အလုပ်များနေသည့် တိုက်ဂါး

အောက်တိုဘာလစတုတ္ထပတ်တွင် တိုက်ဂါးဂျပန်သို့ရောက်နေခဲ့သည်။ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိကျင်းပမည့် (Zozo) Championship ပြိုင်ပွဲ၌ ပါဝင်ကစားရန်ဖြစ်ပါသည်။ ဤပြိုင်ပွဲသည် ဂျပန်၌ကျင်းပသော်လည်း ပီဂျီအေတိုးစာရင်းဝင်အမည်ပေါက်သော ပြိုင်ပွဲဖြစ်သည်။ ယခုလို ဆောင်းဦးရာသီတွင် ပီဂျီအေတိုးပြိုင်ပွဲများကို အာရှ၌လည်းကျင်းပရန် ပွဲစဉ်များရေးဆွဲထားပေရာ အောက်တိုဘာ ၁၇-၂၀ က ကိုရီးယားတွင် CJ Cup ပြိုင်ပွဲကျင်းပခဲ့ပြီး အောက်တိုဘာ ၃၁-နိုဝင်ဘာ ၃ တွင်လည်း တရုတ်တွင် WGC-HSBC Champions ပြိုင်ပွဲကျင်းပပါမည်။

ဤပြိုင်ပွဲများသည် ၂၀၁၉-၂၀ ပီဂျီအေတိုးရာသီ၏ ပွဲများဖြစ်ပါသည်။ ၂၀၁၈-၁၉ ရာသီသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ Tour Championship ပြိုင်ပွဲအပြီး၌ လတ်စသတ်ခဲ့ပြီးပါပြီ။ အမေရိကန်လက်ရွေးစင်အသင်းနှင့် ဥရောပမပါသည့် အပြည်ပြည်ဆိုင်ရာလက်ရွေးစင်အသင်းတို့ နှစ်နှစ်တစ်ကြိမ်ယှဉ်ပြိုင်ကစားကြသော သမ္မတများဖလား (Presidents Cup) ဂေါက်သီးပြိုင်ပွဲသည် ယခုနှစ်၌ သြစတြေးလျနိုင်ငံ Royal Melbourne ဂေါက်ကွင်းတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပါမည်။ အမေရိကန်အသင်း၏ ယခုနှစ်ကပ္ပတိန်အဖြစ် တာဝန်ပေးခြင်းခံရသူမှာ တိုက်ဂါးပါ။ လွန်ခဲ့သည့်နှစ်နှစ်က နောက်ဆုံးကျင်းပခဲ့သော သမ္မတများဖလားပွဲအပြီးကတည်းက ပီဂျီအေတိုးကတာဝန်ပေးခဲ့ ခြင်းဖြစ်ပါသည်။

တိုက်ဂါးသည် အဆိုပါသမ္မတများဖလားပြိုင်ပွဲ၌ အမေရိကန်လက်ရွေးစင်အဖြစ်မပါခဲ့သည်မှာ နောက်ဆုံးနှစ်ကြိမ်စလုံး၌ ဖြစ်ပါသည်။ ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်များကပါ။ ထိုကာလများတွင် နောက်ကျောဒဏ်ရာပြဿနာများကြောင့် သူကပြိုင်ပွဲများများ မကစားနိုင်ခဲ့ပါ။ ၂၀၁၉ ခုနှစ်တွင်လည်း သူလက်ရွေးစင်ဖြစ်မည်ဟု မျော်မှန်းထားသူများစွာမရှိခဲ့ပါ။ သူကဤပွဲအား ၁၉၉၈ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ ရှစ်ကြိမ်ဆက်တိုက်ပါဝင်ကစားပေး ခဲ့ပြီး ဖြစ်ပါသည်။ ဤသို့သော လူမျိုးအား မကစားနိုင်သည့်အချိန်တွင် ကပ္ပတိန်တာဝန်ပေးမြဲဖြစ်ပါသည်။ ယခင်ကပ္ပတိန်ဟောင်းများစာရင်းတွင် ဟေးလ်အာရ်ဝင်၊ အာနိုးပါလ်မား၊ ဂျက်ခ်နစ်ကလပ်စ်၊ ဖရက်ဒ်ကပ်ပဲလ်စ်၊ ဂျေဟတ်စ်၊ စတိဗ်စထရစ်ကာတို့အား တွေ့နိုင်ပါသည်။ ကပ္ပတိန်၏လုပ်ငန်းတာဝန်များတွင် ကောက်ရွေးလေးဦးအားအသင်းတွင် ဖြည့်စွက်ရွေးချယ်ပေးရန်လည်း ပါရှိသည်။

