အပျော်စီးသင်္ဘောခရီးစဉ်နဲ့ပတ်သက်လို့ လွဲမှားနေတဲ့ အယူအဆ ၅ ခု

ခရီးတွေသွားတဲ့အခါ အသစ်အဆန်းလေးတွေကို တွေ့ကြုံရပြီး ကိုယ်ကြိုတင်တွေးထင်ထားတဲ့ယူဆချက်တွေကို ဖယ်ပစ်လိုက်ရတာမျိုးရှိပါတယ်။ ဒါပေမဲ့ အပျော်စီးသင်္ဘောခရီးလို့ပြောလိုက်ရင် လူတိုင်းကသူတို့ရဲ့နှစ်ပေါင်းများစွာက ကြိုတင်တွေးဆချက်တွေကိုပဲ စိတ်ရောက်သွားတတ်ပါတယ်။ ဒါကြောင့်လွဲမှားနေတဲ့အယူအဆတွေနဲ့ အမှန်က ယနေ့ခေတ်အပျော်စီးသင်္ဘောခရီးစဉ်တွေက စိတ်လှုပ်ရှားစရာ၊ ရင်ခုန်စရာကောင်းတဲ့အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အပျော်စီးသင်္ဘောခရီးစဉ်တွေက လူကြီးတွေအတွက်ပဲ၊ ရှေးကျတဲ့ ဖက်ရှင်ဖြစ်တယ်။

ဒီလိုမျိုးအတွေးတွေရှိတယ်ဆိုရင် ယနေ့ခေတ်အပျော်စီးသင်္ဘောခရီးစဉ်က အဲဒါနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီဆိုတာကို ပြောပြချင်ပါတယ်။ အပျော်စီးသင်္ဘောတွေပေါ်မှာ တေးဂီတနဲ့အကဖျော်ဖြေပွဲတွေ၊ ခမ်းနားတဲ့ညစာစားပွဲတွေ၊ ကိုယ်ခန္ဓာကြံ့ခိုင်ရေးသင်တန်းတွေနဲ့ ရေလွှာလျောစီးခြင်းအတွေ့အကြုံတွေကို ရရှိအောင်ဆောင်ရွက်ပေးနေပါတယ်။ အခုဆိုရင် အပျော်စီးသင်္ဘောတွေက ဒစ်ဂျစ်တယ်နည်းပညာတွေပေါင်းစပ်ထားတဲ့နေရာအဖြစ်လည်း လျင်လျင်မြန်မြန်ဖြစ်လာနေပါတယ်။ ဥပမာအနေနဲ့ဆိုရင် စက်ရုပ် Bartender တွေရဲ့ တည်ခင်းပေးမှုတွေကိုလည်း ကြုံတွေ့ရမှာပါ။

၂။ အပျော်စီးသင်္ဘောခရီးစဉ်တွေက လည်ပတ်သူများပြားတဲ့၊ အထင်ကရနေရာတွေပဲဖြစ်တယ်။

ကမ္ဘာအနှံ့က နိုင်ငံတွေအချင်းချင်းဆက်ဆံမှုတွေများလာတာနဲ့အမျ တမူထူးခြားတဲ့ ခရီးသွားအတွေ့အကြုံအသစ်တွေရဖို့က ပိုမိုခက်ခဲလာပါတယ်။ အပျော်စီးသင်္ဘောတွေက ဒီတောင်းဆိုချက်တွေကိုဖြည့်ဆည်းပေးနေပြီး တစ်ခါမှမမြင်ဖူး၊ မရောက်ဖူးတဲ့ခရီးစဉ်တွေကို စီစဉ်ပေးနေပါပြီ။
ဥပမာ-တောနက်ထဲဝင်ပြီးခရီးသွားတာ၊ သဘာဝအလှတွေ ခံစားတာ၊ လူသူအရောက် အပေါက်နည်းတဲ့ဘုန်းကြီးကျောင်း၊ ဒါမှမဟုတ် ဂူဘုရားတွေဆီလည်ပတ်တာ၊ ဒေသခံရွာတွေထဲ လေ့လာလည်ပတ်တာစတဲ့ အစီအစဉ်တွေကို ထည့်သွင်းဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။

၃။ ပင်လယ်ထဲမှာ ပိတ်မိနေပြီးပျင်းဖို့ကောင်းတယ်။

အခုဆိုရင် ကိုယ်စိတ်ဝင်စားတဲ့အရာပေါ်မှာမူတည်ပြီး အပျော်စီးသင်္ဘောခရီးစဉ်တွေကို ရွေးချယ်ခွင့်ရှိနေပါတယ်။ ဒါကြောင့် ကိုယ်ကမှားယွင်းရွေးချယ်မိလို့ ကိုယ့်စိတ်ဝင်စားမှုနဲ့ မကိုက်တာမျိုးတွေမဖြစ်ရလေအောင် ကိုယ့်အကြိုက်နဲ့အံကိုက်ဖြစ်မယ့်အပျော်စီးသင်္ဘောကို ရွေးချယ်ပါ၊ ဒါဆိုရင် ခရီးစဉ်တစ်လျောက်မှာ ကိုယ်ဆန္ဒရှိတဲ့ လုပ်ချင်တဲ့ အရာတွေမှန်သမျကိုလုပ်နိုင်မှာပါ။ ဥပမာ- ကိုယ်က Scuba Diving လုပ်ချင်လား၊ ယောဂ၊ ဒါမှမဟုတ် ဓာတ်ပုံရိုက်တာ၊ ဝိုင်အရသာတွေမြည်းစမ်းတွေကို လုပ်ကြည့်ချင်တယ်ဆိုရင် အဲဒီလိုအတွေ့အကြုံမျိုးပေးတဲ့ အပျော်စီးသင်္ဘောကိုရွေးပါ။

