ဝိုင်အနီကို ဘယ်လိုသောက်ကြမလဲ

ဝိုင်အနီဟာကမ္ဘာပေါ်က ယမကာတွေထဲမှာ ရေပန်းအစားဆုံးရွေးချယ်မှုတွေအနက်တစ်ခုဖြစ်ပါတယ်။အမျိုးအမည်၊ ရောစပ်မှုနဲ့ အရသာစုံလင်များပြားလှတဲ့ ဝိုင်အနီဟာလူကြိုက်များတဲ့ ယမကာဖြစ်ရုံမျမက ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်လို့ဆိုပါတယ်။ Annals of Internal Medicine ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာချက်တစ်ခုအရ ညစဉ်ဝိုင်အနီတစ်ဖန်ခွက်သောက်ခြင်းဟာ Type 2 diabetes ရောဂါသည် (သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း- သွေးချိုရောဂါသည်) တွေကို သူတို့ရဲ့ ကိုလက်စထရောဓာတ်နဲ့ နှလုံးကျန်းမာရေးတို့ကိုထိန်းချုပ်ဖို့ အထောက်အကူ ပြုဖွယ်ရှိမယ်လို့ သိရပါတယ်။ သို့တစေ ဝိုင်အနီကို ကြီးကြပ်လမ်းညွှန်မှုနဲ့အညီ သောက်သင့်ပါတယ်။

ဝိုင်အနီသောက်တာဟာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ အဆင့်အတန်းရှိတဲ့ ဝိုင်အနီလိုယမကာမျိုးဟာ စတိုင်လ်ကျကျသောက်သုံးဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့အများစုဟာ အဲဒါကို အရသာခံရတာကို ကြိုက်ကြ မှာပါ။ ဒါပေမဲ့ ဝိုင်အနီကို ဘယ်လိုသောက်ရမလဲဆိုတာ သိသူကနည်းပါတယ်။ ဝိုင်အနီသောက်ရာမှာ ကျူးလွန်တတ်တဲ့အမှားတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဝိုင်ကို ဖန်ခွက်ပြည့်လျံအောင်ထည့်ခြင်း

ဝိုင်အနီဟာ ဖြည်းဖြည်းအရသာခံသောက်ဖို့ လိုအပ်တဲ့ ယမကာဖြစ်ပြီး အရေးကြီးလက္ခဏာတစ်ခုကတော့ ဖန်ခွက်ထဲက အောက်ဆီဂျင်ပမာဏတိုးလာအောင် ဖန်ခွက်ကိုမွှေဖို့ဖြစ်တယ်။ ဖန်ခွက်အပြည့်ဝိုင်ထည့်ထားရင် အဲဒီလိုလုပ်လို့မရနိုင်ပါဘူး။

၂။ ဝိုင်အနီကို ဖန်ခွက်ထဲထည့်ပြီးပြီးချင်းသောက်ခြင်း

ဝိုင်အနီကို ဖန်ခွက်ထဲ ငှဲ့ပြီးပြီးချင်း မသောက်သင့်ပါဘူး။ ပထမဦးစွာ ဖန်ခွက်ကိုမွှေပြီး ဖန်ခွက်ထဲ နှာခေါင်းစိုက်ကာ အနံ့ရှူကြည့်ဖို့ လိုအပ်ပါတယ်။

၃။ လိုတာထက်ပိုသောက်ခြင်း

ဝိုင်အနီကို ကျန်းမာရေးကောင်းစေတဲ့ ယမကာလို့သဘောထားကြပေယ့် နေ့တိုင်းဂါလန်ပေါင်းများစွာမသောက်သင့်ပါဘူး။ တစ်နေ့ ဝိုင်အနီတစ်ခွက်ဟာ အနေတော်ပါပဲ။ ဒါပေမဲ့ ဒါကလည်းပဲ ကိုယ့်ဆရာဝန်နဲ့ ကိုယ်ဒီလိုသောက်လို့ရသလားဆိုတာကို အတည်ပြုပြီးမှသောက်ပါ။

၄။ ဝိုင်ဖန်ခွက်ကိုင်ပုံမှားယွင်းခြင်း

ဖန်ခွက်ကို အမြဲတမ်းလည်တံမှကိုင်ပါ။ ဒီလိုကိုင်ခြင်းအားဖြင့် ဝိုင်ကို သင့်တော်တဲ့အပူချိန်ဖြစ်ဖို့ သင်ကြိုးစားထားသမျအားလုံး အလဟဿမဖြစ်အောင် သင့်လက်မှအပူဓာတ်ကို တားဆီးပေးမှာဖြစ်ပါတယ်။

၅။ ဝိုင်အနီကို ဘယ်လိုသောက်မလဲ

ဝိုင်အနီသောက်ခြင်းဟာ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ ဝိုင်အနီကို ပညာသည်ပီသစွာသောက်တတ်ဖို့သိသင့်တဲ့ အခြေခံစည်းကမ်းတွေကို ဆက်လက်ဖော်ပြပေးထားပါတယ်။

