အောင်မြင်မှုရဖို့လိုအပ်တဲ့ စီးပွားရေးအသုံး လက်နက် ၁၀၀

The Grow Model for coaching လုပ်ငန်းအမှုဆောင်များ

အရည်အချင်းတိုးတက်မှုအတွက် အကောင်းဆုံးနည်းပြလမ်းညွှန်မှုပုံစံ
ဤပုံစံတွင် အောင်မြင်တိုးတက်မှုအတွက် အရေးကြီးဆုံးလိုအပ်ချက်များကို အဆင့်လေးဆင့်ဖြင့် ဖော်ပြထားသည်။

၁။ Goals – ရည်မှန်းချက်ပန်းတိုင်များ

၂။ Reality – စစ်မှန်သောလက်တွေ့အခြေအနေ(လက်တွေ့အမှန်တရားများ)

၃။ Options – ဖြစ်နိုင်ခြေအခွင့်အလမ်းများ

၄။ Way Forward- ရှေ့သို့လျောက်လှမ်းရမည့်လမ်း

၁။ Goals – ရည်မှန်းချက်ပန်းတိုင်များ

ဦးတည်ရည်မှန်းချက်များချမှတ်ရန်မှာ အောင်မြင်တိုးတက်ရန်လိုလားသူ၏တာဝန်ဖြစ်သည်။ ဖြည့်ဆည်းပံ့ပိုးမည့်သူ (Coach) က ချမှတ်ပေးသော ရည်မှန်းချက်များ မဖြစ်ရဘဲ ၎င်း (Coach) က အားပေးကူညီရန်သာ ဖြစ်ရမည်။ ပိုမိုပြည့်စုံစွာ ရှင်းလင်းနားလည်မှုအတွက် မေးခွန်းများမေး၍ ထောက်ပံ့ပေးနိုင်သည်။

မေးနိုင်သောမေးခွန်းများ
– မိမိလိုချင်သော ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။
– ဘာကို အလေးထားဦးစားပေးမှာလဲ။
– ဘာကိုရရှိဖို့ ကြိုးစားနေတာလဲ။
– ရရှိကြောင်းကို ဘယ်လိုသိနိုင်မှာလဲ။
– ရည်မှန်းချက်ကတိကျပြီး တိုင်းတာလို့ရနိုင်ပါသလား။
– အောင်မြင်မှုကို ဘယ်လိုမြင်သာမှာလဲ။

၂။ Reality စစ်မှန်သောလက်တွေ့အခြေအနေ (လက်တွေ့အမှန် တရားများ)
လေ့လာနေသူသည် အခြေအနေအမှန်နှင့်ထားရှိသော ဦးတည်ချက်များအပေါ် မည်မျအလေးအနက်ထားသည်ကို သိရှိရန်လိုသည်။ နည်းပြလုပ်သူကသင်ယူလိုသူ၏ ရည်မှန်းထားချက်၊ စိတ်သဘောထား အစစ်အမှန်ကို သိရှိနိုင်ရန် ပညာပါပါမေးခွန်းများ မေးရန်လိုသည်။ အခြေအနေအမှန်နှင့် အနှစ်ချုပ်ကို နည်းပြကရှင်းလင်းပေးနိုင်ရမည်။

မေးနိုင်သောမေးခွန်းများ
– ရလဒ်ကို ထိန်းချုပ်နိုင်မည်လား (မထိန်းချုပ်နိုင်လျင် မည်သည့်အကြောင်းကြောင့်ဖြစ်သည်)
– ရည်မှန်းချက်ပန်းတိုင်ရောက်ရန် အဓိကကျသောမှတ်တိုင်များက ဘာဖြစ်မလဲ။
– မည်သူ ပါဝင်ပတ်သက်နေပြီး သူ့အကျိုးသက် ရောက်မှုကဘာလဲ။
– ကိုယ့်လုပ်ဆောင်ပြီးမြောက်မှုက ဘယ်ရောက်နေပြီလဲ။ အကျိုးသက်ရောက်မှုကကော ဘယ်လိုလဲ။
– ရင်ဆိုင်နေရသည့် အဓိကအကြောင်းအရာတွေက ဘာတွေလဲ။