၄။ အပျော်စီးသင်္ဘောပေါ်က အစားအသောက်တွေက အရသာမရှိဘူး။

အပျော်စီးသင်္ဘောပေါ်မှာ တည်ခင်းတဲ့အစားအသောက်တွေက ကိုယ့်အကြိုက်နဲ့မကိုက်ညီဘဲ အရသာမရှိဖြစ်မှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီကိစ္စအတွက် ဘာမှစိတ်ပူစရာမလိုတော့အောင် ဒီနေ့ခေတ်အပျော်စီးသဘောၤခရီးတွေက စီးနင်းလိုက်ပါလာတဲ့ အလည်အပတ်ခရီးသည်တွေရဲ့ အရသာအကြိုက်ပေါ်မူတည်ပြီး အရသာစုံလင်တဲ့ အစားအသောက်တွေကို တည်ခင်းပေးနေပါတယ်။

၅။ လှိုင်းမူးတာကို ခံနိုင်ရည်ရှိမှဖြစ်မယ်။

အပျော်စီးသင်္ဘောခရီးသွားဖို့ ကိုယ်က လှိုင်းမူးမခံနိုင်လောက်ဘူးလို့ တွေးနေတယ်ဆိုရင် ဒါက စိတ်ပူစရာကိစ္စရပ်မဟုတ်ပါ။ လက်ရှိအပျော်စီးသင်္ဘော (ကြီးကြီး၊ ငယ်ငယ်) တွေမှာ သမုဒ္ဒရာထဲမှာ လူးလွန့်ခြင်းတွေမရှိအောင်ထိန်းပေးတဲ့ အထူးကိရိယာတွေတပ်ဆင်ထားပါတယ်။ ဒါကြောင့် သင်္ဘောပေါ်ရောက်ပြီဆိုတာနဲ့ ရေပြင်ပေါ်မှာ သွားနေတာကိုတောင် သတိရတော့မှာမဟုတ်ပါဘူး။ သင်္ဘောကုန်းပတ်အလယ်ကအခန်းမှာ၊ ဒါမှမဟုတ် သင်္ဘောရဲ့အောက်ခြေပိုင်းမှာ အခန်းယူထားတယ်ဆိုရင် အပျော်သင်္ဘောခရီးသွားဖို့အတွက်ရှိနေတဲ့ အကြောက်တရားတွေကို ဖြေရှင်းပြီးသားဖြစ်နိုင်ပါတယ်။

ပထမဆုံးအပျော်စီးသင်္ဘောခရီးစဉ် စီစဉ်တဲ့အခါ . . .
ပထမဆုံးအကြိမ်အပျော်စီးသင်္ဘောနဲ့ ခရီးထွက်မယ့်သူတွေအတွက် ကိုယ့်ရဲ့ခရီးစဉ်ကို ဘယ်လိုစတင်စီစဉ်သင့်သလဲဆိုတာနဲ့ပတ်သက်လို့ ပြောပြပေးချင်ပါတယ်။

အပျော်စီးသင်္ဘောတွေက လဝက်၊ ဒါမှမဟုတ် တစ်လခွဲအချိန်လောက် ခရီးသွားတာဖြစ်တဲ့အတွက် မိသားစုအားလပ်ရက်ခရီး ရှည်ထွက်တာပဲဖြစ်ဖြစ်၊ ကိုယ်အနေနဲ့အချိန်အတော်ကြာ ရက်ရှည်သင်္ဘောပေါ်မှာနေရမှာဖြစ်တဲ့အတွက် ကိုယ်ကအချိန်ဘယ်လောက်ပေးနိုင်မလဲ၊ ကိုယ်ရွေးချယ်မယ့်အပျော်စီးသင်္ဘောက ဘယ်လောက်ထိလုံခြုံစိတ်ချမှုပေးနိုင်လဲ၊ ကိုယ့်အတွက် ခရီးတစ်လျောက်အဆင်ပြေအောင် ဘယ်လိုမျိုးဧည့်ဝတ်ကျေပွန်မှုတွေပေးလဲ၊ တကယ်လို့မိသားစုလိုက်သွားမယ်ဆိုရင် ကိုယ့်ကလေးတွေအတွက် Kid-friendly ဖြစ်လား၊ ကိုယ်သုံးစွဲနိုင်မယ့် ကုန်ကျစရိတ်ပမာဏလားဆိုတာတွေကို အရင်ဆန်းစစ်ရပါမယ်။

