အဂတိပယ်ခွာပြည်သာယာ (၁၆)

စီးပွားရေးလုပ်ငန်းများနှင့် ဖြောင့်မတ်တည်ကြည်မှု

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြောင်းပြောကြလျင် လူအများအပြားက များသောအားဖြင့် နိုင်ငံ့ဝန်ထမ်းများဘက်ကိုသာ လက်ညှိုးထိုးပြောတတ်ကြပါသည်။ အမှန်တော့ နိုင်ငံ့ဝန်ထမ်းချည်းသက်သက် အဂတိလိုက်စားမှုဖြစ်နိုင်ခြေနည်းပါသည်။ နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက် စားမှုဖြစ်ရသည့်အကြောင်းရင်းကို အသေအချာစိစစ်လျင် လုံလောက်ခြင်းသဘောတရားနှင့် ဆက်စပ်နေပါသည်။ မိမိနှင့်မိသားစုကို ထောက်ပံ့နိုင်ရန် ရိုးသားမှုရှိသောအလုပ်မှ အခြေခံလိုအပ်ချက်များရယူနိုင်ခြင်း၊ ဝင်ငွေထွက်ငွေမမျမတဖြစ်ပေါ်မှုကို ထိန်းချုပ်နိုင်ခြင်း၊ ခြိုးခြံချွေတာခြင်း၊တစ်ကိုယ်ကောင်းမဆန်ခြင်းနှင့် အကျင့်ဆိုးများကို ငြင်းပယ်ရန် လုံလောက်သော ခံနိုင်ရည်နှင့် စွမ်းရည်ရှိခြင်းတို့နှင့်လည်း သက်ဆိုင်ပါသည်။

အမှန်အတိုင်းဆိုရသော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် ဖြောင့်မတ်တည်ကြည်မှုမရှိသော စီးပွားရေးလုပ်ငန်းရှင်များအကြောင်းကို ချန်လှပ်ထားရန် လုံးဝမသင့်လျော်ပါ။ ကြီးမားသော အဂတိလိုက်စားမှုများတွင် နိုင်ငံ့ဝန်ထမ်းကြီးများနှင့်ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းရှင်များက လက်ဝါးချင်းရိုက်ပြီး နိုင်ငံ့ဘဏ္ဍာရန်ပုံငွေကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့သည့် ဇာတ်လမ်းများစွာကို ပြည်သူလူထုက တွေ့မြင်ခဲ့ကြရပြီးဖြစ်သည်။

ထိုသို့ လက်ဝါးချင်းရိုက်နိုင်ရန် ကြားပွဲစားများ သို့မဟုတ် ယုံကြည်ရသောမိတ်ဆွေ၊ တပည့်တပန်းများမှတစ်ဆင့် အဆက်အသွယ်ပြုခြင်း၊ ခရီးသွားလာမှုနှင့် မိသားစုအရေးတွင် လွယ်ကူမှုဖြစ်စေခြင်း၊ ဝန်ဆောင်မှုအကူအညီပေးခြင်း၊ အားကစား၊ ညစာစားပွဲ၊ ရိုးရာဓလေ့ထုံးတမ်းအရအလှူအတန်းများတွင် ပါဝင်လှူဒါန်းခြင်း၊ နေ့ကြီးရက်ကြီးများအတွက် လက်ဆောင်ပစ္စည်းပေးပို့ခြင်း၊ ပုဂ္ဂိုလ်ရေးလိုအပ်ချက်များဖြည့်ဆည်းပေးခြင်းတို့ကို အစပျိုးခဲ့ ကြသူများမှာ များသောအားဖြင့် ဆက်စပ်စီးပွားရေးလုပ်ငန်းရှင်များဘက်က ဖြစ်လေ့ရှိပါသည်။

ဤလုပ်ရပ်အမျိုး အစားတော်တော်များများသည် မေတ္တာစေတနာနှင့် အပြုသဘောအသွင်ဆောင်ထားသော အကျင့်ဖောက်ပြန်မှုများ သာဖြစ်ပါသည်။ ပြည်သူလူထုအပေါ် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းတစ်ခုသည် ဥပဒေကို တိကျစွာလေးစားလိုက်နာရသည်။ လူ့အခွင့်အရေးများ လေးစားလိုက်နာရသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရသည်။ ဝန်ထမ်းများအရေး လေးစားဆောင်ရွက်ပေးရသည်။ ပွင့်လင်းမြင်သာရသည်။အခြားစီးပွားရေးလုပ်ငန်းများ၏ တာဝန်ရှိမှုကို အသိအမှတ်ပြု စောင့်ထိန်းပေးရသည်။ လာဘ်ပေးခြင်း၊ တံစိုးလက်ဆောင်ပေးခြင်း မပြုရပါ။ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်အမြဲထိတွေ့ပြီး တုံ့ပြန်ဆောင်ရွက်ရသည်။ စီးပွားရေးလုပ်ငန်းနှင့်သက်ဆိုင်သော ဖောက်သည်များ၊ စားသုံးသူများအပေါ်တွင် တာဝန်ယူမှုရှိစွာ ဆက်ဆံရသည်။ အခွန်အတုတ် အပြည့်အဝပေးဆောင်ရသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများ၌ ဖြောင့်မတ်တည်ကြည် မှုရှိရေးဆိုသည်မှာ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း များ၏ ကျင့်ဝတ်အတိုင်း လိုက်နာစောင့်ထိန်းမှုပင်ဖြစ်ပါသည်။

