သင့်ဘဝကို ပြောင်းလဲစေမယ့်စာအုပ် ၈ အုပ်

သင့်လုပ်ငန်းမှာ ထူးချွန်ပြောင်မြောက်တဲ့ စွန့်စားခန်းအတွက် ဘဝရဲ့အခွင့်အလမ်းတွေကို ထွေးပွေ့လက်ခံဖို့ စတင်ပြီး နေ့စဉ်သင်စိတ်ချမ်းသာအောင်ကူညီလမ်းပြပံ့ပိုးပေးမယ့် စာအုပ်ရှစ်အုပ်ကို ဖော်ပြပေးလိုက်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဒီစာအုပ်တွေကသင့်ဘဝကို ပြောင်းလဲသွားစေပါလိမ့်မယ်။

၁. Emotional Agility by Susan David

ဒီစာအုပ်ထဲမှာ ဟားဗတ်ဆေးတက္ကသိုလ်မှ စိတ်ပညာရှင် Susan က စာဖတ်သူတွေအနေနဲ့ ကိုယ့်ခံစားချက်တွေကို ကြောက်ခြင်း၊ ချုပ်တည်းနှိပ်ကွပ်ခြင်း၊ ဒါမှမဟုတ် ချက်ချင်းလက်တွေ့လုပ်ခြင်းပြုမယ့်အစား ခံစားချက်တွေကို သုံးသပ်ဆင်ခြင်ဖို့သင်ကြားပေးပါတယ်။ သင့်ရဲ့ ပုဂ္ဂိုလ်ရေးတန်ဖိုးတွေအကြောင်း အရေးကြီးတဲ့ သတင်းအချက်အလက်ကို သင်တူးဆွနိုင်ရင် ပြည့်ဝတဲ့ဘဝကို သင်ဖန်ဆင်းဖို့ အကူအညီရပါလိမ့်မယ်။ စာဖတ်သူတွေဟာ ကလေးတစ်ယောက်နဲ့ စကားပြောသလိုမျိုး သူတို့ဘာ သာ စကားပြောရမယ်လို့လည်း Susan က သင်ပေးပါတယ်။ သင်စိတ်ဆိုးတဲ့အခါ၊ ဒါမှမဟုတ် ဝမ်းနည်းတဲ့အခါ၊ ဒါမှမဟုတ် ဘာပဲဖြစ်နေနေ ”ငါ့ခံစားချက်အတွက် တခြားရွေးချယ်မှုနှစ်ခုကဘာတွေလဲ” လို့ သင့်ဘာသာပြန်မေးပါတဲ့။ ယေဘုယျအားဖြင့် သင်စိတ်မချမ်းသာတဲ့အခါ စိတ်ချမ်းသာအောင် သင့်ဘာသာဇွတ်လုပ်ယူပါ။ မဟုတ်ရင် အနုတ်လက္ခဏာခံစားချက်တွေကို သင်ဘာမှ အကဲမဖြတ်ဘဲ လက်ခံချင်ပါလိမ့်မယ်။ သင်ကတင်းခံလေ အဲဒီအနုတ်လက္ခဏာခံစားချက်တွေက ပိုအားကောင်းလေ ဖြစ်လာမှာကြောင့်ပါပဲ။

