အမျိုးသမီးတွေကိုဓမ္မတာခွင့် ၁၀ ရက်စပေးပြီဖြစ်တဲ့ အိန္ဒိယက အစားအသောက် ဝန်ဆောင်ရေးလုပ်ငန်း Zomato

အိန္ဒိယနိုင်ငံမှ နာမည်ကြီးအစားအသောက်ပို့ဆောင်ရေး လုပ်ငန်းကုမ္ပဏီကြီးတစ်ခုက သူ့အမျိုးသမီးဝန်ထမ်းတွေကို တစ်နှစ်ကိုဓမ္မတာခွင့် ဆယ်ရက်ယူခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဓမ္မတာဆိုတဲ့စကားလုံးအကြောင်း လူကြားထဲတောင်ပြောခွင့်မရှိသေးတဲ့ အိန္ဒိယလိုနိုင်ငံအတွက် ဒါတော်တော်ထူးခြားတဲ့ အပြောင်းအလဲတစ်ခုပါ။ Zomato အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီ တည်ထောင်သူနဲ့ စီအီးအိုဒီပင်းဒါးဂိုရယ်က အမျိုးသမီးဝန်ထမ်းတွေနဲ့ လိင်ပြောင်းထားသူဝန်ထမ်းတွေ ဓမ္မတာလာစဉ် တစ်ကြိမ် ခွင့်တစ်ရက်ပေးမယ်လို့ သြဂုတ်လ ၈ ရက်ကထုတ်ပြန်လိုက်ပါတယ်။ အိန္ဒိယက Uber အစားအသောက်ပို့ဆောင်ရေး လု ပ်ငန်းကိုနှစ်ဆန်းပိုင်းမှာဝယ် ယူခဲ့တဲ့နာမည်ကြီး Zomato က အခုလို ဓမ္မတာခွင့်စတင်မိတ်ဆက်လိုက်တာဖြစ်ပါတယ်။တခြားကုမ္ပဏီသေးသေးလေးတချို့က အလားတူခွင့်မျိုးအရင်ကတည်းကပေးပါတယ်။

ကုမ္ပဏီကြီးထဲမှာတော့ Zomato က ပထမပါလို့ ပြည်တွင်းမီဒီယာတွေကထုတ်ပြန်ပါတယ်။ Zomato မှာ ယုံကြည်မှု၊ လက်ခံမှုစတဲ့ ယဉ်ကျေးမှုကို အားပေးချင်ပါတယ်လို့ စီအီးအိုဂိုရယ်က ဝန်ထမ်းတွေကို အီးမေလ်းကတစ်ဆင့်ဆိုပါတယ်။ ဒီလိုမျိုးခွင့်ကိုလည်း တရားဝင်ကြေညာချက်အဖြစ် ဘုတ်မှာကပ်ထားပါတယ်။ ဓမ္မတာခွင့်ယူတာနဲ့ပတ်သက်ပြီး ဝန်ထမ်းထဲက မလိုလားအပ်တဲ့အနိုင်အထက်ပြုတာတို့၊ မကောင်းတဲ့ ဝေဖန်ချက်တွေရှိလာရင် ထုတ်ပြောဖို့ကိုလည်း စီအီးအိုကအားပေးထားပါတယ်။ Zomato ရဲ့အခွင့်အရေးသစ်က အွန်လိုင်းပေါ်မှာအငြင်းပွားကုန်ကြပါတယ်။

တချို့ကတွီတာမှာစောဒကတက်ပါတယ်။ ဆယ်ရက်အစား ခွင့်ကို ၁၂ ရက်ပေးသင့်ပါတယ်။ တချို့ကလုံးဝမပေးသင့်ပါဘူး။ အထူးအခွင့်အရေးတစ်ရပ်ဖြစ်နေပါတယ်။ တချို့ကလည်း အမျိုးသမီးတွေကိုချည်းခွင့်ပေးတာဟာ ကျား၊ မ ခွဲခြားတယ်ဆိုပြီး သတိပေးပါတယ်။ Center for Social Research ဆိုတဲ့ လူမှုရေးအသင်းက ဒါရိုက်တာရန်ဂျာနာကူမာရိက အမျိုးသမီးတွေကို ဒီလိုခွင့်ပေးရင် သူတို့ကိုမသန်စွမ်းဘူးလို့ တချို့ကထင်နိုင်တယ်။ ယူဆနိုင်တယ်။ ဒါကြောင့် အလုပ်ခန့်တဲ့အခါ အခက်အခဲဖြစ်နိုင်တယ်လို့ သတိပေးပါတယ်။ အဲဒီစင်တာဟာ အမျိုးသမီးအခွင့်အရေးတောင်းဆိုပေးနေတဲ့ အိန္ဒိယကအဖွဲ့အစည်းပါ။ ဒါပေမဲ့ ကူမာရီကခွင့်ပေးတာ ကိုကြိုဆိုပါတယ်။ အမျိုးသမီးတွေ ကျန်းမာရေး၊ ခန္ဓာကိုယ်ကိုစောင့်ရှောက်ဖို့ ခွင့်ပြုတဲ့သဘောဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒပ်ချ်အမျိုးသမီး ၃၂,၀၀၀ ကျော်ကို သုတေသနလုပ်ကြည့်တော့ အသက် ၁၅ နဲ့ ၄၅ ကြား ၈၁ ရာခိုင်နှုန်းက သူတို့တွေ ဓမ္မတာလာတဲ့ရက်တွေမှာအလုပ်သိပ်ပြီး မလုပ်နိုင်ပါဘူးလို့ဆိုပါတယ်။ သုတေသနလုပ်တဲ့လူတွေက အမျိုးသမီးတွေအတွက်ကို ၁.၃ ရက်ကျောင်းပျက်၊ အလုပ်ပျက်ကြတယ်လို့ ဓမ္မတာလာချိန်ကိုဆိုပါတယ်။ ကုန်ထုတ်စွမ်းအားအတွက် ကြည့်တော့လည်း ရှစ်ရက်၊ ကိုးရက်စာလောက် လျော့တယ်လို့ဆိုပါတယ်။

Ref: CNN