အသင်းအားလက်ရွေးစင် ၁၂ ဦးနှင့် ဖွဲ့စည်းခြင်းဖြစ်လာရာ ရှစ်ဦးအားအမှတ်ဖြင့် ရွေးချယ်ပြီး ကျန်လေးဦးအား ကပ္ပတိန်ကစိတ်ကြိုက်ဖြည့်စွက်ရွေးချယ်ခြင်းပါ။ အမှတ်ဖြင့်ရွေးချယ်မှုမှာ သြဂုတ်လ ၁၈ ရက်နေ့က Tour Ch ပြိုင်ပွဲအပြီး၌ ဖြတ်ခဲ့ပြီးဖြစ်ပါသည်။ ကက်ပ်ကာ၊ တွမ်မတ်စ်၊ ဂျွန်ဆင်၊ ကန့်တ်လီ၊ ရှောင်ဖလီ၊ ဆင်မ်ဆင်၊ ကူချာနှင့် ဒီရှမ်းဘိုးတို့ အမေရိကန်လက်ရွေးစင်ဖြစ်ခဲ့ကြပြီးဖြစ်သည်။

တိုက်ဂါးသည် ၂၀၀၈ ခုနှစ်ကုန်ပိုင်းမှစကာ လက်ပြန်ကောင်းနေခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ က ရာသီပိတ် Tour Ch ပြိုင်ပွဲကြီးအား ဗိုလ်စွဲလိုက်နိုင်သည်။ ၂၀၁၉ ခုနှစ်တွင်လည်း ဧပြီလ၌ မာစတာစ်မေဂျာပွဲကြီး ဗိုလ်စွဲပြန်ပါသည်။ တိုက်ဂါးပြန်လာပြီဖြစ်ကြောင်း အားလုံးအသိအမှတ်ပြုခဲ့ရသည်။ မေဂျာပွဲကြီးပင် ဗိုလ်စွဲပြီဖြစ်ပေရာ ယခုနှစ်အမေရိကန်လက်ရွေးစင်အသင်း၌ ပါဝင်ရန် သေချာသလောက်ဖြစ်နေပါပြီ။

သို့သော် သူ့ဘယ်ဒူးကပြန်ဒုက္ခပေးလာသည်။ တိုက်ဂါးက နောက်ပိုင်းတွင် ပြောပြသည်မှာ မာစတာစ်ဗိုလ်စွဲစဉ်ကပင် သူ့ဒူးကအနှောင့်အယှက်ပေးနေကြောင်းပါ။ သူက ၂၀၁၈-၁၉ ရာသီအပြီးအထိ တစ်နည်းအားဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လကုန်အထိ ပြိုင်ပွဲများ ယှဉ်ပြိုင်သွားပြီး ယင်းနောက်မှခွဲစိတ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ မာစတာစ်အောင်ပွဲအပြီးဆက်လာသောပွဲများတွင် သူခြောက်ပွဲသာပါဝင်ကစားခဲ့ပြီး ထိုခြောက်ပွဲတွင် သုံးပွဲသာ လေးရက်အပြည့်ကစားနိုင်ခဲ့သည်။ နှစ်ပွဲ၌ ဖြတ်ချသည့်အ ထဲပါသွားခဲ့ပြီး ကျန်တစ်ပွဲ၌ နှုတ်ထွက်ခဲ့ရသည်။ အပြီး သတ်လူသုံးဆယ်သာ ပါခွင့်ရသော ရာသီပိတ် Tour Ch.၌လည်း သူကစားခွင့်မရခဲ့ပါ။ သမ္မတများဖလားအမေရိကန်လက်ရွေးစင်အမှတ်ဇယား၌ သူက အမှတ်စဉ် ၁၃ သို့ ရောက်နေပြီး အမှတ်အရအရွေးမခံရတော့ပါ။ ထိပ် ဆုံးရှစ်ဦးအပြီးဝယ် တိုနီဖီးနောင်း၊ ဂယ်ရီဝွဒ်လန်း၊ ရစ်ကီ ဖောင်လာ၊ ပက်ထရစ်ခ်ရိဒ်နှင့် တိုက်ဂါးတို့ရှိနေကြပါသည်။ လက်စွမ်းအခြေအနေအရ တိုက်ဂါးမှာ မိမိကိုယ်မိမိပြန်ရွေးရန်မဖြစ်နိုင်ဟုဆိုရပါမည်။ သို့သော်တိုက်ဂါးက ဒူးခွဲစိတ်ပြီးနောက်ဂျပန်သို့လာရောက်ယှဉ်ပြိုင်သော အဆိုပါ Zozo Ch တွင် ဗိုလ်စွဲသွားပါတော့သည်။