အပျော်စီးသင်္ဘောခရီးစဉ်တွေအကြောင်း Website ၃ ခု…
နံပါတ်တစ်အနေနဲ့ကတော့ http://www.cruisecritic.com ပါ။ ဒီ Website ထဲမှာဆိုရင် ကိုယ်သွားချင်တဲ့နိုင်ငံနဲ့ ဘယ်လမှာသွားချင်တယ်ဆိုတာကို ရိုက်ထည့်လိုက်ရင် အပျော်စီးသင်္ဘောခရီးစဉ်အမျိုးမျိုးနဲ့ တစ်မျိုးချင်းစီရဲ့ ကုန်ကျစရိတ်အပြည့်အစုံကိုတွေ့ရမှာပါ။ အပျော်စီးသင်္ဘောတွေက ကိုယ်သွားချင်တယ်လို့ရွေးလိုက်တဲ့ နိုင်ငံကနေပဲ စထွက်ခွာကြတာဖြစ်တဲ့အတွက် ကိုယ့်အတွက် ဘယ်နိုင်ငံကအဆင်ပြေလဲ၊ ကိုယ်ကအချိန်ကာလ ဘယ်လောက်ပေးနိုင်လဲ၊ ကုန်ကျစရိတ်ကို ဘယ်လောက်ထိသုံး စွဲနိုင်လဲအပေါ်ချိန်ဆပြီး ကိုယ့်အတွက် အဆင်ပြေမယ့် အပျော်စီးသင်္ဘောခရီးစဉ်တွေကို ရွေးချယ်နိုင်ပါတယ်။ ကိုယ်ကမြန်မာနိုင်ငံမှာနေတာဖြစ်တဲ့အတွက် အနီးစပ်ဆုံးစင်ကာပူလောက်ကနေ အာရှတစ်ခွင်ကို အပျော်စီးသင်္ဘော ခရီးထွက်နိုင်မယ့် အပျော်စီးသင်္ဘောလိုင်းတွေကိုရွေး ချယ်တာက ပိုကောင်းပါတယ်။

ဒါ့အပြင် ဒီ Website ထဲမှာ အပျော်စီးသင်္ဘော ခရီးသွားမယ့်သူအတွက်၊ ဒါမှမဟုတ် သွားဖို့အစီအစဉ်ရှိတဲ့သူတွေအတွက် မသွားခင်မှာဘယ်လိုမျိုးစီစဉ်ရမလဲ၊ သွားနေစဉ်မှာ ဘယ်လိုမျိုးတွေတော့ ကြုံတွေ့ရတတ်တယ် ဆိုတဲ့အချက်တွေနဲ့ အပျော်စီးသင်္ဘောခရီးစဉ်အမျိုးမျိုးကို ဖော်ပြထားပါတယ်။ ဥပမာ-အပျော်စီးသင်္ဘောခရီးစဉ်ကိုရွေးချယ်ဖို့နည်းလမ်းတွေ၊ ပထမဆုံးအကြိမ် အပျော်စီးသင်္ဘောစီးမယ့်သူတွေအတွက် သိရှိထားရမယ့် အချက်တွေ၊ တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ စုံတွဲအနေနဲ့ပဲဖြစ်ဖြစ်သွားတဲ့အခါ ဘယ်လိုမျိုးပျော်ရွှင်ကြည်နူးဖွယ်အချိန်တွေရအောင်ယူနိုင်မလဲ စတာတွေနဲ့ ပတ်သက်လို့ဆောင်းပါးတွေကိုလည်း ပြည့်ပြည့်စုံစုံ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အလားတူပဲ ကမ္ဘာအနှံ့က ကိုယ်သွားချင်တဲ့နေရာ၊ ကိုယ်သုံးစွဲဖို့ရည်ရွယ်တဲ့ ငွေကြေးပမာဏ၊ ကိုယ်ဘယ်လိုမျိုး အတွေ့အကြုံတွေခံစားရချင်လဲပေါ်မူတည်ပြီး အပျော်စီးသင်္ဘောခရီးစဉ်အစုံအလင်ကို ကိုယ့် စိတ်တိုင်းကျရွေးချယ်နိုင်တဲ့ Website နောက်တစ်ခုက https://www.oceaniacruises.com ပါ။

အပျော်စီးသင်္ဘောခရီးစဉ်အတွက် ကိုယ်လိုချင်တဲ့အချက်တွေ များများပါဝင်ပြီး ရွေးချယ်မှုများများလုပ် ဆောင်နိုင်စေဖို့ ဖော်ပြပေးချင်တဲ့နောက် Website တစ် ခုက https://www.crystalcruises.com ပဲဖြစ်ပါတယ်။

ဈေးနှုန်းတွေကတော့ ဒေါ်လာ ၂,၀၀၀ ဝန်းကျင် ကနေ ၃,၀၀၀ ဝန်းကျင်အထိ ကိုယ်ရွေးချယ်တဲ့ ခရီးအတို အရှည်၊ ဝန်ဆောင်မှုအဆင့်အတန်း စတာတွေပေါ်မူတည် ပြီး ကွာခြားနိုင်ပါတယ်။