လူတိုင်း ချမ်းသာနိုင်ပါသည်

ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံသူ Warren Buffett က မည်သူမဆိုချမ်းသာနိုင်ပါသည်ဟုဆိုလေသည်။ ငွေကြေးအနည်းငယ်နှင့်လွန်ခဲ့သည်နှစ်ပေါင်း ၅၈ နှစ်ကျော်မှ စတင်ကာစနစ်တကျရင်းနှီးမြှုပ်နှံခဲ့သဖြင့် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်သူ Warren Buffett အနေဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးခဲ့သူဖြစ်ပါသည်။ ဤသို့အောင်မြင်ခဲ့ခြင်း၏ အခြေခံအကြောင်းရင်းများအနက် စည်းကမ်းရှိခြင်း၊ တစ်နည်းအားဖြင့် စိတ်ရှည်ခြင်း၊ လောဘသတ်နိုင်ခြင်း၊ အခြေခံကျကျတွေးခေါ်နိုင်ခြင်းနှင့် အခြေအနေကို စနစ်တကျ အချိန်ပေးလေ့လာခြင်းတို့၏ရလဒ်များပင်ဖြစ်ပါသည်။

အရောင်းတာဝန်ခံတစ်ဦး၏သားဖြစ်သူ Warren Buffett အနေဖြင့် ငယ်စဉ်ကတည်းက ပိုက်ဆံရှာတတ်လေသည်။ ငါးနှစ်သားအရွယ်တွင်သူသည် အိမ်ရှေ့တွင်စားပွဲခင်း၍ လမ်းသွားလမ်းလာများကို ပီကေရောင်းချခဲ့ပြီး လူသွားလူလာများသော သူငယ်ချင်းတစ်ဦး၏အိမ် ရှေ့တွင်သံပရာရည်ရောင်းချခြင်းဖြင့် ဝင်ငွေရှာဖွေခဲ့ပါသည်။ ငွေရှာခြင်းထက် ချမ်းသာလိုသည့်စိတ်ဖြင့် လုပ်ဆောင်ခဲ့ပါသည်။ မူလတန်းကျောင်းသားဘဝကတည်း က အသက် ၃၅ နှစ်မတိုင်မီတွင် ချမ်းသာရမည်ဟု ကြွေးကြော်ခဲ့ပါသည်။ ဂေါက်ကွင်းတွင် လှည့်လည်၍ ပြန်ရောင်းနိုင်သော ဘောလုံးများရှာဖွေခြင်း၊ မြင်းပွဲတွင်အမှတ်မထင် စွန့်ပစ်ထားသော ပေါက်မဲလက်မှတ်များကို ရှာဖွေခြင်း၊ အဖိုး၏ကုန်စုံဆိုင်မှအချိုရည်များဝယ်ယူ၍ တစ်အိမ်တက်ဆင်းရောင်းချခြင်း၊ တစ်နေ့လျင် သတင်းစာအစောင်အနည်းဆုံး ငါးရာဖြန့်ချိခြင်းဖြင့် လစဉ်ပုံမှန်ဝင်ငွေ ဒေါ်လာ ၁၇၅ ရရှိရန် ကြိုးစားခြင်းဖြင့် ငွေရှာဖွေ စုဆောင်းသည်။ သူကြိုက်နှစ်သက်သော စာအုပ်ဖြစ်သည့် One Thousand Ways to Make $1000 ကဲ့သို့ စာအုပ်မျိုးကို ဝယ်ယူဖတ်ရှုရင်းအချိန်ကုန်ပါသည်။

ငယ်စဉ်ကတည်းက စတော့ရှယ်ယာဈေးကွက်ကို စိတ်ဝင်တစားရှိပြီး စနစ်တကျစာရင်းဆွဲကာမှတ်တမ်းထားရှိလေ့လာခဲ့ပါသည်။ အသက် ၁၁ နှစ်အရွယ်တွင် သူ့ဘဝ၏ ပထမဆုံးရှယ်ယာဝယ်ယူခဲ့သည်။ တစ်ရှယ်ယာလျင် ၃၈ ဒေါ်လာတန်ရှယ်ယာသုံးခုဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ ရှယ်ယာဈေးနှုန်း ၄၀ ဒေါ်လာရောက်သောအခါ ထို Cities Service ရှယ်ယာကို ပြန်ရောင်းခဲ့သဖြင့် အသားတင်အမြတ် ငါးဒေါ်လာရခဲ့ပါသည်။ အသက် ၁၄ နှစ်တွင်စုငွေအားလုံးပေါင်း ဒေါ်လာ ၁,၂၀၀ ဖြင့် စိုက်ပျိုးမြေဧက ၄၀ ဝယ်ယူခဲ့ပြီး လယ်သမားတစ်ယောက်အား ငှားရမ်းခဲ့ပါသည်။ ထို့သို့လုပ်ကိုင်ခဲ့သဖြင့် အသက် ၂၁ နှစ်အရွယ်တွင် ဒေါ်လာစုစုပေါင်း ၉,၈၀၀ စုဆောင်း နိုင်ခဲ့ပါသည်။