မက်ကဲလ်ရွိုင်းအပါအဝင် နာမည်ကြီးများအားဖြတ်ကျော် ဗိုလ်စွဲခြင်းပါ။ ထိုအခါမျိုးတွင် မည်သည့်ကပ္ပတိန်မဆို သူ့စိတ်ကြိုက်ကောက်ရွေးလေးဦးရွေးရမည်ဆိုပါလျင် တိုက်ဂါးအားမထည့်ဘဲနေမည်မဟုတ်တော့ပါ။ Zozo Ch ၌ တိုက်ဂါးဗိုလ်စွဲပုံကဤသို့ပါ။

အောက်တိုဘာလ ၂၄ ရက်နေ့ ပထမကွင်းပတ်ကတည်းက တိုက်ဂါးကခြောက်ချက်လျော့ဖြင့် ယူအက်စ်အိုးပင်း ချန်ပီယံဂယ်ရီဝွဒ်လန်းနှင့်အတူ ဦးဆောင်ခဲ့သည်။ သူကခြောက်ချက်လျော့ရသော်လည်း ပထမဆုံးသုံးကျင်းဆက်တိုက်ဘိုဂီနှင့် ထွက်ခဲ့ရခြင်းဖြစ်သည်။ ကျင်း ၁၀ မှ စထွက်ရသောသူသည် ထိုကျင်း၌ ဒရိုက်ဗ်ရေထဲကျပြီး ဘိုဂီဖြစ်ခဲ့သည်။ယင်းနောက်ပိုင်းတွင်မှ ကျန် ၁၅ ကျင်း အတွင်းသူကဘာဒီ ၉ ကျင်းရခဲ့ခြင်းဖြစ်ပါသည်။ ထိုရက်သတ္တပါတ်မှာ ဂျပန်တွင်မုန်တိုင်းကြောင့် မိုးရွာပြီးရာသီ ဥတုဆိုးရွားသော အပါတ်ပါ။ သောကြာနေ့တွင်ကွင်းမှာ မိုးရွာပြီးကစား၍ မရသဖြင့် ဒုတိယကွင်းပတ် မကစားဖြစ်ခဲ့ပါ။ စနေနေ့တွင်မှ ဒုတိယကွင်းပတ်ကစားခဲ့ကြသော်လည်း မုန်တိုင်းနှင့်မိုးကြိုးအန္တရာယ်ကြောင့် ပရိသတ်များကွင်းလာခွင့်ပိတ်ခဲ့ရာ တိုက်ဂါးတို့မှာ ပွဲကြည့်သူမရှိဘဲ ကစားခဲ့ကြရသည်။ ဤနေ့တွင်လည်း တိုက်ဂါးက ၆ ချက်လျော့ထပ်ရပြန်သည်။ ဘိုဂီတစ်ကျင်းသာပါပြီး ဘာဒီ ၇ ကျင်းရခဲ့သည်။ နှစ်ရက်ပေါင်း ၁၂ ချက်လျော့ ဖြင့် ဝွဒ်လန်းအပေါ်နှစ်ချက်အသာရကာ တစ်ဦးတည်း ဦးဆောင်သူဖြစ်လာသည်။ ဂျပန်ပရိုဟိဒဲခိမာဆူယားမားနှင့် ကီဂန်ဘရက်ဒ်လေတို့က ၈ ချက်လျော့ဖြင့် တတိယ နေရာတွင်ရှိကြသည်။ ကမ္ဘာ့အဆင့်တစ်ဘရွတ်စ်ကက်ပ် ကာမှာ ဒဏ်ရာအနာတရရှိမှုကြောင့် ဤပွဲတွင် မပါ နိုင်ခဲ့ပါ။ ကမ္ဘာ့အဆင့်နှစ် ရော်ရီမက်ကဲလ်ရွိုင်းက ၃ ချက် လျော့ဖြင့် အဆင့် ၂၁ တွင်သာရှိနေခဲ့သည်။

