လှုပ်ရှားလာသော ဂေါက်သီးဇာတ်ခုံနှင့် ဖက်ဒိတ်စ်ဖလားချန်ပီယံ

ဝင်းမြင့်သိန်း

ကိုဗစ်ကူးစက်မှုလျော့သွားသည်နှင့် ကမ္ဘာ့ဂေါက်သီးပြိုင်ပွဲများက ပြန်လည်စတင်ခဲ့ပါသည်။ ပရိသတ်ကိုတော့ မည်သည့်ပွဲတွင်မျဝင်ကြည့်ခွင့်မပြုသေးပါ။ တိုးအသီးသီးတွင်ပယ်ဖျက်ခဲ့ရသောပြိုင်ပွဲများ၊ ရွှေ့ပြောင်းကျင်းပရသော ပြိုင်ပွဲများရှိခဲ့သဖြင့် ပြန်လည်ပြုပြင်စီမံခန့်ခွဲရမှုများ ရှိခဲ့ပါသည်။

အသက် ၅၀ ကျော်များ၏ စီနီယာတိုးခေါ် Champions Tour သည် နှစ်ကုန်တွင်အမှတ်အများဆုံး လူအားအပိုဆောင်းဆုကြေး ဒေါ်လာတစ်သန်းပေးသည့် Charles Schwab ပြိုင်ပွဲအစီအစဉ်အား ရှေ့နှစ်တွင်မှ နှစ်နှစ်ပေါင်း၍ဆုပေးတော့မည်ဟု ကြေညာခဲ့ပါသည်။ ယခုနှစ်အတွင်းကျင်းပခဲ့သောပြိုင်ပွဲအရေအတွက်နည်းခဲ့သောကြောင့်ပါ။

အမျိုးသမီးအယ်လ်ပီဂျီအေတိုးသည် မေဂျာပြိုင်ပွဲအချို့အား မူလအစီအစဉ်အတိုင်းမကျင်းပနိုင်ခဲ့ပါ။ ပွဲစဉ်အချိန်ဇယားများအား ရွှေ့ပြောင်းခဲ့ရသည်။ အမျိုးသမီးဗြိတစ်ရှ်အိုးပင်းအား သြဂုတ်၂၀-၂၃၊ ANA Inspiration အား စက်တင်ဘာ ၁၀-၁၃၊ Women’s PGA Ch. အား အောက်တိုဘာ ၈-၁၁၊ US Women’s Open အား ဒီဇင်ဘာ ၁၀-၁၃ တွင်ကျင်းပရန် ပြောင်းလဲစီစဉ်ခဲ့ပါသည်။ အခြားအမျိုးသမီးမေဂျာပွဲကြီးတစ်ပွဲဖြစ်သော ပြင်သစ်တွင်ကျင်းပသည့် Evian Ch အား ယခုနှစ်အတွက်ပယ်ဖျက်ခဲ့ပါသည်။

အမျိုးသားများ၏ကမ္ဘာ့အကျော်ကြားဆုံး ပီဂျီအေတိုးသည် ပွဲစဉ်များလျော့သွားသော်လည်း ပြိုင်ပွဲရာသီ ကာလအားဆွဲမဆန့်ခဲ့ပါ။ ယခင်နှစ်များအတိုင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၇ ရက်တွင် ပြီးစီးမည့် Tour Ch ၌ပင်အဆုံးသတ်ပါမည်။ ထို့ကြောင့် ၂၀၁၉-၂၀ ရာသီ တွင် PGA Ch မေဂျာပွဲကြီးတစ်ပွဲသာ ပါဝင်ပါတော့သည်။ အခြားမေဂျာပွဲကြီးများတွင် ယူအက်စ်အိုးပင်းက စက်တင် ဘာ ၁၇-၂၀၊ မာစတာစ်က နိုဝင်ဘာ ၁၂-၁၅ ၌ ကျင်းပပါမည်။ ဗြိတစ်ရှ်အိုးပင်းကိုမူ ယခုနှစ်အတွက် ပယ်ဖျက်ခဲ့ပါသည်။

