီး သည့်လုပ်ငန်းမျိုးအဖြစ် ရေရှည်ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း … ။

Ref : The Economist,

မောင်သာ