တနင်္ဂနွေနေ့တွင် တတိယကွင်းပတ်ရော စတုတ္ထကွင်းပတ်ပါ ကစားခဲ့ကြရသည်။ တတိယကွင်းပတ်၌ တိုက်ဂါးက လေးချက်လျော့ထပ်ရလိုက်ရာ စုစုပေါင်း ၁၆ ချက်လျော့သို့ ရောက်လာသည်။ မာဆူယားမားက ပေါင်း ၁၃ ချက်လျော့၊ ဝွဒ်လန်းက ပေါင်း ၁၂ ချက်လျော့ဖြင့် ဒုတိယနှင့် တတိယနေရာတွင် ရှိခဲ့ကြသည်။ ဤနေ့တွင်ပင် ကွင်းပတ်အားလုံးပြီးစေရန်အတွက် တတိယကွင်းပတ် အပြီး အစဉ်အလိုက်ဖြင့် တွဲရမည့်ကိစ္စအားမလုပ်တော့ဘဲ မနက်ပိုင်းက အတွဲအတိုင်းသာဆက်ကစားခဲ့ကြရပေရာ ဂျပန်ပရိသတ်တို့ မျော်လင့်နေကြသော သူတို့ဂျပန်နံပါတ် ဝမ်းမာဆူယားမားနှင့် တိုက်ဂါးတို့ တစ်တွဲတည်းကြည့် ရမည့် အခြေအနေမပေးခဲ့တော့ပါ။ တိုက်ဂါးက ဝွဒ်လန်း၊ ဘရက်ဒ်လေတို့နှင့် နောက်ဆုံးအတွဲအဖြစ် ဆက်လက် ကစားခဲ့ကြရသည်။ ဤသို့ စီစဉ်ခဲ့သော်လည်း ပြိုင်ပွဲက အပြီးမသတ်နိုင်ခဲ့ပါ။ တိုက်ဂါးတို့ကျင်း ၁၁ အပြီးတွင် အလင်းရောင်မရှိတော့သဖြင့် ပွဲကိုရပ်နားခဲ့ရပြီး ကျန်ကျင်းများအား တနင်္လာနေ့နံနက်တွင် ဆက်ကစားရန် စီစဉ်ခဲ့ရသည်။ ထိုအချိန်တွင် တိုက်ဂါးကပေါင်း ၁၈ ချက် လျော့သို့ရောက်နေပြီး ကျင်း ၁၂ ပြီးသွားသည့် မာဆူယားမားအပေါ် သုံးချက်သာနေခဲ့ပါသည်။

တနင်္လာနေ့နံနက်၌ ဆက်လက်ကစားခဲ့ကြရာ တိုက်ဂါးက ကျင်း ၁၂ တွင် ဘိုဂီပါသွားခဲ့ပါသေးသည်။ သို့သော် ကျင်း ၁၄ နှင့် ၁၈ တို့တွင် ဘာဒီများရခဲ့သည်။ မာဆူယားမားလည်း ကျင်း ၁၆ တွင် ဘာဒီတစ်ကျင်းရခဲ့သည်။ ထို့ကြောင့် တိုက်ဂါးက စုစုပေါင်း ၁၉ ချက်လျော့ဖြင့် မာဆူယားမားအပေါ် ၃ ချက်ပင်သာကာ ဗိုလ်စွဲနိုင်ခဲ့ပါသည်။ ပထမကွင်းပတ်နှစ်ခုက ၃ ချက်လျော့သာ ရှိသေးသော မက်ကဲလ်ရွိုင်းသည် နောက်ဆုံးနှစ်ပတ်တွင် ၁၀ ချက်လျော့ရလိုက်ကာ စုစုပေါင်း ၁၃ ချက်လျော့ဖြင့် တတိယနေရာသို့ပင် တက်ရောက်လာနိုင်ခဲ့သည်။ ဂယ်ရီဝွဒ်လန်းက ပေါင်း ၁၂ ချက်လျော့ဖြင့် ပွဲသိမ်းခဲ့သည်။