၂. Peak by Anders Ericsson and Robert Pool

ဖလော်ရီဒါတက္ကသိုလ်မှ စိတ်ပညာရှင် Ericsson က ဒီစာအုပ်မှာ ဘယ်လုပ်ငန်းနယ်ပယ်မဆို အတော်ဆုံးဖြစ်ဖို့ လမ်းကြောင်းတစ်ခုပဲရှိတယ်ဆိုတဲ့ စိတ်ကူးအတွက် သိပ္ပံနည်းနဲ့ပုံတိုပတ်စအထောက်အထားတွေချပြထားပါတယ်။ Ericsson နဲ့ လူ့လုပ်ဖော်ကိုင်ဖက်တွေက ဆင်ခြင်ပြုမူပြောဆိုလေ့ကျင့်နည်းအရ သင်သက်သောင့်သက်သာနေမယ့်အစား လက်ရှိသင့်လုပ်နိုင်စွမ်းကို ကျော်လွန်တဲ့ လှုပ်ရှားမှုတွေလုပ်ဖို့ လမ်းပြမယ့်ဆရာတစ်ယောက်နဲ့ လက်တွဲခိုင်းပါတယ်။ ပင်ကိုစွမ်းရည်နဲ့မျိုးဗီဇဆိုင် ရာအကြောင်းတရားတွေဟာ သင့်ရဲ့တိုးတက်မှုနဲ့ တစ်နည်းနည်းအကျိုးအကြောင်း ဆက်စပ်နေတယ်လို့ Ericsson ရဲ့စောဒကတက်မှုဟာ တကယ်အငြင်းပွားစရာ အပိုင်းဖြစ်ပါတယ်။ အဲဒါကို စိတ်ပညာရှင်တချို့က လက်မခံကြဘူး။ Peak မှာပဟေဠိအဆန်ဆုံးအပိုင်းက လေ့ကျင့်မှုဟာ ပျော်စရာကောင်းဖို့ မလိုကြောင်း Ericsson ရဲ့ ထောက်ပြချက်ဖြစ်ပါတယ်။ သင်ပျော်နေရင် သင်လုပ်နေတာတွေ လွဲနေသေးလို့ပဲတဲ့။ သူဆိုလိုတာက သင်ရှုံးနိမ့်ပြီး မကျေမချမ်းဖြစ်မှ ဘာပဲဖြစ်ဖြစ် နောက်တစ်ခါ သင်ထပ်ကြိုးစားမှာ ဖြစ်ပါတယ်။

၃. The Gratitude Diaries by Janice Kaplan

Parade မဂ္ဂဇင်းရဲ့အယ်ဒီတာဟောင်း Janice ဟာ သူ့ရဲ့အိမ်ထောင်ရေးကအစ သူ့ရဲ့အလုပ်နဲ့ သူ့ရဲ့ကျန်းမာရေးအထိ သူမဘဝရဲ့ကဏ္ဍအားလုံးမှာ ကျေးဇူးဆပ်ဖို့ တစ်နှစ်လုံးကြိုးစားခဲ့ပါတယ်။ ကျေးဇူးဆပ်စရာကိစ္စတွေ မိမိမှာရှိကြောင်းသတိပြုမိတဲ့ Janice က ဒီစာအုပ်ထဲမှာ ကျေးဇူးသိတတ်ရုံမျဖြင့် သူဟာပိုစိတ်ချမ်းသာတဲ့ လူတစ်ဦးဘယ်လိုဖြစ်လာသလဲဆိုတာ ခပ်သွက်သွက်ကလေး ရေးထားပါတယ်။

နမူနာတစ်ခုပြရမယ်ဆိုရင် တစ်ခါက Janice ရဲ့ ခင်ပွန်းဖြစ်သူဆရာဝန်ဟာ ညသန်းခေါင်ကျော်မှာ လူနာတစ်ဦးကိုပြေးကြည့်လို့ သူကဘဝင်မကျဘဲ ဒါကို စိတ်ဆိုးမိပေမယ့် ကျေးဇူးတင်စရာအကြောင်းရင်းကို တွေ့အောင်ရှာခဲ့တယ်။ ”ရှင့်လူနာအတွက် ရှင်ရှိနေတာ သူကံကောင်းတယ်နော်။ ရှင်လာနေမှန်းသူသိတော့ သူ့ရောဂါတစ်ဝက်သက်သာသွားမှာပဲ။ ရှင့်လိုဆရာဝန်တွေ ကမ္ဘာပေါ်မှာအများကြီးထပ်လိုအပ်သေးတယ်။ ရှင်ဟာ အခုလိုသီးသန့်ဖြစ်တဲ့အတွက် ရှင့်ကို ကျွန်မကျေးဇူးတင်ပါတယ်” လို့ Janice က ခင်ပွန်းကို ပြောခဲ့ပါတယ်။