ငယ်စဉ်ကကျော်ကြားခဲ့သူများ အသက် ၅၀ ပြည့်သဖြင့် စီနီယာတန်းသို့ ဝင်ကစားခြင်းများရှိခဲ့ပါသည်။ ယခုနှစ်ဇူလိုင်လ ၃၁ ရက်ကစတင်ကျင်းပသော The Ally Challenge ပြိုင်ပွဲ၌ အသက် ၅၀ ပြည့်သဖြင့် စီနီယာတန်းသို့ ပထမဆုံးအကြိမ်အဖြစ် စတင်ပါဝင်ယှဉ် ပြိုင်ကစားသူ နာမည်ကျော်သုံးဦးရှိခဲ့ပါသည်။ ဂျင်မ်ဖျူးရစ်ခ်၊ မိုက်ခ်ဝီယာနှင့်ကေဂျေချွိုင်းတို့ ဖြစ်ကြသည်။ ကွင်းပတ် သုံးခုအပြီး သြဂုတ်လ ၂ ရက်၌ ဖျူးရစ်ဗိုလ်စွဲသွားပါသည်။ စီနီယာတန်း၌ စတင်ကစားသည်နှင့် ဗိုလ်စွဲနိုင်သူ ၁၉ ဦးမြောက် ဂေါက်သီးသမားဖြစ်လာသည်။ အာနိုးပါးလ်မား၊ ဂယ်ရီပလေယာ၊ ဂျက်ခ်နစ်ကလပ်စ် တို့လည်း စီနီယာတန်း၌စတင်ဝင်ကစားသည်နှင့် ဗိုလ်စွဲနိုင်ခဲ့သူများပါ။ ဖျူးရစ်ခ်မတိုင်မီ ဤသို့ဝင်ဝင်ချင်းဗိုလ်စွဲခဲ့သူ နောက်ဆုံးတစ်ဦးမှာဟင်မနက်သ်ဖြစ်ပါသည်။

ယခုနှစ်အတွင်း အသက် ၅၀ ပြည့်၍စတင်ပါဝင်ကစားသူ အာနီအဲလ်စ်မှာမူ တတိယမြောက်ပွဲတွင်မှ အောင်ပွဲရခဲ့ပါသည်။ ကမ္ဘာကျော်ဖီးလ်မစ်ကယ်ဆင်လည်း ယခုနှစ်ဇွန်လ ၁၆ ရက်က အသက် ၅၀ ပြည့်ခဲ့ပါသည်။ သူကစီနီယာတန်းသို့သွားရန်မလိုသေးဘဲ ပီဂျီအေတိုး တိုးဖက်ဒိတ်စ်ဖလား အပြီးသတ်သုံးပွဲ၏ ပထမပွဲတွင် ပါဝင်ကစားခွင့်ရခဲ့သော ၁၂၅ ဦးစာရင်း၌ပါခဲ့သောကြောင့်ပါ။ ထိုပထမပွဲသို့ဝင်ကစားအပြီးတွင် အမှတ်ဇယား၌ အဆင့် ၇၅ သို့ကျဆင်းသွားသဖြင့် လူ ၇၀ သာဆက်လက် ယှဉ်ပြိုင်ရမည့် ဒုတိယပွဲသို့ပါဝင်ခွင့်မရရှိတော့ပါ။ ထို့ ကြောင့် သူက ၅၀ ကျော်များအတန်း၏ Charles Schwab Series at Ozarks ပြိုင်ပွဲ(သြဂုတ် ၂၄-၂၆)သို့ ပါဝင်ကစားခဲ့ရာ ဗိုလ်စွဲသွားပါသည်။ စီနီယာတန်းသို့ဝင်ကစားလျင် ကစားချင်းဗိုလ်စွဲနိုင်သောဦးရေ ၂၀ မြောက်ဂေါက်သီးသမားဖြစ်လာပါသည်။

အမျိုးသမီးမေဂျာပွဲကြီးဖြစ်သော ဗြိတစ်ရှ်အိုးပင်းအား သြဂုတ်လ ၂၀-၂၃ တွင် စကော့တလန်နိုင်ငံရှိ Royal Troon ဂေါက်ကွင်း၌ကျင်းပခဲ့ရာ ကမ္ဘာ့အဆင့် ၃၀၄ ၌သာရှိသေးသော ဂျာမန်ဂေါက်သီးမယ် ဆိုဖီယာပေါ့ပေါ့ဗ် (Sophia Popov)ဗိုလ်စွဲသွားသဖြင့် အံ့အားသင့်စရာဖြစ်ခဲ့ပါသည်။ ယမန်နှစ်က ဤပွဲကြီးတွင်လည်း အမေရိကနှင့်ဥရောပတွင် တစ်ကြိမ်မျမကစားဖူးသေးသော ဂျပန်ဂေါက်သီးမယ်လေး ဟီနာကိုရှီဘူနိုဗိုလ်စွဲခဲ့ပြီး စင်ဒရဲလားပုံပြင်ဖြစ်ခဲ့ပေရာ ယခုနှစ်တွင်လည်း စင်ဒရဲလားပုံပြင် တစ်ပုဒ်ထပ်မံပေါ်ထွက်ခဲ့ခြင်းပါပင်။ ပေါ့ပေါ့ဗ်က ကမ္ဘာ့အဆင့်တွင် ၂၄ သို့လည်းရောက်ရှိလာပါသည်။