တိုက်ဂါးသည် ဂျပန်တွင် Dunlop Phoenix Open အား ၂၀၀၄ နှင့် ၂၀၀၅ ခုနှစ်များက ဗိုလ်စွဲခဲ့ဖူးသည်။ သို့သော်ထိုပွဲမှာ ပီဂျီအေတိုးအမည်ပေါက်သောပွဲမဟုတ်ခဲ့ပါ။ ယခု Zozo Ch. သည် ဂျပန်၌ ပီဂျီအေတိုး အမည်ပေါက်သော ပထမဆုံးပြိုင်ပွဲဖြစ်သည်။ တိုက်ဂါးသည် ဤအောင်ပွဲပါဆိုလျင် ပီဂျီအေတိုးအောင်ပွဲပေါင်း ၈၂ ပွဲရှိခဲ့ပါပြီ။ ရာဇဝင်၌ ပီဂျီအေတိုးအောင်ပွဲအရေအတွက် စံချိန်တင်ထားသူ ဆမ်စနိဒ်၏ စံချိန်နှင့်တူညီသွားပါပြီ။ နောက်ထပ်တစ်ပွဲဗိုလ်စွဲပါလျင် စံချိန်သစ်ရှင်ဖြစ်လာပါတော့မည်။ ဆမ်စနိဒ်မှာအောင်ပွဲ ၈၂ ပွဲအား အသက် ၅၂ နှစ်ရှိချိန်ရောက်မှ ပြည့်ခဲ့ခြင်းပါ။ တိုက်ဂါးက ယခု မှ ၄၃ နှစ်သာရှိသေးပေရာ စံချိန်ချိုးရန်မှာ သေချာသ လောက်ပါ။ သူကြိုးစားရမည်က ဂျက်ခ်နစ်ကလပ်စ်၏ မေဂျာအောင်ပွဲ ၁၈ ပွဲစံချိန်ကို မီရန်ဖြစ်ပါသည်။ သူက မေဂျာအောင်ပွဲ ၁၅ ပွဲရထားပြီးဖြစ်ရာ ၃ ပွဲလိုနေပါသည်။ အခြားတိုးများမှ အောင်ပွဲများပါဆိုပါလျင် တိုက်ဂါး၏ ပရိုအောင်ပွဲစုစုပေါင်းမှာ ၁၀၉ ပွဲရှိပါပြီ။ ၈၂ ပွဲမြောက် ပီဂျီအေတိုးအောင်ပွဲကို ရသည်နှင့် ဂုဏ်ပြုချီးကျူးစာများ တိုက်ဂါးထံရောက်လာခဲ့သည်။ ဂန္ထဝင်ဂေါက်သီးကျော် ကြီး ဂျက်ခ်နစ်ကလပ်စ်၊ ပီဂျီအေတိုးကော်မရှင်နာဂျေမိုနာ ဟန်၊ ဂေါက်သီးဝါသနာရှင် အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ်ထံမှလည်း ပါသည်။ ဂျော် ဒန်စပိသ်၊ ဒင်နီယယ်ဘာဂါ၊ တိုနီဖီးနောင်းစသော တိုးပ ရိုးများစွာထံမှလည်းပါသည်။ ၇ ကျင်းသာ တိုက်ဂါးက ကစားသောတနင်္လာနေ့တွင်ပင် လာကြည့်သော ပရိ သတ်က တနင်္ဂနွေပွဲ၏ ပရိသတ်ထုကဲ့သို့များပြားခဲ့သည်။ ၈၂ ကြိမ်မြောက် တိုက်ဂါးအောင်ပွဲတွင် သက်သေအဖြစ် မျက်မြင်ပါဝင်ကြလို၍ ဖြစ်ပါသည်။ ကစားဖေဝွဒ်လန်းက ”ဆယ်ပွဲဗိုလ်စွဲသူဆိုရင်ပဲ တော်တော်ချီးကျူးစရာကောင်းနေပြီ။ အခု ၈၂ ပွဲဆိုတော့ဗျာ” ဟု အထူးချီးကျူးခဲ့ပါသည်။

မေဂျာအောင်ပွဲများလည်း တိုက်ဂါးထပ်ရနိုင်ပါသည်။ သူက အသက် ၄၃ နှစ်သာရှိသေးပါသည်။ ပီဂျီအေတိုးပွဲပေါင်း ၃၄ ပွဲဗိုလ်စွဲခဲ့သော ဗီဂျေဆင်းသည် အသက် ၄၀ ကျော်မှ အောင်ပွဲ ၂၂ ပွဲကိုရခဲ့ခြင်းဖြစ်ပါသည်။ ကင်နီပယ်ရီက အသက် ၄၀ ကျော်မှ ၁၁ ပွဲ၊ စတိဗ်စထရစ်ကာက အသက် ၄၀ ကျော်မှ ၉ ပွဲအောင်နိုင်ခဲ့ကြသော သာဓကများလည်း ရှိသည်။ တိုက်ဂါးတွင်အသက် ၄၀ ကျော်မှရသော အောင်ပွဲက ၃ ပွဲသာရှိသေးပါသည်။