လောဘကြီးခြင်းနှင့် အကြောက်တရား

Buffett အနေဖြင့် The University of Pennsylvania ရဲ့ Wharton School တွင် နှစ်နှစ်တက်ရောက်ခဲ့ပြီး University of Nebraska သို့ ပြောင်းရွှေ့တက်ရောက်ခဲ့ပြီး အလုပ်အ ချိန်ပြည့်လုပ်ရင်း စီးပွားရေးနှင့်ငွေကြေးပညာရပ်ကိုလေ့လာခဲ့ပါသည်။ ထို့နောက် Columbia Business School သို့ တက်ရောက်ခဲ့ပြီးသူ့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ် သက်တဲ့ အဓိကသော့ချက်များကို လေ့လာသင်ယူခဲ့ရပါသည်။ အဓိကအားဖြင့် မှန်းဆချက်ထင်ကြေးဖြင့် ရှယ်ယာဝယ်ယူခြင်းထက် သိပ္ပံနည်းကျကျတွက်ချက်ဝယ်ယူခြင်းကို အစပြုခဲ့သူဆရာ Benjanin Graham ထံမှ လေ့လာနိုင်ခဲ့ပါသည်။

ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ ထုတ်ပြန်ထားသော စာရင်းဇယားများပေါ်အခြေခံ၍ ဝင်ငွေ၊ ပိုင်ဆိုင်မှုနှင့် ဖြစ်နိုင်ခြေလုပ်ငန်းကြီးထွားနိုင်မှုတို့ကို လေ့လာ၍ ဈေးကွက်ကဖွင့်ထားသောဈေးနှင့် မတူညီသည့် ရှယ်ယာဈေးကွက်ကို ခန့်မှန်းတွက်ချက်ခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် Graham မှ ရှယ်ယာဈေးအနေဖြင့် မူလထက်များစွာနိမ့်သောအခြေအနေတွင် ဈေးကွက်၏အခြေအနေကို မှန်းဆ၍ဝယ်ယူရင်းနှီးရန်ဖြစ်ပါသည်။ ဤသည်ကို Warren Buffett က ”သူများတွေတအား ကြောက်နေချိန်မှာ လောဘကြီးရမှာဖြစ်ပြီး သူများတွေလောဘကြီးချိန်မှာဆိုရင်တော့ ကြောက်ဖို့လိုတယ်လေ” ဟုဆိုလေသည်။ Warren Buffett အနေဖြင့် Benjamin Graham ၏ ခြေရာအတိုင်းရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ခဲ့ရာ ဈေးကွက်တွင်လူတိုင်းစိတ်ဝင်းစားမှုမရှိသည့် GEICO (The Government Employees Insurance Company) အာမခံကုမ္ပဏီကို သူ၏ပိုင်ဆိုင်မှု သုံးပုံနှစ်ပုံထိ ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့ပါသည်။

သုတေသနအလုပ်ကို စိတ်အားထက်သန်စွာ လုပ်ဆောင်ခြင်း

Warren Buffett အနေဖြင့် ၁၉၅၁ ခုနှစ်တွင် ဘွဲ့ရခဲ့ပြီး နောက် Graham ၏ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွင် အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ထိုစဉ်ကတည်းက Standard & Poor’s Stock Guide ကို ထုံးလိုချေရေလိုနောက်လေ့လာခဲ့ပြီး စိတ်ဝင်စားဖွယ်ရာဖြစ်သော်လည်း လူအများမျက်စိလျမ်းခဲ့သော ရှယ်ယာများကိုရှာဖွေပြီး ရင်းနှီးမြှုပ်နှံခဲ့ရာ မူလဒေါ်လာ ၉ç၈၀၀ မှ ဒေါ်လာ ၁၄၀,၀၀၀ ထိတိုးမြင့်လာခဲ့ပါသည်။ ဤအခြေအနေတွင် ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ရန် အချိန်ကျရောက်ပြီဟုယုံကြည်ပြီး ဇနီးနှင့် ၁၉၅၆ တွင် ရင်းနှီးသောမိတ်ဆွေများနှင့် မိသားစုဝင်ခုနှစ်ယောက်စုပေါင်း၍ Buffett Associates, Ltd., ကို ဒေါ်လာ ၇.၂ သန်းနှင့် တည်ထောင်ခဲ့ပါသည်။ နောက်နှစ်နှစ်အကြာတွင် ဒေါ်လာ ၂၂ သန်း ဖိုးလုပ်ငန်းများရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့ပါသည်။ အဲဒီ အချိန်မှာ သူ့ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုက ဒေါ်လာ ၄ သန်းဝန်းကျင်ရှိနေပြီဖြစ်သည်။

