အောင်မြင်သူတို့ ပြုလေ့ရှိသောအချက်ပေါင်း ၁၀၀

ယခင်လမှအဆက်

၄။ စိတ်လှုပ်ရှားခံစားရာတွင် လိမ္မာပါးနပ်ပါ။

”ဘဝဆိုသည်မှာ သင်အမှန်တကယ်ဖြစ်ပျက်နေခြင်းက ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ကျန် ၉၀ ရာ ခိုင်နှုန်းမှာ ယင်းဖြစ်ပျက်မှုများအပေါ် သင်၏တုံ့ပြန်မှုများဖြစ်သည်။”
Charles R. Swindoll

အလွယ်တကူဒေါသထွက်၊ မနာလိုဝန်တိုမှုများ ပြုမူမိခြင်း၊ သို့မဟုတ် အလွယ်တကူ ရန်စခံရခြင်းများကြောင့် မစဉ်းစားဘဲတုံ့ပြန်မိခြင်းအားဖြင့် အပြစ်ဖြစ် ခဲ့ဖူးပါသလား၊ သင့်ခံစားမှုများကို မထိန်းချုပ်နိုင်ခြင်းက အောင်မြင်သည့်ဘဝရရှိနိုင်မည့် အခွင့်အရေးများကိုထိခိုက်စေနိုင်ပေသည်။ အောင်မြင်ခြင်းနှင့် ဆုံးရှုံးမှုကြားကွဲပြားခြားနားခြင်းမှာ အလွယ်တကူပင်ဖြစ်နိုင်ပေသည်။

”စိတ်လှုပ်ရှားမှုဆိုင်ရာ လိမ္မာပါးနပ်မှု” EQ (Emotional Intelligence) အားနည်းခြင်းကို ကျွနု်ပ်တို့ဝန်းကျင်တွင် အများအပြားပင် တွေ့မြင်နေရသည်။ EQ ခေါ် စိတ်လှုပ်ရှားမှုဆိုင်ရာလိမ္မာပါးနပ်မှုသည် မျတပြည့် စုံသည့် ဘဝတစ်ခုအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်သည်။ အောင်မြင်သည့် လက်တွဲဖော်၊ မိဘ၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ရန်အတွက် အခြေခံအုတ်မြစ်လည်းဖြစ်သည်။ အောင်မြင်နေသည့် အသက်မွေးလုပ်ငန်း၊ အိမ်ထောင်၊ မိသားစုနှင့် စီးပွားဖက်တို့သည် တဒင်္ဂ စိတ်လှုပ်ရှား ပေါက်ကွဲမှုများကြောင့် ပျက်စီးခြင်းသို့ ရောက်ရသည့်အဖြစ်များလည်း ရှိပေသည်။ တစ်စုံတစ်ဦးနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်၊ ဒေါသထွက်မည်ဆိုလျင် မိမိကိုယ်မိမိထိန်းကွပ်မှုမှ လွတ်မသွားစေ ရန်၊ မစဉ်းမစား ချက်ချင်းတုံ့ပြန်မှုမျိုးမဖြစ်စေရန်၊ ”ကြီးမားစွာ သတိထားပြီးမှ” တုံ့ပြန်ပါ။ သင့်စိတ်ခံစား၊ လှုပ်ရှားမှုများကြောင့် အထိန်းအကွပ်လွတ်သွားခြင်းအတွက် ဝန်ချတောင်းပန်စကားများကို တစ်သက်လုံးပြောနေနိုင်မည်မဟုတ်ပေ။

တစ်ပါးသူ၏နေရာတွင်နေကြည့်ခြင်း၊ လောကကြီးကို တစ်ပါးသူ၏အမြင်နှင့် ကြည့်နိုင်ရန်ကြိုးစားခြင်းသည် မြင့်မားသော စိတ်လှုပ်ရှားမှုဆိုင်ရာ လိမ္မာပါးနပ် ခြင်းအရည်အသွေးနှင့် စာနာတတ်ခြင်း၏ လက္ခဏာတစ်ခုပင်ဖြစ်သည်။ အလွန်စာနာတတ်သော ပုဂ္ဂိုလ်တို့သည် စိတ်လွတ်ကိုယ်လွတ်ဖြစ်ခဲသည်။ ထိုအချက်က ယင်းတို့ကို ဘဝတွင်မည်သည့်အရာကိုမဆိုရင်ဆိုင်နိုင်ရန် လက်နက်ကောင်းတပ်ဆင်ထားခြင်းခံရသူများ ဖြစ်စေသည်။