ပေါ့ပေါ့ဗ်သည် ဂျာမန်မိဘနှစ်ပါးမှ အမေရိကန်ပြည်ထောင်စုတွင်မွေးဖွားခဲ့သူပါ။ အသက်လေးနှစ်အရွယ်တွင် မိဘနှစ်ပါးနှင့်အတူ ဂျာမနီသို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ University of South Carolina (USC)တွင် ကျောင်းတက်ခဲ့ပြီး ၂၀၁၃ ခုနှစ်အမေရိကန်တက္ကသိုလ်ပေါင်းစုံ အမျိုးသမီးဂေါက်သီး ချန်ပီယံဆုရ USC အသင်း၏ လက်ရွေးစင်တစ်ဦးဖြစ်ခဲ့ပါ သည်။ ၂၀၁၄ ခုနှစ်၌ ပရိုပြောင်းခဲ့ပါသည်။ အယ်လ်ပီဂျီအေတိုး၌ အချိန်ပြည့်ခြေချခွင့်ရရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ၂၀၁၈ နှင့်၂၀၁၉ တွင်သာအချိန်ပြည့်ကစားနိုင်ခဲ့ပြီး ၂၀၁၉ နှစ်ကုန်တွင် တစ်နှစ်တာဆုကြေးနည်းမှုကြောင့် Q School ဝင်ကစားကာ ၂၀၂၀ ၌ ဆက်လက်ကစားခွင့်ရရန် လက်ရည်စစ်ပွဲဝင်ခဲ့ရပါသည်။ လက်ရည်စစ်ပွဲ၌ တစ်ချက်ကလေးအလိုဖြင့်ကပ်ပြုတ်ခဲ့ရပြီး အယ်လ်ပီဂျီအေတိုးအောက်တစ်ဆင့်နိမ့်သော Symetra Tour ၌သာကစားနေခဲ့ရသည်။ အယ်လ်ပီဂျီအေတိုးပွဲများသို့မူ အရံလူအဖြစ်နုတ်ထွက်သူရှိမှ ပါဝင်ကစား ခွင့်ရသည့်အခြေအနေပါ။

သြဂုတ်လဆန်းတွင် အယ်လ်ပီဂျီအေတိုးတစ်ပွဲ ဖြစ်သော Drive On Ch. ၌ သူ့သူငယ်ချင်း ဂေါက်သီးလေ့ကျင့်ဘက် ပြင်သစ်သူအန်းဗန်ဒမ်း(Anne van Dam)အတွက် ကက်ဒီလိုက်ပေးခဲ့သေးသည်။ နောက်တစ်ပတ်အကြာ သြဂုတ်လ ၆-၉ ၌ကျင်းပခဲ့သော အယ်လ်ပီဂျီအေတိုး၏ Marathon Classic တွင် အရံလူနေရာမှ ပါဝင်ကစားခွင့်ရခဲ့ရာ အဆင့်ပူးတွဲကိုးချိတ်ခဲ့ပါသည်။ ဤပွဲမှ ထိပ်ဆုံးဆယ်ဦးသည် အမျိုးသမီးဗြိတစ်ရှ်အိုးပင်းဝင်ခွင့်ရကြောင်း သိပင်မသိခဲ့ပါဟု ပေါ့ပေါ့ဗ်က ဝန်ခံခဲ့ပါသည်။ မမျော်လင့်ဘဲ ဝင်ခွင့်ရခဲ့သည့်အတွက် သူကသြဂုတ်လ ၂၀ ရက်တွင်စတင်မည့် ထိုမေဂျာပွဲကြီးဆီသို့ ကြိုတင်ပြင်ဆင်ရန်အချိန်မရတော့ဘဲ တန်းပြေးရပါတော့သည်။ ယင်းနောက်သြဂုတ်လ ၂၃ ရက်တွင်မူ အမျိုးသမီးဗြိတစ်ရှ် အိုးပင်းချန်ပီယံသရဖူငွေဖလားကြီးအားကိုင်မြှောက်နိုင်ခဲ့ပါတော့သည်။ တကယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပင်။