အောင်မြင်သူများက မည်သည့်အခါတွင်မျ မသမာသောနည်းလမ်းကို အသုံးမပြုပါဟူသော စာအုပ်ကို ရေးသားခဲ့သူ စီးပွားရေးသမားနှင့် ပရဟိတသမားကြီးတစ်ဦးဖြစ်သည့် ဂျွန်ဟန့်စမင်း (Jon Huntsman) က စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအောင်မြင်ခဲ့သည်မှာ သူ၏ဖြောင့်မတ်တည်ကြည်မှုကြောင့်ဖြစ်သည်။ လူ့ဘဝကစားကွင်းနှင့် စီးပွားရေးကစားဝိုင်းတို့အတွင်းမှာ သူ၏ကိုယ်ကျင့်တရားကို ဘယ်တော့မျ ဖြတ်လမ်းက အစတေးမခံခဲ့ ကြောင်းပြောခဲ့ပါသည်။

မိမိတို့က စီးပွားရေးတွင် အောင်မြင်သူဟုယူဆ နိုင်သူတချို့သည် မသမာသောနည်းလမ်းများကို အသုံးပြုကောင်းပြုခဲ့နိုင်သည်ဟု သံသယရှိနေကြသော်လည်း ဟန့်စမင်းကတော့ ထိုသူတို့သည် ဘယ်လောက်ပဲငွေကြေး ကြွယ်ဝချမ်းသာပါစေ အခိုက်အတန့်သာ အောင်မြင်သူများဖြစ်ကြသည်၊ အစစ်အမှန်အောင်မြင်သူများမဟုတ် ကြဟုဆိုပါသည်။ လိပ်ပြာမလုံကြရသောကြောင့် အစစ် အမှန်အောင်မြင်မှုမဟုတ်ဟု ဆိုလိုရာရောက်သလို ဖြောင့်မတ်တည်ကြည်မှုမရှိလျင် တစ်ချိန်တွင် ပြန်လည် ကျရှုံးနိုင်သည်ဟုလည်း ပြောချင်ပုံရပါသည်။ သို့သော် ထို ‘တစ်ချိန်’ကား ဘယ်တော့လဲ။ ပြည်သူလူထုတစ်ရပ်လုံး က အဂတိလိုက်စားမှုကို လုံးဝသည်းမခံ၊ ခွင့်မလွှတ်တတ် သောနိုင်ငံ၌ ထိုတစ်ချိန်သည် ‘မကြာခင်’ ဖြစ်နိုင်၏။အဂတိလိုက်စားမှုကို အကြောင်းကြောင်းကြောင့် သည်းခံခွင့်လွှတ်သော၊ ညှာတာထောက်ထားတတ်သောလူများအတွက်မူ ထိုတစ်ချိန်သည် မျော်လင့်တွက်ဆ၍ပင် မရနိုင်ပါ။

လူ့အဖွဲ့အစည်းတစ်ခုတွင် အဂတိလိုက်စားမှု များ ပျံ့နှံ့ဖြစ်ပေါ်နေခြင်း၊ ထိုလူ့အဖွဲ့အစည်းက အဂတိ လိုက်စားမှုကို သည်းခံခွင့်လွှတ်နိုင်နေခြင်းတို့သည် ကောင်း မွန်သောအုပ်ချုပ်ရေးမရှိခြင်း၏ ထင်ရှားသောအချက်ပြမှု များပင်ဖြစ်ပါသည်။ အဂတိလိုက်စားခြင်းသည် စီးပွား ရေးလုပ်ငန်းများတွင် ဖြောင့်မတ်တည်ကြည်မှုကို ဖောက် ဖျက်ခံရခြင်းပင်ဖြစ်ပါသည်။ စီးပွားရေးလုပ်ကြသူများ ဖြောင့်မတ်တည်ကြည်မှုမရှိသည့်အခါ နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ရပ် တန့်စေသည်အထိဖြစ်စေနိုင်ပါသည်။ နိုင်ငံ့ဝင်ငွေကို လျော့ကျစေပြီး နိုင်ငံတော်၏ အရင်းအမြစ်များကို မှား ယွင်းစွာ စီမံခန့်ခွဲမှုဖြစ်စေပါသည်။ တရားဥပဒေစိုးမိုးမှုအပေါ် ယုံကြည်မှု၊ လေးစားမှု အပြုသဘောဆန်သော သဘောထားများ ပျောက်ကွယ်စေပါသည်။ လူ့အခွင့်အ ရေးစံချိန်စံနှုန်းများကိုလည်း ပျက်စီးစေပြီး နိုင်ငံရေးပြ ဿနာများဖြင့် အကျပ်ရိုက်စေသဖြင့် စီးပွားရေးလုပ်ငန်း များသာမက ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ လုပ်ငန်းအားလုံးသည် ကျဆုံးမှုဘက်သို့ တိမ်းညွှတ်သွားနိုင်ကြောင်း ဖော်ပြအပ်ပါသည်။

မင်းဗထူး