၃။ Option – ဖြစ်နိုင်ခြေအခွင့်အလမ်းများ
နည်းပြ၏ အကူအညီဖြင့်သင်ယူသူက ရည်မှန်းချက်ပန်းတိုင်ရောက်ရန် အခွင့်အလမ်းများ၊ ဗျူဟာများ၊ စီမံချက်များကို ဖော်ထုတ်ရမည်။ ဖော်ထုတ်ဆွေးနွေးခြင်းအားဖြင့် သင်ယူသူ၏ လက်ရှိနှင့်ပေါ်ပေါက်လာနိုင်သော အခြေအနေအမှန်များကို သိနိုင်မည်။ သို့မှသာ လက်ရှိအတိုင်း ဆက်လက်လုပ်ကိုင်ရန်၊ သို့မဟုတ် ပြောင်းလဲရန် လိုမလိုကိုသိမည်။

မေးနိုင်သောမေးခွန်းများ
– မည်သည့်အခွင့်အလမ်းများ ရှိသည်။ မည်သည့်အခွင့်အလမ်းကို ရွေးချယ်မည်၊ မည်သည့်အကြောင်းကြောင့် ဖြစ်သည်။
– သွင်းအားစုများ ကန့်သတ်ချက်မရှိပါက မိမိ၏အခွင့်အလမ်းများက ဘာတွေ ဖြစ်နိုင်သည်။
– မိမိ၏ရည်မှန်းချက်ပန်းတိုင်များကို အဖွဲ့အစည်း၏ အခြားအရေးအရာများဖြင့် ချိတ်ဆက်၍ ရနိုင်မည့်အခြေအနေ ရှိမရှိ။
– အကောင်းဆုံးအဖြေမှာ ဘာဖြစ်နိုင်သည်။

၄။ Way Forward – ရှေ့သို့တက်ရမည့်လမ်း
နောက်ဆုံးအဆင့်တွင် အမြန်အဆန်လုပ်ရန် မလိုအပ်ပါ။ အပြီးသတ်ဘာလုပ်ရန်လိုသည်ကိုသာ ညှိနှိုင်း သဘောတူရန် ဖြစ်သည်။ သင်ယူသူအတွက် လက်တွေ့ကျသည့်စီမံချက်ရရှိသွားရန် ကူညီဖို့သာဖြစ်သည်။ နည်းပြဖြစ်သူမှာ သင်ယူသူအတွက် အားသာချက်၊ အားနည်းချက်၊ အမှားအမှန် စမ်းသပ်ခွင့်ရရန်နှင့် အမြင်ရှုထောင့်အသစ်များရရှိရန် ထောက်ပြနိုင်သည်။

မေးနိုင်သောမေးခွန်းများ
– ဘာတွေစလုပ်ဖို့ လိုသလဲ။ ဘယ်တော့ လုပ်မှာလဲ။ ဘယ်သူသိဖို့ လိုသလဲ။ မည်သူတို့၏ ကူညီမှုနှင့် မည်သည့်သွင်းအားစုတွေလိုသလဲ။
– အခက်အခဲများကို မည်သို့ကျော်လွှားပြီး အောင်မြင်မှုကိုရအောင် သေချာစေမည်လဲ။

နောက်ဆုံးအဓိကကျသည်မှာ ထိထိရောက်ရောက် အကျိုးသက်ရောက်မည့်စီမံချက်များ ဖြစ်လာရန်မှာ ပြန်လှန်သုံးသပ်မှုဖြင့် ရရှိသော နားလည်မှုတို့ကြောင့် တက်တက်ကြွကြွ လုပ်ငန်းလုပ်ဆောင်နိုင်မှုပင် ဖြစ်ပါသည်။

The Grow Model for Coaching မှာ ပို့ချသင်ကြားမှုအစား Sir John Whitmore အဆိုပြုသော Coach နှင့် Coachee တို့ တိုက်ရိုက်မဟုတ်သည့် အမေးအဖြေအပြန်အလှန် စောဒကတက် ဆွေးနွေးသည့်နည်းပုံစံဖြစ်သည်။

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း- ရန်ကုန်စီးပွားရေးတက္ကသိုလ်)