အမျိုးသားများ၏ ပီဂျီအေတိုးတွင်လည်း Wyndham Ch. အပြီး သြဂုတ်လ ၆ ရက်နောက်ပိုင်း၌ ဖက်ဒိတ်စ်ဖလားအပြီးသတ်သုံးပွဲကာလဆီသို့ ရောက်ရှိလာပါသည်။ Wyndham Ch. အပြီးတွင် ၁၂၅ ဦးသာ ဖက်ဒိတ်စ်အပြီးသတ်သုံးပွဲ၏ ပထမပွဲသို့ဝင်ရောက်ခွင့်ရမည်ဖြစ်ပါသည်။ ဂျင်မ်ဟာမင်န်သည် အမှတ်စဉ် ၁၉၂ တွင်သာရှိရာမှ ဤပွဲဗိုလ်စွဲလိုက်သဖြင့် အမှတ်စဉ် ၅၄ သို့ ရောက်လာသည်။ ဖက်ဒိတ်စ်ဖလားရာဇဝင်၌ အများ ပြားဆုံးအဆင့်ခုန်တက်မှုပင်ဖြစ်သည်။ မာစတာစ်နှစ်ကြိမ် ဗိုလ်စွဲခဲ့သူဇက်ခ်ဂျွန်ဆင်က အမှတ်စဉ် ၁၂၉ မှ ၁၀၄ သို့ လည်းကောင်း၊ ယမန်နှစ်ဗြိတစ်ရှ်အိုးပင်းချန်ပီယံရှိန်းလော်ရီက အမှတ်စဉ် ၁၃၁ မှ ၁၂၂ သို့လည်းကောင်းရောက်လာကာ မပြုတ်ကြတော့ပါ။ အပြီးသတ်သုံးပွဲ၏ ပထမပွဲသည် Northern Trust ပြိုင်ပွဲပါ။ သြဂုတ်လ ၂၀ မှ ၂၃ ရက် အထိကျင်းပခဲ့ရာ ဒပ်စ်တင်းဂျွန်ဆင်(ဒီဂျေ) ဗိုလ်စွဲခဲ့ပါသည်။ သူကဒုတိယရသွားသူ ဟဲရစ်အင်္ဂလိရှ် အပေါ် ၁၁ ချက်ပင်အသာရကာ အပြတ်အနိုင်ရခဲ့ခြင်းပါ။ သူက ဇူလိုင်လလယ်က ဖက်ဒိတ်စ်အမှတ်ဇယား အမှတ်စဉ် ၁၁၁ တွင်သာရှိရာမှ ဇူလိုင်လနောက်ဆုံးပတ်က Travelers Ch. ဗိုလ်စွဲပြီး အမှတ်စဉ် ၂၂ သို့ရောက်လာသူပါ။ Travelers Ch. ဗိုလ်စွဲပြီးနောက် ကမ္ဘာ့အဆင့်တွင် တတိယနေရာသို့ ရောက်လာသောသူသည် ယခု Northern Trust ပြိုင်ပွဲဗိုလ်စွဲလိုက်သည့်အခါ ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးသမားနေရာကို ပြန်လည်ရရှိခဲ့ပါသည်။

ယခု ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့အဆင့်တစ်နေရာအပြောင်းအလဲဖြစ်ခဲ့သည်မှာ ငါးကြိမ်ရှိခဲ့ပါပြီ။ ဘရွတ်စ်ကက်ပ်ကာ၊ ရော်ရီမက်ကဲလ်ရွိုင်း၊ ဂျွန်ရမ်း၊ ဂျပ်စ်တင်တွမ်မတ်စ်နှင့် ဒီဂျေတို့ပါ။ ဒီဂျေသည် ဤ အောင်ပွဲကြောင့် ဖက်ဒိတ်စ်ဖလားအမှတ်ဇယားတွင်လည်း နံပါတ်တစ်နေရာသို့ ရောက်လာသည်။

ဤပွဲအပြီး အမှတ်အများဆုံးလူ ၇၀ သာ ဒုတိယအပြီးသတ်ပွဲဖြစ်သည့် BMW Ch. သို့ဝင်ခွင့်ရကြပေ ရာ နာမည်ကြီးများဖြစ်ကြသည့် ဘရွတ်စ်ကက်ပ်ကာ၊ ဖီးလ်မစ်ကယ်ဆင်၊ ဂျပ်စ်တင်ရို့စ်၊ အီယံပေါ်လ်တာ၊ ရစ် ကီဖောင်လာ၊ ဇက်ခ်ဂျွန်ဆင်နှင့် ရှိန်းလော်ရီတို့ပြုတ်ခဲ့ကြပါသည်။ ကက်ပ်ကာသည် ဒူးနာပြဿနာကြောင့် ဤပွဲ သို့ပါဝင်မကစားနိုင်ခဲ့ပဲ ပြုတ်ခဲ့ခြင်းပါ။