တိုက်ဂါးနှင့် ဂျပန်ပရိတ်သတ်များ

သမ္မတများဖလားပြိုင်ပွဲအကြောင်း ဆက်ရအောင်ပါ။ အဆိုပါ Zozo Ch ပြိုင်ပွဲအပြီး ဆက်လာသည့် ရက်သတ္တပတ်တွင် WGC-HSBC Champions ပြိုင်ပွဲ တရုတ်၌ ကျင်းပပါသည်။ ဤပြိုင်ပွဲသည် ပီဂျီအေတိုးရော၊ ဥရောပတိုးအမည်ပါပေါက်သည်။ ဤပြိုင်ပွဲအပြီးတွင် နှစ်ဘက်ကပ္ပတိန်များမှ ဖြည့်စွက်ရွေးချယ်သော လက်ရွေးစင်လေးဦး၏ အမည်ကို ကြေညာရပါမည်။ အဆိုပါ WGC-HSBC Champions ပြိုင်ပွဲတွင် ရော်ရီမက်ကဲလ်ရွိုင်းက ဇန်ဒါရှောင်ဖလီကို ကျင်းပြတ်ကျင်းပို၌ အနိုင်ရကာဗိုလ်စွဲသွားပါသည်။ ၂၀၁၉ ခုနှစ်ထဲတွင်ပင် ဤပွဲပါ လေးပွဲအောင်နိုင်ခဲ့သော မက်ကဲလ်ရွိုင်းသည် ကမ္ဘာ့အဆင့်တစ် ဘရွတ်စ်ကက်ပ်ကာအား အမှတ်မီရန် နီးကပ်လာခဲ့ပါပြီ။ သူက ၁၀.၃၈ မှတ်သို့ ရောက်လာသည်။ ကက်ပ်ကာက ၁၁.၁၆ မှတ်ဖြစ်ပါသည်။ ကက်ပ်ကာသည် အောက်တို ဘာလ ၁၈ ရက်နေ့က ကိုရီးယား၌ကျင်းပသော ပီဂျီအေ တိုးပွဲဖြစ်သည့် CJ Cup ပြိုင်ပွဲတွင် ဒုတိယကွင်းပတ်အပြီး ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ရပေရာ ထိုစဉ်ကာလမှစ၍ ပြိုင်ပွဲများဝင်မကစားနိုင်ဘဲဖြစ်နေခဲ့သည်။ ဒီဇင်ဘာလသမ္မတများဖလားကိုတော့ ပါဝင်ကစားနိုင်မည်ဟု သူမှန်းဆထားပါသည်။

ယခုနှစ်သမ္မတများ ဖလားအပြည်ပြည်ဆိုင်ရာ လက်ရွေးစင်အသင်းကပ္ပတိန်တောင်အာဖရိကမှ မော်ကွန်းဝင်ဂေါက်သီးသမားကြီး အာနီအဲလ်စ်က နိုဝင်ဘာလ ၆ ရက်နေ့တွင် သူ၏ကောက်ရွေးလက်ရွေးစင်လေးဦး၏ အမည်များအား ကြေညာခဲ့ပါသည်။ အသင်းတွင် အမှတ် အရပါဝင်ပြီး ဖြစ်နေသူရှစ်ဦးမှာ မတ်ခ်လိရှ်မင် (သြ စတြေးလျ)၊ ဟိဒဲခိမာဆူယားမား (ဂျပန်)၊ လူးဝစစ်အူစ်သေဇင် (တောင်အာဖရိက)၊ အဒမ်စကော့တ် (သြစတြေး လျ)၊ အေဗရာဟမ်အန်စာ (မက္ကစီကို)၊ လီဟောင်တုန်း (တရုတ်)၊ စီတီပင်န် (ထိုင်ဝမ်)၊ နှင့် ကင်မရွန်းစမစ်သ် (သြစတြေးလျ)တို့ ဖြစ်ကြပါသည်။ အဲလ်စ်ကဆန်ဂျေးအင်းမ် (ကိုရီးယား)၊ ဂျိုအာကွင်းနီးမန် (ချီလီ)၊ အဒမ်ဟက်ဒ်ဝင်း (ကနေဒါ) နှင့် ဂျေဆင်ဒေး (သြစတြေးလျ) တို့ဖြင့် ဖြည့်စွက်ခဲ့ပါသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် အမေရိကန်လက်ရွေးစင်အသင်းကပ္ပတိန်တိုက်ဂါးက သူ၏ကောက်ရွေးလေးဦးအား ကြေညာခဲ့ရာတွင် အများမျော်လင့်ထားကြသလိုပင် သူ့ကိုယ်သူလည်းရွေးချယ်ခဲ့ပါသည်။ အခြားသုံးဦးမှာ တိုနီဖီးနောင်း၊ ဂယ်ရီဝွဒ်လန်းနှင့် ပက်ထရစ်ခ်ရိဒ်တို့ပါ။ တိုက်ဂါးမှာ ဒုတိယမြောက် ယှဉ်ပြိုင်ကစားသည့် ကပ္ပ တိန်ဖြစ်လာပါသည်။ ယခင်က ထိုလိုလူမျိုးတစ်ဦးသာရှိ ခဲ့ပါသည်။ ထိုသူမှာ ၁၉၉၄ ခုနှစ်က ပထမဆုံးအကြိမ် သမ္မတများ ဖလားပြိုင်ပွဲတွင် အမေရိကန်ကစားသမား ကပ္ပတိန်အဖြစ်ပါဝင်ခဲ့သူ ဟေးလ်အာရ်ဝင်ဖြစ်ပါသည်။