၄. Year of Yes by Shonda Rhimes

ဒီစာအုပ်ထဲမှာ တစ်နှစ်ပတ်လုံး ဘာမဆို ‘ဟုတ်ကဲ့’ (Yes) လို့ချည်း သူပြောခဲ့ပုံတွေကို ရေးပြထားပါတယ်။ စိတ်မချမ်းသာ၊ ကျန်းမာရေးမကောင်း၊ အလုပ်တွေပိပြီး ဘဝကိုအပြည့်အဝမနေရမှန်း ရိပ်မိတဲ့အခါ သူဘွဲ့ယူခဲ့တဲ့ ဒတ်မောက်ကောလိပ်ကျောင်းမှာ နှုတ်ခွန်းဆက်မိန့်ခွန်းပြောကြားခြင်း၊ ကိုယ်အလေးချိန် ပေါင်တစ်ရာခန့်လျော့ချခြင်း၊ သူ့သမီးတွေနဲ့ ကစားဖို့ အချိန်ဖဲ့ပေးခြင်းအပါအဝင် စွန့်စားခန်းမျိုးစုံလုပ်ဆောင်ကာ လက်တွေ့စမ်းသပ်ခဲ့ပါတယ်။ သင်ဟာ Shonda လုပ်တာမျိုး ဆင်တူလုပ်ကြည့်ဖို့ ကျော်ကြားမှု၊ ဒါမှ မဟုတ် ငွေကြေးမလိုအပ်ပါဘူး။ သင့်ဘဝကို ပိုကောင်းအောင် ပြောင်းလဲပေးနိုင်မယ့် ယုံကြည်မှုပဲလိုအပ်တယ် လို့ ဒီစာအုပ်က လမ်းပြထားပါတယ်။

၅. How To Stop Worrying and Start Living by Dale Carnegie

၁၉၄၈ ခုနှစ်က ထုတ်ခဲ့တဲ့ ဒီစာအုပ်ဟာ Dale ရဲ့ ၁၉၃၆ ခုနှစ်က အရောင်းရဆုံးစာအုပ် How To Win Friends and Influence People ရဲ့ အဆက်ဖြစ်ပါတယ်။ Dale ဟာ နယူးယောက်မြို့က YMCA မှာ သက်ကြီး ပညာသင်ကြားရေးသင်တန်းပေးခဲ့စဉ်က အတွေ့အကြုံတွေကို မှီငြမ်းပြီး စိုးရိမ်သောကစိတ်ကို အနိုင်ယူဖို့သူတို့သုံးတဲ့ အကြံဉာဏ်တွေကို စုစည်းတင်ပြထားပါတယ်။ အဲဒီအကြံဉာဏ်တွေဟာ အခုထိမရိုးနိုင်သေးပါဘူး။ ဥပမာ- ကိုယ့်သူဌေးဆီမချဉ်းကပ်ခင် အလုပ်ပြဿနာအပေါ် စိတ်ညစ်မနေဘဲ အဖြေဖြစ်နိုင်တာတွေကို စဉ်းစားရမယ်တဲ့။ သင်ရရှိတဲ့အဖြေကြောင့် သင့်အလုပ်ရှင်ဆီ သွားစရာလိုချင်မှလိုမှာပါ။ နောက်ပြီး သင်ဟာ စိုးရိမ်ပူပင်မှုတွေရပ်စဲပြီး ရှေ့ကိုချီတက်သင့်တယ်။

၆. Happier by Tal Ben- Shahar

ဒီစာအုပ်ဟာ စာရေးဆရာ Shahar က ဟားဗတ်တက္ကသိုလ်မှာသင်ကြားတဲ့ အပြုသဘောစိတ်ပညာသင်ရိုးပေါ် အခြေခံထားတာဖြစ်တယ်။ သူက သုတေသနပြုချက်တွေ၊ သူ့ဘဝထဲမှ အဖြစ်အပျက်တွေနဲ့ သူ့ရဲ့ဒဿနကျ ကျ ဉာဏ်အမြော်အမြင်တို့ကိုပေါင်းစပ်ပြီး စာဖတ်သူရဲ့နိစ္စဓူဝဘ၀မှာ စိတ်ချမ်းသာမှုမွေးမြူနည်းကို ဒီစာအုပ်ထဲမှာ တင်ပြထားပါတယ်။

အလွယ်တကူနားလည်နိုင်တဲ့ စိတ်ချမ်းသာမှုနမူနာပုံစံကို သူကကမ်းလှမ်းထားတယ်။ သင့်ဘဝမှာ ပစ္စုပ္ပန်ရောအနာဂတ်ပါ စိတ်ချမ်းသာအောင် ဘယ်လိုလုပ်ရမလဲရှင်းပြတယ်။ သူပေးတဲ့အကြံဉာဏ်တွေက လက်တွေ့ဆန်တယ်။ ဥပမာ – သင်မုန်းတဲ့အလုပ်ဟာ သင့်အတွက်တစ်ခုတည်းသော ဝင်ငွေရလမ်းဖြစ်ရင် အလုပ်မထွက်ဘဲ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းခြင်းတို့လို အတွေ့အကြုံသေးသေးလေးတွေရှာပြီး လက်ရှိဘ၀ကို ပိုပြီးနေပျော်အောင်လုပ်ဖို့ သူကအကြံပေးပါတယ်။