လက်တွေ့ဆောင်ရွက်ခြင်း…

ပြန်လည်မတုံ့ပြန်ခင် အချိန်ခဏလောက်ယူပါ။

စိတ်ဆန္ဒကိုလွှတ်ထားခြင်းနှင့်၊ တစ်ချိန်တွင်နောင်တရစေမည့် မဆိုင်းမတွတုံ့ပြန်ခြင်းများအား ရှောင်ကြဉ်ပါ။ ဤအချက်သည် ထိုစဉ်က သင်အမှန်တကယ်ဖြစ်ပေါ်ခံစားနေရသည့် မနာလိုခြင်း၊ စိတ်ထိခိုက်ခြင်း၊ သို့မဟုတ် ဒေါသ စသည့်အရာတို့ကို ရိုးသားစွာဝန်ခံလိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့သောအချိန်မျိုးများတွင် နှုတ်အားဖြင့်ဖြစ်စေ၊ နှုတ်အားဖြင့်မဟုတ်သော တုံ့ပြန်မှုမျိုးပင်ဖြစ်စေ၊ အချိန်ယူပါ။ စက္ကန့်အနည်းငယ်ကြာစကားမပြောဘဲနေပြီး၊ သင်မတ်တတ်ရပ်နေလျင်၊ ထိုင်လိုက်ပါ။ ပတ်ဝန်းကျင်ရှိ လူအများက သင့်ကိုတစ်ခုခုပြောစေလိုလျင်၊ ဒီကိစ္စကို စဉ်းစားရန် အချိန်နည်းနည်းပေးပါ စသည်ဖြင့်ပြောပြီး အချိန်ယူပါ။ ပင်ပန်းနွမ်းနယ်မှု၊ အလုပ်အလွန်အကျွံလုပ်ခြင်း၊ သို့မဟုတ် စိတ်ဖိစီးမှုတို့က သင့်ကိုစိတ်လှုပ်ရှားစွာ တုံ့ ပြန်ခြင်း ဖြစ်စေနိုင်သည်။ တစ်စုံတစ်ဦးအား ခက်ခဲသော Email ပေးပို့ရန်ရှိပါက စာစီရေးသားပြီး ၂၄ နာရီမျစောင့်ဆိုင်းပြီးမှသာပေးပို့ပါ။ ပြန်လည်ဖတ်ရှု သုံးသပ်ရန်အချိန် ယူပါ။

နားလည်မှုကြီးစွာဖြင့် စာနာတတ်သောသူတစ်ယောက်ဖြစ်ပါစေ။
အခြားသူများ မည်သို့ခံစားနေကြရခြင်းနှင့်၊ တစ်စုံတစ်ခု ပြောပြလိုနေခြင်းကို ဂရုပြုအလေးထားပေးခြင်းသည် အလွန်ပင်ကောင်းမွန်သင့်တော်သော ကျွမ်းကျင်မှုတစ်ခုကိုပိုင်ဆိုင်ခြင်းဖြစ်သည်။ ပြန်လည်အမှတ်ရစရာ ကောင်းနေသည့် အလုပ်ရှင်၊ သို့မဟုတ် အုပ်ချုပ်သူများသည် ဤအရည်အချင်းကို ပိုင်ဆိုင်ထားကြသူများဖြစ်ပြီး ဤ အချက်ကြောင့်ပင် ချစ်ခင်လေးစားမှုခံကြရခြင်းဖြစ်သည်။ သင်နှင့်အနီးဆုံးသူများကိုလည်း ကျော်မသွားပါစေနှင့်။ မည်သူ့ကိုမျ မည်သည့်အခါမျ သတိမမူလျစ်လျူရှုခြင်း မျိုးမဖြစ်ပါစေနှင့်။ သင့်ကလေးများ၊ လက်တွဲဖော်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ထိုင်၍စကားပြောရန် အလုပ်များနေသည်ဆိုသည့်ဆင်ခြေကို ရှောင်ကြဉ်ပါ။

၅။ ဆန့်ကျင်ဘက်ပြုလုပ်ပါ။

”လူအများစုက ဘာလုပ်နေသနည်းဆိုသည်ကို ကြည့်ပါ၊ ယင်းတို့နှင့်အတိအကျ ဆန့်ကျင်၍ လုပ်ပါ၊ သင်အသက်ရှင်နေသရွေ့ မည်သည့်အခါမှ မှားနိုင်တော့မည် မဟုတ်ခြင်းလည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။”