ဒုတိယအပြီးသတ်ပွဲဖြစ်သော BMW Ch အား သြဂုတ်လ ၂၇-၃၀ တွင် ကျင်းပခဲ့ပါသည်။ ကွင်းမှာ ယူ အက်စ်အိုးပင်း လက်ခံကျင်းပခဲ့သည့် Olympia Fields ဂေါက်ကွင်းဖြစ်ပြီး ယူအက်စ်အိုးပင်းပုံစံခင်းကျင်းထားသဖြင့် ကစားရအလွန်ခက်ခဲခဲ့ပါသည်။ ပထမနေ့က ဒီဂျေသည်တစ်ချက်ပို ၇၁ ချက်သာရခဲ့ပြီး ဂျွန်ရမ်းသည်လည်း ငါးချက်ပို ၇၅ ချက်သာရိုက်နိုင်ခဲ့ကြသည်။ သုံး ရက်အပြီးတွင် ဒီဂျေနှင့် ဂျပန်ပရိုဟိဒဲခိမာဆူယားမားတို့ က သုံးရက်ပေါင်းတစ်ချက်လျော့စီဖြင့် ဦးဆောင်ခဲ့ကြ သည်။ သုံးရက်အပြီးက နှစ်ချက်ပိုသာရှိခဲ့သော ဂျွန်ရမ်းသည် နောက်ဆုံးနေ့တွင် ခြောက်ချက်လျော့ရကာ လေးရက်အပြီး၌ ဒီဂျေနှင့်စုစုပေါင်း လေးချက်လျော့တွင်တိုက်နေခဲ့ကြပြီး ကျင်းပြတ်ကျင်းပိုဆက်ကစားခဲ့ကြရပါသည်။ မာဆူယားမားက တတိယသာရခဲ့သည်။

ကျင်းပြတ်ကျင်းပိုပထမကျင်းတွင် ဂျွန်ရမ်းက ၆၆ ပေအကွာမှ ကွေ့သွင်းရသော ဘာဒီပတ်ကြီးဝင်ခဲ့ ပြီး ဒီဂျေက ၃၃ ပေဘာဒီပတ်လွဲသည့်အခါ ဂျွန်ရမ်းဗိုလ် စွဲသွားပါတော့သည်။ ဂျွန်ရမ်းက အမှတ်ဇယားတွင် နဝမ နေရာမှ ဒုတိယနေရာသို့တက်ရောက်လာသည်။ ဒီဂျေကပထမနေရာ၌ရှိဆဲပါ။ ဤပွဲအပြီး ထိပ်ဆုံးလူ ၃၀ သာ ရာသီပိတ်နောက်ဆုံးပွဲကြီးဖြစ်သော Tour Ch. သို့ဝင်ခွင့် ရကြပေရာ ပြုတ်သွားကြသူများစာရင်းတွင် တိုက်ဂါး၊ ဂျေဆင်ဒေး၊ အဒမ်စကော့တ်၊ ဂယ်ရီဝွဒ်လန်း၊ ဘတ်ဘာ ဝပ်တ်ဆင်၊ ဂျင်မ်ဟာမင်န်တို့ပါသွားကြပါသည်။