၇.The Power of When by Michael Breus

စိတ်ပညာရှင်/အိပ်စက်နည်းကျွမ်းကျင်သူ Michael Breus က Chronotypes သိပ္ပံပညာကို လက်တွေ့ကျပြီး နားလည်လွယ်တဲ့ ဘာသာစကားအဖြစ် ပြောင်းပေး တယ်။ သင်ဟာ မနက်ပိုင်း လူသားလား။ ညပိုင်း လူသားလား။ အဲဒီနှစ်မျိုးကြားက လူလား။ အဲဒီဟာ တစ်ခုခုဖြစ်နိုင်ခြေဟာ သင့်ရဲ့ Chronotype ဖြစ်တယ်။ သင်ပင်ပန်းနေတဲ့အခါ၊ သင်ဗိုက်ဆာနေတဲ့အခါ၊ သင့်ရဲ့အကောင်းဆုံးအလုပ်ကို လုပ်နေတဲ့အခါ အဲဒါက သက်ရောက်မှုဖြစ်တယ်။

Michael က တိရစ္ဆာန်လေးမျိုးနဲ့ Chronotype တွေကို ခွဲခြားပြတယ်။ လူအများစုဟာ နေဝင်နေထွက်ချိန်ကိုသာ လိုက်မှတ်တဲ့ ဝက်ဝံတွေ၊ တခြားလူတွေက အိပ်မပျော်ရောဂါသည်အဖြစ် မကြာခဏစစ်ဆေးတွေ့ ရှိရတဲ့ လင်းပိုင်တွေ၊ ကျန်တာက ဝံပုလွေတွေခေါ် ညလူသားတွေ၊ ပြီးတော့ ခြင်္သေ့တွေ ဒါမှမဟုတ် မနက်လူသားတွေဖြစ်ကြတယ်။ ဒီတိရစ္ဆာန်လေးမျိုးအတွက် စံပြနေ့စဉ်အချိန်ဇယားတွေကို Michael ကချပြပြီး ယင်းတို့ စွမ်းအားပိုဖြည့်တင်းသလို အောက်မေ့ရအောင် သူတို့ရဲ့ နိစ္စဓူဝလုပ်ရိုးလုပ်စဉ်တွေကို သင့်တင့်လျောက် ပတ်စွာပြောင်းလဲဖို့ စာဖတ်သူတွေကို လမ်းညွှန်ထား ပါတယ်။

၈.I Know How She Does It by Laura Vanderkam

စာရေးသွက်တဲ့ စာရေးဆရာမ Laura ရဲ့ ဒီစာအုပ်ဟာ သင့်အချိန်တွေကို စီမံခန့်ခွဲဖို့နဲ့ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ဖန်တီးဖို့ အကောင်းဆုံးနည်းလမ်းတွေကို စုံစမ်းထောက်လှမ်းထားတာဖြစ်ပါတယ်။ Laura ဟာ Mosaic Project ဆိုတဲ့ စီမံကိန်းနဲ့လစာအများဆုံးရတဲ့ အမျိုးသမီးဒါဇင်ပေါင်းများစွာရဲ့ အချိန်မှတ်တမ်းတွေကို အကဲခတ်သုံးသပ်ပြီး သူတို့ရဲ့နေ့ရက်တွေ အသုံးပြုဖို့ ပုံစံကွက်တွေကို ရှာဖွေပါတယ်။ ပြီးမှ ကျားမ မရွေး၊ လစာအနည်းအများမသက်ဆိုင်ဘဲ စာဖတ်သူအားလုံးအတွက် လက်တွေ့သင်ခန်းစာတွေထဲကို အဲဒီပုံစံကွက်တွေထဲ ရောစပ်ထည့်သွင်းထားပါတယ်။

ဟိဏ်းကိုကို
Ref: www.businessinsider.com