Earl Nightingale

အောင်မြင်ခြင်းသည် ပုံစံအမျိုးမျိုးဖြစ်နိုင်ပြီး၊ မကြာခဏဆိုသလို အခြားသူများနှင့်မတူ၊ တစ်မူထူးခြား စွာပေါ်လွင်ခြင်း၊ သို့မဟုတ် သာမန်အဆင့်၏ အထက်တွင်ရှိနေခြင်း၊ အများနှင့်ဆန့်ကျင်ရန်သေချာအောင် ကြိုးစားလုပ်ကိုင်ခြင်းဖြင့် တစ်မူထူးခြားမှုကို အခြားသူများက သင့်ကိုသတိထားမိစေခြင်း စသည်တို့ဖြစ်သည်။

လူများစုလုပ်နေသည်နှင့် ဆန့်ကျင်၍တွေးတော လုပ်ဆောင်ခြင်းသည်၊ အများနှင့် မတူရုံသက်သက်လုပ်နေခြင်းသာမဟုတ်ပေ။ လူသွားများထားသည့် လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည်လည်း မှန်ကန်သည့် ရွေးချယ်မှုဖြစ်ခဲ့သည့် အကြိမ်ပေါင်းများစွာရှိခဲ့ဖူးသည်။ သင့်အတွက်စိန်ခေါ်မှုမှာ ဆန့်ကျင်ဘက်အတိုင်း လုပ်ဆောင်ရန် မည်သည့်အချိန်သည် သင့်အတွက်အကောင်းဆုံးဖြစ်မည်နည်းဆိုသည်ကို အတိအကျသိရန်ပင်ဖြစ် သည်။

– သင့်မိတ်ဆွေများက ဆက်လက်ပညာသင်ကြားရန် ပြောကြသော်လည်း မသင်ကြားဖြစ်ဘဲ၊ အလွန်ဆန္ဒရှိနေသော အချိန်ပိုင်းဘွဲ့ယူသင်တန်းကို တက်ရောက် ပြီးမြောက်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကောင်း ဖြစ်နိုင်သည်။

  • ဈေးနှုန်းများကျဆင်းနေချိန်တွင် လူအများအထိတ်တလန့်ဖြစ်ကာ ယင်းတို့ပိုင်ဆိုင်သည့် စတော့နှင့်ရှယ်ယာ၊ သို့မဟုတ် အိမ်များကို ရောင်းချကောင်းရောင်းချကြလိမ့်မည်။ သင့်အနေနှင့် အသာစောင့်၍ ဆက်လက်ဆုပ်ကိုင်ထားနိုင်သည်။
  • လူအနည်းငယ်သာလျင်၊ လုံလောက်သောလေ့ကျင့်ခန်းမှန်မှန်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်လေ့ရှိချိန်တွင်၊ သင့်အနေနှင့် အလုပ်သို့ လမ်းလျောက်သွားသူ၊ အားကစားရုံသို့ မှန်မှန်သွားပြီး၊ ကျန်းမာရေးနှင့် ညီညွတ်စွာစားသောက်နေထိုင်သူ တစ်ယောက်ဖြစ်နိုင်သည်။
  • သင့်ကိုယ်ပိုင်အိပ်မက်/ ရည်မှန်းချက်ကသာ ထိုလမ်းကို ရွေးချယ်ရန်ညွှန်ပြနေလျင် သင့်အနေနှင့် တစ်ဦးတည်းခွဲထွက်သူတစ်ယောက်ဖြစ်လာနိုင်သည်။ အများကိုဆန့်ကျင်ရခြင်းနှင့် မိမိ၏လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများ၊ မိသားစုဝင်များ၏ အကြံပေးချက်များကို လျစ်လျူရှုရခြင်းသည်၊ မည်သည့်အခါကမျ လွယ်ကူခြင်းမရှိခဲ့ပေ။ သို့သော် သင်ဘာလုပ်နေသည်၊ ဘာကြောင့်လုပ်နေရသည်ဆိုခြင်းကို ရှင်းပြရန်ပြင်ဆင်ထားလျင်၊ တစ်ချိန်ချိန်၌ ထိုသူများ သဘောပေါက်လာကြလိမ့်မည်ဖြစ်သည်။
  • အောင်မြင်ခြင်းသည် ပုံစံအမျိုးမျိုးဖြစ်နိုင်ပြီး၊ မကြာခဏဆိုသလို အခြားသူများနှင့် မတူထူးခြားစွာ ထွက်ပေါ်ခြင်း၊ သို့မဟုတ် သာမန်အဆင့်၏အထက်တွင်ရှိနေခြင်းဖြစ်သည်။