၂၀၁၉-၂၀ ပီဂျီအေတိုးရာသီပိတ် Tour Ch. ပြိုင်ပွဲကြီးအား စက်တင်ဘာလ ၄-၇ ရက်တွင်ကျင်းပခဲ့ ပါသည်။ ဖက်ဒိတ်စ်ဖလားသတ်မှတ်ချက်အစီအစဉ်ပုံစံအတိုင်း ဤပွဲမစမီတွင် ရပြီးသားအမှတ်များအားလုံးကို ပယ်ဖျက်ကာ အမှတ်များအစား အချက်လျော့ကို အဆင့် အလိုက်ချမှတ်ပေးခဲ့ပါသည်။ လူ ၃၀ အနက် နောက်ဆုံးငါးဦးက အီးဗင်းပါစကိုးဖြင့် စçရိုက်ရမည်ဖြစ်ပြီး အဆင့် ၂၁ မှ ၂၅ အထိ ငါးဦးကတစ်ချက်လျော့၊ အဆင့် ၁၆ မှ ၂၀ အထိ ငါးဦးကနှစ်ချက်လျော့၊ အဆင့် ၁၁ မှ ၁၅ အထိ ငါးဦးက သုံးချက်လျော့၊ အဆင့်ခြောက်မှ တစ် ဆယ်အထိ ငါးဦးက လေးချက်လျော့ကြိုတင်ရထားကြပါ သည်။ ထိပ်ဆုံးငါးဦးတွင်မူ ပဉ္စမ ကော်လင်းမိုရီကာဝါက ငါးချက်လျော့၊ စတုတ္ထ ဝက်ဘ်ဆင်မ်ဆင်က ခြောက်ချက်လျော့၊ တတိယ ဂျပ်စ်တင်တွမ်မတ်စ်က ခုနစ်ချက်လျော့၊ ဒုတိယ ဂျွန်ရမ်းကရှစ်ချက်လျော့၊ ထိပ်ဆုံးမှဒီဂျေကဆယ်ချက်လျော့ဖြင့် ပထမနေ့ကိုစတင်တာထွက်ခဲ့ကြ ရပါသည်။ ဤနည်းဖြင့် အမှတ်ကိုစဉ်းစားရန်မလိုတော့ဘဲ ဗိုလ်စွဲသူကဖက်ဒိတ်စ်ချန်ပီယံဖြစ်ကာ ဒေါ်လာ ၁၅ သန်းရရှိပါမည်။ ဒုတိယက ဒေါ်လာ ငါးသန်း၊ တတိယ က ဒေါ်လာ လေးသန်း၊ စတုတ္ထက ဒေါ်လာ သုံးသန်း၊ ပဉ္စမက ဒေါ်လာနှစ်သန်းခွဲရကြပါမည်။ ဆုကြေးများအား အမှတ်စဉ် ၁၅၀ အထိပင်ပေးထားပေရာ နောက်ဆုံးလူပင် ဒေါ်လာ ခုနစ်သောင်းရပါမည်။

စက်တင်ဘာလ ၄ ရက်၊ သောကြာနေ့ ပထမကွင်းပတ်၌ ဂျွန်ရမ်းက ငါးချက်လျော့ ၆၅ ချက် အကောင်း ဆုံးစကိုးကိုရခဲ့ကာ ကြိုတင်ရပြီး ရှစ်ချက်လျော့နှင့် ပေါင်းလိုက်သည့်အခါ ၁၃ ချက်လျော့ ဖြစ်လာသည်။ ဒီဂျေကလည်း သုံးချက်လျော့ရခဲ့ပြီး ကြိုတင်ရဆယ်ချက် နှင့်ပေါင်း၍ ၁၃ ချက်လျော့ပင်ဖြစ်လာကာ ပူးတွဲ ဦးဆောင်သူနေရာကို ရခဲ့ပါသည်။ လေးချက်လျော့ရခဲ့သူ ဂျပ်စ်တင်တွမ်မတ်စ်က ကြိုတင်ရ ခုနစ်ချက်လျော့နှင့် ပေါင်းကာ ၁၁ ချက်လျော့၊ ခြောက်ချက်လျော့ရခဲ့သူ မက် ကဲရွိုင်းက ကြိုတင်ရ သုံးချက်လျော့နှင့်ပေါင်းကာ ကိုးချက်လျော့ရနေကြရာ လက်ရှိကမ္ဘာ့အဆင့် တစ်၊ နှစ်၊ သုံး၊ လေးတို့၏ပြိုင်ဆိုင်မှုကို ဆက်ကြည့်ကြရတော့မည့် အနေ အထားပါ။ မက်ကဲလ်ရွိုင်း၏ဇနီးဖြစ်သူ အဲရစ်ကာသည် သြဂုတ်လ ၃၁ ရက်၊ တနင်္လာနေ့တွင် သမီးဦးလေး ပေါ့ပီကို ဖလော်ရီဒါ၌ဖွားမြင်ခဲ့ရာ မက်ကဲလ်ရွိုင်းက လွန်ခဲ့သည့်တနင်္ဂနွေနေ့ပြိုင်ပွဲအပြီး၌ သမီးလေးဆီ သုံးရက် သွားနေခဲ့ပြီး ကြာသပတေးနေ့တွင်မှ ပြိုင်ပွဲဆီသို့ရောက်လာခဲ့ခြင်းပါ။