က။ ဝိုင်ပုလင်းပေါ်က တံဆိပ်ကိုဖတ်ကြည့်ပါ။
ဝိုင်ပုလင်းထဲကဝိုင်ကိုမငှဲ့ခင် ဝိုင်ရဲ့ဇာစ်မြစ်နဲ့ သက်တမ်းကိုသိရဖို့ ပုလင်းပေါ်ကတံဆိပ်ကိုဖတ်ကြည့်ပါ။

ခ။ သင့်တော်မှန်ကန်တဲ့ ဖန်ခွက်ကိုရွေးပါ။
ဝိုင်ဖန်ခွက်အရွေးမှားလို့ မဖြစ်ပါဘူး။ မှန်ကန်တဲ့ဖန်ခွက်ကိုရွေးချယ်ပါ။ ဝိုင်အနီသောက်ဖို့ဆိုင်ရင် ဇောက်နက်နက်နဲ့ ခပ်ဝိုင်းဝိုင်းကြီးကြီးဖန်ခွက်တွေကို သုံးဖို့လိုပါတယ်။

ဂ။ ဝိုင်ငှဲ့ပြီးရင် ဖန်ခွက်ကိုမွှေ့ပါ။
ဝိုင်အနီကို လုံးဝန်းတဲ့ ဇောက်နက်တဲ့ဖန်ခွက်တွေထဲ ထည့်ခြင်းဟာ ယင်းရဲ့ထူးခြားကွဲပြားတဲ့ ရနံ့ပေါ် ထွက်စေဖို့ဖြစ်တယ်။ ဖန်ခွက်ထဲကို ဝိုင်ကိုခပ်နည်းနည်းပဲ (ဖန်ခွက်ရဲ့သုံးပုံတစ်ပုံခန့်) ထည့်ပါ။ ပြီးတော့ ဖန်ခွက်ထဲက ဝိုင်ကိုညင်သာစွာလှုပ်ယမ်းပြီး အရည်ထဲမှာ အစိုင်အခဲလေးတွေ ပေါလောမျောနေခြင်းရှိမရှိ စစ်ဆေးပါ။

ဃ။ ဝိုင်ဖန်ခွက်အနံ့ကို ရှူကြည့်ပါ။

ဝိုင်အနံ့ကိုရှူပြီး ဘယ်လိုရနံ့မျိုးထွက်သလဲသိအောင် လုပ်ပါ။ ဝိုင်နံ့ကိုရှူစဉ် ခွဲခြားသိသင့်တဲ့ အဆင့်သုံးမျိုးရှိပါတယ်။

၁။ ပထမဆုံးက သစ်သီးဝလံကို မှီငြမ်းဖွယ်ရှိတဲ့အနံ့ ကိုရမယ်။

၂။ ဝိုင်အရသာတွေကို ခွဲခြားဖော်ထုတ်ပါ။

၃။ ဝက်သစ်ချသားစည်လို သက်တမ်းရင့်စည်ပိုင်းအနံ့ မျိုးကို ထင်ဟပ်ပြတဲ့ ဝိုင်ရနံ့ကို သိအောင်လုပ်ပါ။

င။ ဝိုင်ကို မြည်းကြည့်ပါ။

နောက်ဆုံးမှာတော့ ဝိုင်အနည်းငယ်ငုံပြီး ခဏစောင့်ပါ။ မျိုမချလိုက်ပါနဲ့။ ဝိုင်ကို သင့်ပါးစပ်ထဲ ပျံ့နှံ့သွားပါစေ။ ပြင်းထန်တဲ့ အရသာကိုသုံးသပ်ဖို့အချိန်ယူပါ။

ဝိုင်သောက်နည်း နှစ်မျိုးရှိပါတယ်။ တစ်နည်းကမျိုချပြီးမှ ဝိုင်အရသာကို ဆန်းစစ်နည်းဖြစ်ပြီး နောက်တစ်နည်းက ပြန်ထွေးထုတ်ဖို့ဖြစ်တယ်။ ဟုတ်ပါတယ်။ ဝိုင်ကို ပြန်ထွေးထုတ်ခြင်းအားဖြင့် သေသေချာချာ ဆန်းစစ်လေ့လာရင်၊ တခြားဝိုင်အနီတွေ နဲ့နှိုင်းယှဉ်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။ သင့်ရဲ့အရသာခံစားမှုအာရုံတွေကိုလည်း တည်ငြိမ်စေဦးမယ်။

ဝိုင်အနီသောက်နည်း ကျွမ်းကျင်သူဖြစ်လာအောင် ဖြည်းဖြည်းခြင်းလေ့ကျင့်ပေးပါ။ သို့တစေ အလွန်အကျွံသောက်ခြင်းဟာ သင့်ရဲ့အထွေထွေကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ဆင်ခြင်စွာသောက်ဖို့ အကြံပေးအပ်ပါတယ်။

ဟိဏ်းကိုကို