လက်တွေ့လုပ်ဆောင်ခြင်း

တစ်ဦးတည်းလုပ်ဆောင်ခြင်းသည် ပြဿနာမရှိပါ။

သက်သောင့်သက်သာမရှိ၊ အခြားသူများနှင့်အဆင်မပြေ၊ တစ်ဦးတည်းသင်းကွဲဖြစ်နေရခြင်းကို နေသားကျသွား သောအခါ၊ သင့်ဆုံးဖြတ်ချက်များကို ပြန်လည်ချိန်ညှိရန် အမှန်တကယ်ပင် မလိုအပ်တော့ပါ။ ကျွနု်ပ်သည် ကိုယ် ပိုင်လုပ်ငန်းထူထောင်ရန် စီးပွားရေးကဏ္ဍမှ ဝင်ငွေကောင်း သောအလုပ်ကို စွန့်လွှတ်ခဲ့သည်။ ထိုသို့ပြုခဲ့စဉ်က လူ များစွာက ကျွနု်ပ်အားရူးသွပ်သွားပြီ၊ သို့မဟုတ် လုံးဝကျ ရှုံးသွားပြီဟု ထင်ခဲ့ကြသည်။ ထိုစဉ်က ကျွနု်ပ်စိတ်ထိ ခိုက်ခဲ့ရသော်လည်း ကျွနု်ပ်၏ မည်သူ့ကိုမျဆရာမခေါ်လို သောစိတ်ကိုမူကား မပြောင်းလဲနိုင်ခဲ့ပေ။

ဆန့်ကျင်လုပ်ဆောင်ရန် လေ့ကျင့်ပါ။

အကြောင်းအရာတစ်ခုကို ထပ်ကာထပ်ကာလုပ်ဆောင်လျက် တူညီသောရလဒ်များကိုပင် ရရှိနေပါသလား။ ပိုမိုကောင်းမွန်သော အကျိုးကျေဇူးရရှိရန်မည်သည့်အရာအား ပြောင်းလဲလုပ်ဆောင်ရမည်ကိုစဉ်းစားပါ။

  • သင့်အလုပ်တွင် ရာထူးတိုးခံရနိုင်ရေးမျော်လင့်ချက်ဖြင့် သတိပြုခံရဖို့ နှစ်စဉ်ကြိုးစားခဲ့သည်။ နောက်ထပ်သုံးနှစ်ကြာပြီးသည့်တိုင်အောင် ရာထူးတိုးပေးရန် ကမ်းလှမ်းခြင်းမခံခဲ့ရပေ။ ဆန့်ကျင်ဘက်ကိုပြုလုပ်ပါ။ အပြင်းအထန် ကြိုးစားနေခြင်းကိုရပ်လိုက်ပါ။ မည်သည့်အကြောင်းကြောင့် သင်ကျန်နေခဲ့ရသည်ကို သိရှိနားလည်နိုင်ရန် အလုပ်ရှင်/သင့်ဌာနအကြီးအကဲနှင့် ရိုးသားပွင့်လင်းစွာပြောဆိုပါ။ ပိုမိုကောင်းမွန်သော အခွင့်အရေးတစ်ရပ်သည် သင့်အား အခြားတစ်နေရာမှ စောင့်ကြိုကောင်း စောင့်ကြိုနေလိမ့်မည်ဖြစ်ပြီး အလုပ်မှထွက်၍ လုပ်စရာရှိသည်တို့ကို ဆက်လုပ်ပါ။
  • ငွေကြေးပိုမိုစုဆောင်းလိုသည်၊ သို့သော် လကုန် တိုင်း သင့်တွင်ငွေကြေးအနည်းငယ်သာကျန် တတ် ကြောင်းတွေ့ရသည်။
    ဆန့်ကျင်ဘက်လုပ်ပါ။ လကုန်ရောက်မှ လက်ကျန်ငွေလေးကို စုဆောင်းရန် ကြိုးစားမည့်အစား၊ လစာငွေထုတ်ထုတ်ချင်း ငွေအချို့ကိုဘေးဖယ်ထားပြီး ငွေပြန်မထုတ်နိုင်သော (ဘဏ်စာရင်းသေစုငွေ) Fixed Deposit Account တွင်အပ်နှံပြီး သင့်လစာလက်ကျန်ငွေဖြင့်သာ လကုန်သည်အထိ သုံးစွဲသွားပါ။