အကျိုးလိုလို့ညောင်ရေလောင်းသော်

အဂတိလိုက်စားခြင်းဟုဆိုလျင် လူအများစုမှာ အစိုးရအဖွဲ့အစည်းများရှိ ဝန်ထမ်းများထံမှ အကျိုးတစ်စုံတစ်ရာကိုမျော်ကိုး၍ ငွေကြေး၊ သို့မဟုတ် လက်ဆောင်ပစ္စည်း၊ သို့မဟုတ် အခွင့်ရေးတစ်စုံတစ်ရာ ပေးကမ်းလုပ်ဆောင်ခြင်းဟု နားလည်ကြပါသည်။ ထိုသို့ လက်ခံသူအစိုးရဝန်ထမ်းများကို အကျင့်ပျက်ခြစားသူများဟု သတ်မှတ်ကြလေသည်။ လက်တွေ့တွင် ထိုသို့အဂတိလိုက်စားခြင်း၊ သို့မဟုတ် အကျင့်ပျက်ခြစားမှုများသည် ပုဂ္ဂလိက ကုမ္ပဏီအဖွဲ့အစည်းများအတွင်းသို့လည်း နက်ရှိုင်းစွာထိုးဝင်ထိုးဖောက်နေပြီဖြစ်ပါသည်။ မိမိ၏ကုန်ပစ္စည်းများကို ဝယ်ယူရန်၊ သတ်မှတ်ဈေးနှင့်ဝယ်ယူရန်၊ အရည်အသွေးနိမ့်သောကုန်ပစ္စည်းများကို ဝယ်ယူရန်၊ မိမိ၏လုပ်ငန်းကိုအသုံးပြုရန်၊ သတ်မှတ်ထားသောစံချိန်စံညွှန်းနှင့် အဆင့်တန်းမမီဘဲ လုပ်ကိုင်ထားရှိမှုကို လက်ခံရန်နှင့် အဆုံးစွန်တွင်မိမိကုမ္ပဏီမှပြင်ပတွင်လက်ခံသောအလုပ်အတွက် ကော်မရှင်တောင်းခံခြင်းများအထိ ဆိုးရွားပြင်းထန်လျက်ရှိပါသည်။

နိုင်ငံတကာကုမ္ပဏီတစ်ခုတွင် မန်နေဂျာတော်တော်များများ ကိုယ်ပိုင်အလုပ်များထူထောင်ထား ပြီး အဆိုပါကုမ္ပဏီ၏အလုပ်များကို ပြန်လုပ်ကိုင်ခြင်း၊ ကုမ္ပဏီ၏အလုပ်များကို အဆိုပါမန်နေဂျာမှ မိမိနှင့်ရင်းနှီးသည့်ကုမ္ပဏီသို့သာ အလုပ်အပ်သဖြင့် ထိုအလုပ်အပ်ခံရသောကုမ္ပဏီမှ တန်စိုးလက်ဆောင်/ အခွင့်အရေး/ငွေကြေးပြန်လည်ပေးအပ်သဖြင့် အဆင်ပြေသွားသည့်ကိစ္စများစွာကြားသိနေရပါသည်။ ကုမ္ပဏီအဖွဲ့အစည်းအချို့တွင် ထိပ်ဆုံးတာဝန်ယူသူများသည်ပင် ဤသို့လာဘ်ပေးလုပ်ဆောင်ရခြင်းကို ကိုယ်တိုင်လုပ်ဆောင်ရုံသာမက မိမိဝန်ထမ်းများကိုလုပ်ကိုင်ရန် အားပေးတိုက်တွန်းတတ်လေသည်။ ဤသည်မှာလည်း ငွေကြေးကြွယ်ဝမှုကို အောင်မြင်မှုစံထားသည့် သို့တည်းမဟုတ် ကုမ္ပဏီ အနေဖြင့် ငွေကြေးအမြတ်အစွန်းရရှိရန်သာအဓိကဟုခံယူထားသည့် ခေါင်းဆောင်များနှင့်တာဝန်ရှိသူ များ၏ ခံယူချက်၊ ဝန်ထမ်းအများစုတွင်လည်း ကိုယ်ကျင့်တရားနှင့်ရိုးသားမှုရှိသည့် Role Model များမရှိခြင်းနှင့် အလွယ်တကူငွေရလိုခြင်း စသည်တို့၏နောက်ဆက်တွဲရလဒ် ဖြစ်ပါသည်။

ထိုသို့ပုဂ္ဂလိကအဖွဲ့အစည်းကုမ္ပဏီများတွင် အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုသည် ပိုပိုဆိုးရွားလာပါက အဖွဲ့အစည်းနာမည်ပျက်ရုံသာမက စိတ်ချယုံကြည်ရသည့်ခေါင်းဆောင်များ ရှားပါး လာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယနေ့ခေါင်းဆောင်များနှင့်တာဝန်ရှိသူများအနေဖြင့် Standard Operation Procedure များ စနစ်တကျပြင်ဆင်ခြင်း၊ ရုံးတွင်းအဂတိလိုက်စားမှုကို လက်မခံနိုင်ကြောင်း ကြိုတင်အသိပေးခြင်းနှင့် လက်တွေ့ကျင့်သုံးလုပ်ဆောင်ခြင်းဖြင့် အနာဂတ်ခေါင်းဆောင်ကောင်းများထွက်ပေါ်လာရေးအတွက် စဉ်းစားလုပ်ဆောင်သင့်ပါကြောင်း … ။

မောင်သာ

CEO November 2020 issue