တိုက်ဂါးနှင့် ဂျေဆင်ဒေးတို့သည် ဂျပန် Zozo Ch. ပြိုင်ပွဲမတိုင်မီ အောက်တိုဘာလ ၂၁ ရက် တနင်္လာ နေ့က ဂျပန်ဂေါက်တိုးက အထူးပွဲအဖြစ် ဖန်တီးကျင်းပ ခဲ့သည့် Japan Skins နေ့ချင်းပြီး ၁၈ ကျင်း ပြိုင်ပွဲ၌လည်း အတူကစားခဲ့ကြပါသေးသည်။ ထိုပြိုင်ပွဲ၌ လေးဦးအား အထူးပွဲအဖြစ် ဖိတ်ကြားကစားစေခြင်းဖြစ်ရာ ကျန်နှစ်ဦး မှာ ရော်ရီမက်ကဲလ်ရွိုင်းနှင့် ဟိဒဲခိမာဆူယားမားတို့ပါ။ ပြိုင်ပွဲမှာ စကင်းဂိမ်းတို့ ထုံးစံအတိုင်း တစ်ကျင်းစီအား တန်ဖိုးသတ်မှတ်ပေးပြီး ကျင်းတိုင်းတွင် ရိုက်ချက်အနည်း ဆုံးလူက သတ်မှတ်ဆုကြေးရရှိပါသည်။ အဖြေမပေါ်ဘဲ တိုက်နေပါက ဆက်လာသောကျင်းတွင် လေးဦးစလုံးအ ခွင့်အရေးပြန်ရကာ နှစ်ကျင်းပေါင်းတန်ဖိုးကို လုရပါမည်။ ပထမ ၆ ကျင်း၏တစ်ကျင်းစီတန်ဖိုးမှာ ဒေါ်လာတစ် သောင်း၊ ဒုတိယ ၆ ကျင်း၏ တစ်ကျင်းစီတန်ဖိုးဒေါ်လာတစ်သောင်းခွဲ၊ ဆက်လာသည့် ၅ ကျင်း၏ တစ်ကျင်းစီတန်ဖိုးဒေါ်လာနှစ်သောင်းဖြစ်ပြီး နောက်ဆုံးကျင်းဖြစ် သော ကျင်း ၁၈ ၏ တန်ဖိုးမှာ ဒေါ်လာတစ်သိန်းဖြစ်ပါသည်။

ထိုပွဲတွင် မာဆူယားမားက တစ်စကင်းသာရသည်။ မက်ကဲလ်ရွိုင်းက လေးစကင်း၊ တိုက်ဂါးက ငါးစကင်းရသည်။ ဒေးကနောက်ဆုံးကျင်းအပါအဝင် ရှစ်စကင်းရပြီး ဆုကြေးဒေါ်လာနှစ်သိန်းတစ်သောင်းဆွတ်ခူး သွားပါသည်။ တိုက်ဂါးနှင့် မက်ကဲလ်ရွိုင်းတို့က ဒေါ်လာခြောက်သောင်းစီနှင့် မာဆူယားမားက ဒေါ်လာနှစ်သောင်းရကြသည်။ တိုက်ဂါးအပြင် မက်ကဲလ်ရွိုင်းရောဒေးပါ ကမ္ဘာ့နံပါတ်တစ်ဟောင်းများဖြစ်ကြပြီး မာဆူယားမားသည်လည်း ၂၀၁၇ ခုနှစ်က ကမ္ဘာ့နံပါတ်နှစ်နေရာသို့ပင် ရောက်ခဲ့ဖူးသူဖြစ်၍ ပရိသတ်များအလွန်များပြားစွာလာ ရောက်အားပေးကြည့်ရှုခဲ့ကြပါသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် သမ္မတများဖလားပြိုင်ပွဲရှိရာ သြစတြေးလျ သို့ မလာမီတွင် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၇ ရက်အထိ ဘဟားမားစ်ကျွန်းစုနိုင်ငံတွင် ကျင်းပမည့် Hero World Challenge ပြိုင်ပွဲ၌ တိုက်ဂါးကစားရပါဦးမည်။ ထိုပွဲသည် Tiger Woods Foundation လူမှုရေးအဖွဲ့အစည်းအတွက် တိုက်ဂါးက အိမ်ရှင်အဖြစ်ကျင်းပသောပွဲပါ။ ထိုပွဲ၌ အမေရိကန်သမ္မတများဖလားလက်ရွေးစင်များအားလုံးပါဝင် ကစားခွင့်ရထားပေရာ ထိုပွဲပြီးမှ သြစတြေးလျသို့ သွား ကြရပါမည်။ ကစားမည့်ကွင်းတွင် လေ့ကျင့်ချိန်က အပြည်ပြည်ဆိုင်ရာအသင်းက ပိုရပါလိမ့်မည်။