စနေနေ့ဒုတိယကွင်းပတ်တွင် ဒီဂျေရော ဂျွန်ရမ်းပါလက်ပျက်နေခဲ့ကြပါသည်။ ဒီဂျေက ကျင်းတိုမှလွဲ၍ ကျန် ၁၄ ကျင်းတွင် တီရှော့များ ဖဲဝေးရောက်သည်မှာ နှစ်ကျင်းသာရှိခဲ့ပါသည်။ သို့တိုင် သူက အီးဗင်းပါစကိုးကို သူရခဲ့ပြီး နှစ်ရက်ပေါင်း ၁၃ ချက်လျော့ဖြင့် ဦးဆောင် သူဖြစ်ဆဲပါ။ ဂျွန်ရမ်းမှာ ကျင်း ၁၅ ပါသရီး၌ ရေထဲကျ၍ ဒပ်ဘယ်ဘိုဂီနှင့် ကျင်း ၁၆ တွင် ဘိုဂီများဖြင့် ပေါင်းကိုး ချက်လျော့သို့ကျသွားပါသည်။ ကိုဗစ်ကာလမတိုင်မီက အမှတ်ဇယားကိုဦးဆောင်ခဲ့သူ ကိုရီးယားပရို ဆန်ဂျေ အင်းမ်သည် ဤနေ့တွင် ခြောက်ချက်လျော့ပင်ရကာ စုစု ပေါင်း ၁၂ ချက်လျော့ဖြင့် ဒုတိယနေရာသို့ရောက်လာသည်။ ၂၀၁၇ က Tour Ch. ဗိုလ်စွဲခဲ့သူ ဇန်ဒါရှောင်ဖလီက ဤနေ့ ၌ ငါးချက်လျော့ရ ပြီး ပေါင်း ၁၁ ချက်လျော့၊ ဤနေ့၌ တစ်ချက်ပိုသာရသည့် ဂျပ်စ်တင်တွမ်မတ်စ်က ဆယ်ချက် လျော့ရနေကြပါသည်။ မက်ကဲလ်ရွိုင်းသည် ကျင်း ၁၈ ပါဖိုက်၌ ကိုက် ၃၇၀ ဝေးကွာအောင်ပင် ဒရိုက်ဗ်ရိုက်နိုင် ခဲ့ပြီး ဂရင်းနှင့်ကိုက် နှစ်ရာကျော်သာကျန်တော့သည်။ သို့သော် ရေကန်စပ်မြက်ရှည်ထဲအထိရောက်နေခဲ့သည်။ ထိုမှ တူးအွန်ရိုက်လိုက်ရာထိပ်ထုပြီး ရေကန်ထဲကျသွားပြီး ဘာဒီရရမည့်ကျင်းတွင် ဘိုဂီဖြစ်ခဲ့ပါသည်။ သူက ပေါင်း ရှစ်ချက်လျော့ ပဲကျန်တော့သည်။

တနင်္ဂနွေနေ့ တတိယကွင်းပတ်တွင် ဒီဂျေနှင့် အတူ နောက်ဆုံးအတွဲအဖြစ် တာထွက်ရသည့် ဆန်ဂျေ အင်းမ်မှာ နှစ်ချက်ပိုသာရခဲ့သည်။ ဒီဂျေမှာ ဤနေ့တွင် ကမ္ဘာ့အကောင်းဆုံးဂေါက်သီးသမားလက်စွမ်းပြန်ရခဲ့ သည်။ ယမန်နေ့က ဂေါက်သီးဘောလုံးနှင့် အနည်းငယ်ခွာ၍ ခြေချကွက်ရယူမိခဲ့သည့်အမှားအား ပြန်ပြင်ကာဂေါက်သီးနှင့်အနည်းငယ်လေးပိုနီးကာ ရိုက်ခဲ့မှု၏ရလဒ် ဟုဆိုပါသည်။ ခြောက်ချက်လျော့ကွင်းပတ်ကိုရခဲ့ပြီး ပေါင်း ၁၉ ချက်ဖြင့် ဒုတိယနေရာရနေသူ ဂျပ်စ်တင်တွမ် မတ်စ်နှင့် ဇန်ဒါရှောင်ဖလီတို့အပေါ် ငါးချက်ပင်ဖြတ်ထားနိုင်ခဲ့ပါသည်။ စတုတ္ထနေရာတွင် ဂျွန်ရမ်းက ၁၃ ချက် လျော့၊ ပဉ္စမနေရာတွင် မိုရီကာဝါက ၁၂ ချက်လျော့ဖြင့်ရှိ နေကြသည်။ ထိုသူများပင် ဒီဂျေအားမီရန်မလွယ်ကြပါ။ မက်ကဲလ်ရွိုင်းမှာ ပေါင်းရှစ်ချက်လျော့သာရှိနေသဖြင့် မျော်မှန်း၍မရနိုင်တော့ပါ။

