အဂတိပယ်ခွာပြည်သာယာ -၁၈

အဂတိလိုက်စားမှုကြောင့် ကြုံတွေ့နိုင်သော ဘေးအန္တရာယ်များ

အဂတိလိုက်စားမှုသည် အများပြည်သူလူထုတစ်ရပ်လုံး အပြင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေးကဏ္ဍအသီးသီးတို့ကို အတိဒုက္ခဖြစ်စေသည့် ဘေးအန္တရာယ်ကြီးတစ်ရပ်ဖြစ် ကြောင်း ပြောဆိုဆွေးနွေးရေးသားဖွင့်ဆိုနေကြသည်က များပါသည်။ အဂတိလိုက်စားမှုဘေးအန္တရာယ်ဖြစ်နိုင် ခြေရှိမှုကို အကဲဖြတ်ခြင်း (Corruption Risk Assessment) သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၌ အရေး ကြီးသော ဘာသာရပ်တစ်ခုဖြစ်ပါသည်။ သို့သော် အဂတိ လိုက်စားမှုသည် အဂတိလိုက်စားခဲ့သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ကိုယ်တိုင်အတွက်လည်း ဘေးအန္တရာယ်အဘယ်မျကြီးမားနေပါသနည်း။ ဤအကြောင်းအရာကို ပြောဆို ဆွေးနွေးမှုနည်းသေးသည်ဟု ထင်မြင်မိပါသည်။

အဂတိလိုက်စားမှုကြောင့် ကြုံတွေ့နိုင်သော ဘေးအန္တရာယ်များမှာ တစ်နိုင်ငံနှင့် အခြားတစ်နိုင်ငံ၊ ခေတ်ကာလတစ်ခုနှင့် အခြားတစ်ခုမတူညီနိုင်ပါ။ ထိရောက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ လည်းရှိသည်။ တရားစွဲဆိုမည့် အဖွဲ့အစည်းလည်းရှိသည်။ တရားစီရင်မည့် အဖွဲ့အစည်းလည်းရှိသည်။ တစ်ကမ္ဘာ လုံးတွင် အဂတိလိုက်စားမှုအများဆုံးဖြစ်နေသည့်တိုင် ဟုတ်တိပတ်တိအရေးယူမှုမရှိခဲ့ခြင်းတို့ကိုလည်း မြင်တွေ့ ခဲ့ရဖူးသည်။ ထိုစဉ်က အဂတိလိုက်စားသူများအတွက် နိဗ္ဗာန်ဘုံရှိခဲ့ဖူးသည်။ တစ်ဖန် အရေးကြီးသောအမှုများကို တရားစွဲ၍မရအောင် မျက်လှည့်ပြထားသော အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အသေးအဖွဲအမှုကလေးများ ကိုသာ စတိသဘောအရေးယူပြသွားသည်လည်းရှိခဲ့ သည်။ ဤအခြေအနေတွင် အဂတိလိုက်စားမှုကြောင့် ကြုံ တွေ့ရနိုင်သော ဘေးအန္တရာယ်များမှာ ဖြစ်ခေါင့်ဖြစ်ခဲဖြစ် သည့်အပြင် နေရာကွက်ကွက်ကလေး၌သာ ဘေးအန္တ ရာယ်ရှိနေပြီး၊ အန္တရာယ်မှ ကင်းလွတ်သောနယ်မြေကများ စွာ ကျယ်ဝန်းစွာရှိနေတတ်ပါသည်။ ထိုစဉ်က အဂတိ လိုက်စားခြင်းဖြင့် စွန့်စားစီးပွားရှာမှုတွင် စွန့်စားမှုအနည်း ငယ်ကလေးမျသာရှိကောင်းရှိနိုင်ပါသည်။ အဂတိလိုက် စားမှုသည် ဘေးအန္တရာယ်ကြီးတစ်ခုဟူ၍ပင် သတ်မှတ် နိုင်ခြင်းမရှိသေးပါ။

၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ ဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေသည် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတလက်မှတ် ရေးထိုးထုတ်ပြန်လိုက်ပြီးသည့် နောက်တွင်မူ အခြေအနေ အတော်အတန်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါသည်။ အဂတိ လိုက်စားမှုဖြင့် စွန့်စားစီးပွားရှာလိုသူများအတွက် ဘေး အန္တရာယ်ကင်းလွတ်နယ်မြေ ကျဉ်းမြောင်းသွားစေခဲ့ပါ သည်။ တံစိုးလက်ဆောင်ပေးခြင်းတွင် ယခင်ကပေးသူဘက်ကိုမသိမသာအကာအကွယ်ပေးထားရာမှ ယခုအခါ တံစိုးလက်ဆောင်ပေးသူရော၊ ယူသူပါ အရေးယူနိုင်သည့် အခြေအနေဖြစ်လာသည်။ ပြည်သူ့ဘဏ္ဍာရန်ပုံငွေနှင့် ပတ်သက်၍မူ တံစိုးလက်ဆောင်ပေးခြင်းယူခြင်းကို နှိုက် နှိုက်ချွတ်ချွတ် လိုက်လံရှာဖွေနေတော့မည်မဟုတ်ပေ။ တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတစ် ရပ်ကို ဖောက်ဖျက်ခြင်းကြောင့် ခိုင်လုံသောစာရင်းဇယား ကိန်းဂဏန်းအထောက်အထားများအရ ပြည်သူ့ဘဏ္ဍာရန် ပုံငွေကို ဆုံးရှုံးစေခဲ့ပြီဆိုလျင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေအရ တရားစွဲဆိုခံရတော့မှာဖြစ်ပါသည်။ ထို့ ကြောင့် ယခုအခါတွင် အဂတိလိုက်စားမှုကြောင့် ဖြစ်နိုင် သော ဘေးအန္တရာယ်မှာ အတော်အတန်ကြီးလာပြီဖြစ်ပါ သည်။ သို့ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ တွင် ဟာကွက် ပျော့ကွက်များကားရှိနေဆဲဖြစ်ပါသည်။ နေရာဒေသအားလုံးကို လွှမ်းခြုံနိုင်ခြင်းလည်း မရှိသေး ပါ။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အဂတိလိုက်စားမှုကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ရန်အတွက်ဆိုလျင် နောက် ထပ်ပြင်ဆင်ရန် အကြောင်းအချက်များစွာ လိုနေသေး သည်ဟု ထင်မြင်မိပါသည်။ သို့သော် ထပ်မံပြင်ဆင်နိုင် သည့်အဆင့်အထိ ရောက်ရှိရန် လက်ရှိပြင်ဆင်ချက်ဥပဒေ နှင့် ပြည်သူလူထုကကောင်းစွာ အသားကျပြီး အတော်အ သင့် ခိုင်မာရင့်ကျက်လာရန် အချိန်ပေးရပါဦးမည်။

တည်ဆဲအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရဆိုလျင် အဂတိလိုက်စားသူများအတွက် ဥပဒေအရအ ရေးယူခံရနိုင်သော ဘေးအန္တရာယ်က ပိုမိုကြီးမားလာပါ သည်။ ဥပဒေအရ ရွှေ့ပြောင်းနိုင်သောပစ္စည်း မရွှေ့ပြောင်း နိုင်သောပစ္စည်းများအပါအဝင် ပိုင်ဆိုင်မှုများ ဖော်ထုတ် သိမ်းဆည်းခံရနိုင်သော ဘေးအန္တရာယ်ကလည်း ယှဉ်တွဲ ပါလာနေပါသည်။ ဂုဏ်သိက္ခာဆုံးရှုံးစေမည့် အန္တရာယ်က တော့ ပြောစရာမလိုတော့ပါ။ မူလကရာထူးဌာနန္တရရှိ သော ပုဂ္ဂိုလ်များ၊ ကြွယ်ဝချမ်းသာသူများသည် မိမိတို့ကို အပ်နှင်းထားသည့်အာဏာနှင့် လုပ်ပိုင်ခွင့်များပါ ဆုံးရှုံး စေသည့် ဘေးအန္တရာယ်ကလည်း အသေအချာရှိနေပါ သည်။

ထို့အပြင် ဆက်စပ်အကြောင်းခြင်းရာများကြောင့် စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်၍လည်းကောင်း၊ ငွေရေး ကြေးရေး၊ မိသားစုအရေးနှင့်ပတ်သက်၍ လည်းကောင်း မမျော်မှန်းထားသော အခြေအနေများပေါ်ပေါက်လာနိုင် သည့် ဘေးအန္တရာယ်လည်းရှိပါသည်။ ဂုဏ်သတင်းအရ လည်းကောင်း၊ ယုံကြည်မှုအရလည်းကောင်း၊ နိုင်ငံတကာ ကျင့်ဝတ်များအရလည်းကောင်း၊ စီးပွားရေးလုပ်ငန်းကြီး တစ်ခုလုံး ဗုန်းဗုန်းလဲပြီး အရေးပေါ်အခြေအနေနှင့် ရင် ဆိုင်ရနိုင်သည့် ဘေးအန္တရာယ်၊ လူတောမတိုးဝံ့အောင်ဖြစ် စေသော ကိုယ်ကျင့်တရားဆုံးရှုံးစေသည့် ဘေးအန္တရာယ်၊ ဘဝတစ်လျောက်လုံးတွင် ကြိုးပမ်းအားထုတ်ထားခဲ့သော မျော်လင့်ချက်အားလုံးကို လက်လွတ်ဆုံးရှုံးစေသည့် ဘေး အန္တရာယ်၊ တစ်သက်တာကာလလိုက်နာစောင့်ထိန်းထား မှုများ၊ ဝတ္တရားများပျက်ကွက်ဆုံးရှုံးစေသည့် ဘေးအန္တ ရာယ်နှင့် နောက်ဆုံးတွင် မိမိနှင့် မိသားစုဝင်များသည် မိမိကျင်လည်ကျက်စားခဲ့သည့် ပတ်ဝန်းကျင်မှ ထွက်ခွာ သွားရသည့် ဘေးအန္တရာယ်အထိ ရောက်ရှိနိုင်ပါကြောင်း သတိပြုအပ်ပါသည်။

မင်းဗထူး