ဤပြိုင်ပွဲမှာ ရိုက်ဒါဖလားနှင့် ပုံစံတူသော်လည်း ပွဲအရေအတွက်က ပိုများပါသည်။ ဖိုးဘော ၁၁ ပွဲ၊ ဖိုးဆမ်း ၁၁ ပွဲနှင့် တစ်ဦးချင်း ၁၂ ပွဲဖြစ်ပါသည်။ ၃၄ ပွဲအ တွက် ၃၄ မှတ်ပေးထားရာနိုင်လျင် ၁ မှတ်၊ သရေအမှတ် ဝက်၊ ရှုံးလျင် အမှတ်မရသော ပုံစံဖြစ်ပါသည်။ ပထမနေ့ တွင် ဖိုးဆမ်း ၆ ပွဲ၊ ဒုတိယနေ့တွင် ဖိုးဘော ၆ ပွဲ၊ တတိ ယနေ့တွင် နံနက်ပိုင်း၌ ဖိုးဆမ်း ၅ ပွဲ၊ မွန်းလွဲပိုင်း၌ ဖိုး ဘော ၅ ပွဲ၊ နောက်ဆုံးနေ့တွင် တစ်ဦးချင်း ၁၂ ပွဲဖြစ်ပါ သည်။

ပြိုင်ပွဲရာဇဝင်၌ အမေရိကန်အသင်း၏ရလဒ်များက များစွာပိုကောင်းပါသည်။ ကစားပြီးသမျ ၁၂ ကြိမ်တွင် အမေရိကန်အသင်းက ၁၀ ကြိမ်၊ အပြည်ပြည်ဆိုင် ရာအသင်းက တစ်ကြိမ်နိုင်ခဲ့ပြီး တစ်ကြိမ်၌ သရေဖြစ်ခဲ့ သည်။ နောက်ဆုံး ၇ ကြိမ် ဆက်တိုက်အမေရိကန်အသင်း နိုင်ခဲ့သည်။ အမေရိကန်ဂေါက်သီးသမားများက လက် ရည်သာလွန်ခဲ့၍ ဖြစ်သည်။ ၁၉၉၈ ခုနှစ်က တစ်ပွဲတွင် မူ အပြည်ပြည်ဆိုင်ရာအသင်း၌ ဂရက်နော်မန်၊ အာနီအဲ လ်စ်၊ ဗီဂျေဆင်း၊ နစ်ခ်ပရိုက်စ်၊ စတိဗ်အယ်လ်ကင်တန်၊ ဂျမ်ဘိုအိုဇာကီ စသော ဒိတ်ဒိတ်ကျဲများပါခဲ့သဖြင့် တိုက်ဂါး၊ ဒေးဗစ်ဒ်ဒူမော၊ မတ်ခ်အိုမီးရား၊ လီးဂျန်ဇင်၊ ဂျပ်စ် တင်လီယိုနဒ်၊ ဂျင်မ်ဖျူးရစ်ခ် စသော မေဂျာချန်ပီယံများ ပါသည့် အမေရိကန်အသင်းအားအနိုင်ရခဲ့ပါသည်။
ယခုနှစ်တွင်လည်း ကမ္ဘာ့အဆင့်ဇယားပါအဆင့်များတွင် အမေရိကန်ဂေါက်သီးသမားများက အဆင့်ပိုမြင့်ကြသည်။ အမှတ်အရတစ်သင်း၌ ရှစ်ဦးစီရွေးပြီးချိန်တွင် အပြည်ပြည်ဆိုင်ရာအသင်းမှ ကမ္ဘာ့အဆင့်အမြင့်ဆုံး ဂေါက်သီးသမားမှာ အဒမ်စကော့တ်ဖြစ်ပါသည်။ အမေရိကန်အသင်းမှ ဂေါက်သီးသမားငါးဦးအနက် စကော့တ်ထက်အဆင့်ပိုမြင့်သူဦးရေမှာ ခုနစ်ဦးပင်ဖြစ်နေပါသည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာအသင်းအနိုင်ရရန်မှာ မလွယ်ကူလှဟု မှန်းဆရပါသည်။ အလုပ်များနေသည့် တိုက်ဂါးတစ်ယောက် ကစားသူအဖြစ်ရောကပ္ပတိန်အဖြစ်ပါ တာဝန်ထမ်းဆောင်ရင်း အသင်းလိုက်အောင်ပွဲတစ်ပွဲရဦးမည်ထင်မိပါသည်…

ဝင်းမြင့်သိန်း

Issue – ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း