သုတေသနကို စနစ်တကျ ပင်ပန်းခံပြီး လေ့လာခြင်းသည် အခြားရင်းနှီးမြှုပ်နှံသူများနှင့် ကွာခြားချက်ဖြစ်ပြီး Buffett သည်လူအများစုလေ့လာဖတ်ရှုရန် ပျင်းရိသောစီးပွားရေးနှင့် စတော့ရှယ်ယာအကြောင်းပါသော သတင်းအချက်အလက်များကို တစ်ကြောင်းချင်းစိတ်ဝင်စားအာရုံစူးစိုက် ပင်ပန်းခံလေ့လာနိုင်ပြီး မိမိအိမ်စာကိုကြေညက်အောင် ကြိုးစားသူ (ပင်ပန်းခံသူ) ဖြစ်ပါသည်။ ထို့ကြောင့်လည်း စတော့ရှယ်ယာဝယ်ယူရာ၌ လူအများစု ကဲ့သို့ စိတ်ခံစားမှု၊ စိတ်ကူး၊ စိတ်သန်းနှင့်ဝယ်ယူခြင်းမဟုတ်ဘဲ သတင်းအချက်အလက်များပေါ်မူတည်၍ ဆုံး ဖြတ်လေသည်။ ညနေတိုင်းသတင်းစာများနှင့် နှစ်ပတ်လည်အစီရင်ခံစာများ တစ်ထပ်ကြီးကို စိမ်ပြေနပြေလေ့လာနေတတ်သူဖြစ်ပါသည်။ ငွေကြေးဆိုင်ရာအပြောကောင်းသူများနှင့် အကြံဉာဏ်ပေးသူများကို အယုံကြည်လုံးဝမရှိပေ။ သူ၏အဆိုတစ်ခုမှာ ”ယုံလွယ်လွန်းရင်ဒေါ်လာတစ်သန်းဆိုတာ ခဏပဲခံလိမ့်မယ်” ဖြစ်ပါသည်။

ဖြစ်နိုင်ခြေအလားအလာများကို တွက်ချက်ခြင်း

Buffett အနေဖြင့် ကိန်းဂဏန်းစိတ်ဝင်စားလွန်းခြင်းသည် ထင်ရှားလှပေသည်။ အသက်အရွယ်ရလာသည်နှင့်အမျ ဘောလုံးပွဲအဖြေများ၊ လောင်းကစားအလားအလာများနှင့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းများကို အံ့သြဖွယ်ရာမှတ်မိ နေတတ်ပါသည်။ သူ့ဘဝတွင် လက်ဆုပ်လက်ကိုင်ထားသည့် ဆောင်ပုဒ်နှစ်ခုမှာ (၁) မည်သည့်အခါမျ ငွေကြေးမဆုံးရှုံးရန်နှင့် (၂) ဆောင်ပုဒ်နံပါတ်တစ်ကို ဘယ်တော့အခါမှမမေ့ရန် ဖြစ်ပါသည်။ သူအထူးဂရုစိုက်သည့် ကိစ္စရပ်တစ်ခုမှာအကြွေးကိစ္စရပ်ဖြစ်ပါသည်။

နှစ်ပေါင်းများစွာတိုင်အောင် Buffett က သူ နားမလည်သည့် နည်းပညာရပ်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုကို လုံးဝမလုပ်ကိုင်ခဲ့သော်လည်း ၂၀၁၆ တွင်မှ Apple တွင် စတင်ရင်းနှီး မြှုပ်နှံခဲ့ပါသည်။ သူ၏ အဓိကအကြောင်းပြချက်မှာ လုံးဝနားမလည်သောအလုပ်ကို ရင်းနှီးမြှုပ်နှံရန်မလုပ်ဆိုသော ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပါသည်။