လေဘာဒေးတနင်္လာနေ့တွင် နောက်ဆုံးကွင်း ပတ်ကစားခဲ့ပါသည်။ ပထမကော်နာ၌ အားလုံးလိုပင် ဘာဒီများရခဲ့ကြသည်။ ဒီဂျေက ကျင်းအမှတ် သုံး၊ ငါးနှင့် ခြောက်တို့တွင် ဘာဒီများရသည့်အခါ ၂၂ ချက်လျော့သို့ ရောက်လာပြီး ငါးချက်သာဆဲဖြစ်ခဲ့ပါသည်။ သို့သော် ကျင်း အမှတ်ခုနစ်နှင့် ရှစ် နှစ်ကျင်းဆက် ဘိုဂီပါသွားသည့် အခါ သုံးချက်ပဲသာတော့သည်။ ဂျွန်ရမ်းသည် ကျင်းသုံး ၌ဘာဒီ ရခဲ့သော်လည်း ကျင်းလေး၌ ဖဲဝေးနဘေးဘန်ကာ ထဲမှ ဂရင်းအရောက်ရိုက်လိုက်ရာ ဘန်ကာအတွင်းနှုတ်ခမ်း နှင့်ထိပြီး ဘန်ကာထဲပဲပြန်ကျကာ ဒပ်ဘယ်ဘိုဂီပါသွား သဖြင့် ၁၂ ချက်လျော့သာကျန်ပြီး အဆင့်ပြုတ်ကျသွား ပါသည်။ သို့သော် သူက ကျင်းငါးတွင် ဘာဒီနှင့် ကျင်း ခြောက်တွင် အီဂယ်ရခဲ့ပေရာ စတုတ္ထနေရာသို့ပြန်ရောက် လာသည်။ ဇန်ဒါရှောင်ဖလီနှင့် ဂျပ်စ်တင်တွမ်မတ်စ်တို့က ဒီဂျေနှင့်နှစ်ချက်အကွာအထိလိုက်လာကာ ဖိအားပေးနိုင် ခဲ့ကြ သည်။ သူတို့နှစ်ဦးက ၁၈ ချက်လျော့အထိရောက်ခဲ့ကြ သည်။ နှစ်ဦးစလုံးလေးချက်လျော့ကွင်းပတ်ကို ရခဲ့ကြ ခြင်းပါ။ ဒီဂျေက ကျင်းကိုးမှ ၁၇ အထိ ကိုးကျင်းဆက်တိုက် ပါများဆက်တိုက်ရခဲ့ပြီးနောက် ကျင်း ၁၈ ပါဖိုက်တွင် နှစ်ချက်ဖြင့်ဂရင်းနဘေးဘန်ကာထဲရောက်ခဲ့ကာ ဘာဒီရသွားသည့်အခါ ပေါင်း ၂၁ ချက်လျော့ဖြင့် ဗိုလ်စွဲသွားပါတော့သည်။

ယမန်နှစ် စက်တင်ဘာလက ဒူးခွဲခဲ့ရပြီးနောက် ယခုရာသီတွင် ကိုဗစ်ကြောင့် ပွဲများနားသည့်ကာလအထိ လေးပွဲသာဝင်ကစားနိုင်ခဲ့ကာ အမှတ်ဇယားအဆင့် ၁၁၁ အထိကျဆင်းနေသော ဒီဂျေသည် ဇွန်လကုန်တွင်မှ တစ် ပွဲစတင်ဗိုလ်စွဲနိုင်ခဲ့သည်။ သူ နောက်ဆုံးပါဝင်ကစားခဲ့ သော လေးပွဲတွင်မူ ပီဂျီအေချန်ပီယံရှစ်၌ ဒုတိယ၊ ဖက် ဒိတ်စ်အပြီးသတ်သုံးပွဲ၌ နှစ်ပွဲဗိုလ်စွဲ၊ တစ်ပွဲ ဒုတိယရခဲ့ ခြင်းဖြစ်ပေရာ လက်ရှိ၌ သူကကမ္ဘာ့အကောင်းဆုံး ဂေါက်သီးသမားဆိုသည်မှာ ငြင်း၍မရသောအချက်ပါ။ ယခု ရက်သတ္တပတ်တွင် ၂၀၁၉-၂၀ ပီဂျီအေတိုးရာသီပြီးဆုံး ပြီဖြစ်ပေရာ သူက ဖက်ဒိတ်စ်ဖလားချန်ပီယံအဖြစ်နှင့် ကမ္ဘာ့နံပါတ်တစ်ဂေါက်သီးသမားအဖြစ် ရာသီပိတ် နိုင်ခဲ့ပါပြီ။ ကစားဖော် ပီဂျီအေတိုးမင်ဘာများ၏ မဲဖြင့်ပေးသော ယခုရာသီ၏ အကောင်းဆုံးဂေါက်သီးသမားဆုကိုလည်း သူရဖို့ပင်ရှိနေပါတော့သည်။

#CEO_November2020_Issue