ငွေကြေးကိုသာဦးစားပေးသည်

ငွေကြေးချမ်းသာကြွယ်ဝလာသော်လည်း Buffett ၏ ထူးခြားချက်တစ်ခုမှာ ဘဝနေထိုင်မှုပုံစံ မပြောင်းလဲသွားခြင်းပင် ဖြစ်ပါသည်။ မိတ်ဆွေတစ်ဦးမှ ”မီလျံနာတစ်ယောက်က ဘဝကဘာလဲ” ဟုမေးရာ သူက ”လိုချင်တဲ့အရာတွေကို ဝယ်နိုင်တဲ့ပိုက်ဆံရှိတာပါ”ဟု ဆိုလေသည်။ အခြားမီလျံနာများကဲ့သို့ အဖိုးတန်ပစ္စည်းများဝယ်ခြင်းထက် ငွေကြေးပမာဏကို မှတ်ကျောက်ကဲ့သို့ ထားလေသည်။ ချမ်းသာကြွယ်ဝသူများနှင့်တွေ့လျင် သူက ”ပိုက် ဆံဘယ်လိုသုံးဖြုန်းလဲမသိချင်ဘူး… ပိုက်ဆံဘယ်လိုရှာလဲပဲ သိချင်တယ်” ဟု ဆိုလေသည်။ မိတ်ဆွေတစ်ဦးက ”ခင်ဗျားကို ဈေးကြီးတဲ့ဝိုင်ဝယ်တိုက်ချင်တယ်” ဟုဆိုရာ သူက ”မသောက်ပါရစေနဲ့… ပေးချင်ရင် အဲဒီဝိုင်ဝယ်တဲ့ပိုက်ဆံပဲပေးပါဗျာ” ဟု ပွင့်ပွင့်လင်းလင်း ဆိုခဲ့ဖူးသည်။ ယနေ့ခေတ်တိုင် ၁၉၅၈ ခုနှစ်တွင် ဝယ်ခဲ့သောအိမ်တွင် နေထိုင်လျက်ရှိပါသည်။ ထို့ကြောင့်လည်း ၁၉၅၆ ခုနှစ်တွင်သူရင်းနှစ်းခဲ့သော ဒေါ်လာတစ်သောင်း၏တန်ဖိုးမှာ ၁၉၉၄ တွင် ဒေါ်လာ သန်း ၈၀ တန်နေပြီဖြစ်ပါသည်။ ယခု ၂၀၂၀ တွင်မူ ဒေါ်လာဈေးနှင့် ငွေကြေးဖောင်းပွမှုနှုန်း အရ ၁၄၁,၀၀၀,၈၂၃.၅ ဒေါ်လာ ဖြစ်နေပြီဖြစ်ပါသည်။

အလှူအတန်းပြုလုပ်ခြင်း

ငွေသုံးစွဲရန် တွန့်တိုတတ်သော်လည်း လိုအပ်၍ လှူဒါန်းပါက ရက်ရောသူဖြစ်ပါသည်။ သူ၏ပိုင်ဆိုင်မှုများထဲမှ ၂၀၀၆ တွင် ဒေါ်လာ ၃၇ ဘီလီယံတန်ဖိုးရှိရှယ်ယာများကို Bill & Melinda Gates Foundation သို့ ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ ငွေကြေးအသုံးအစွဲစေ့စပ်လွန်းသည်မှာ ဟိုတယ်တစ်ခုတွင်တည်းနေစဉ် အချိုရည်ဈေးကြီးလွန်းသည်ဟုထင်သဖြင့် မိတ်ဆွေကို Buffett ဝယ်လာရန် မေတ္တာရပ်ခံဖူးသူဖြစ်ပါသည်။ Buffett အနေဖြင့် သူ၏ ကလေးသုံးယောက်ကို ဘီလျံနာသန်းကြွယ်သူဌေး၏ ကလေးများကဲ့သို့ ကြီးပြင်းခွင့်မပြုဘဲ ငွေကြေးကို စေ့စေ့စပ်စပ်သုံးစွဲစေပါသည်။

Warren Buffett အနေဖြင့် အမေရိကန်နိုင်ငံ၏ အချမ်းသာဆုံးဘီလျံနာအဖြစ် သတ်မှတ်ခံရချိန်တွင် သတင်းထောက်တစ်ဦးမှဘာရည်ရွယ်ချက်ရှိသေးသနည်းဟုမေးရာ သူက ”အသက်ကြီးဆုံးဘီလျံနာ” အဖြစ်မှတ်ကျောက်တင်ခံချင်သည်ဟု ဖြေကြားလေသည်။ သူသည် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး ပုံမှန်အိပ်ချိန်အတိုင်းလိုက်နာသူဖြစ်ပါသည်။ သူ၏ ငယ်စဉ်ကတည်းက ခံယူချက်မှာ ”ပိုက်ဆံမက်တာတော့မဟုတ်ဘူး… ဒါပေမဲ့ ပိုက်ဆံရှာပြီး တိုးပွားတာကိုကြည့်ရတာ ပျော်လို့ပါ”ဟုဖြစ်လေသည်။

Ref: Internet, Wikipedia

မောင်စီအီးအို