လူကြီးလူညစ် ဂေါက်ပုံပြင် ၄၃

ယခင်လမှအဆက်

မောင်စံပေါ

ကိုဗစ်ကာလမှာ ဂေါက်ကွင်းလည်း မသွားရဲ၊ သွားရဲတောင်မှ ကွင်းကမဖွင့်တော့ လူတွေမဆုံကြတာကြာပြီ။ အင်တာနက်ကနေတစ်ဆင့် ဇွန်းတွေဇက်တွေနဲ့ စကားပြောကြဖို့ကလည်းအဆင်မပြေလှဘူး။ နောက်ဆုံးတော့ လှေကြီးထိုးရိုးရိုးဖြစ်ရတော့တာပါပဲ။ ဖုန်းဆက်တာပေါ့၊ ဖုန်းပြောတာပေါ့။ အန်ကယ်ကြီးဖုန်းထဲကနေ ပြောပြတဲ့ ပုံပြင်လေးတစ်ပုဒ်နားထောင်ခဲ့ရတယ်။

ဂေါက်ကွင်းမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ပြောရဆိုရတာလောက် အရသာမရှိပေမယ့် ရသေ့စိတ်ဖြေပေါ့လေ။

”ကြာခဲ့ပြီ။ နှစ်သုံး ၃၀ လောက်ရှိပြီပေါ့။ တစ်ရက်မှာ လူကြီးနှစ်ယောက် ဂေါက်သီးရိုက်ကြတယ်။ အန်ကယ်ကြီးရယ် နောက်တစ်ယောက်ရယ်လည်း လေးယောက်ပြည့်အောင် အိမ်ဖြည့်ပါသပေါ့။ လူကြီးနှစ်ယောက်ကလည်း အများအမြင်မှာတော့ အတော်ကိုခင်မင်ကြသူတွေပေါ့။ အမှန်က မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ကျိတ်ပြီးပြိုင်နေကြတာ။ ဘယ်လောက်ဟန်ဆောင်ကောင်းကောင်း ဂေါက်သီးရိုက်တော့ပေါ်တာပေါ့။ အဲဒီနေ့ကလည်း အန်ကယ်ကြီးတို့ ပညာတွေ တော်တော်ရကြတယ်။ ပညာလို့ပြောရမှာထက် အတတ်ကောင်းတွေလို့ ဆိုရမှာကွ”

အန်ကယ်ကြီးကပြောတယ်။ သူတစ်ယောက်တည်း ပြောနေရတာ မောလှရှာရော့မယ်ရယ်လို့ နည်းနည်းလေး နှောက်လိုက်တယ်။ ”အန်ကယ်ကြီးရယ် ညစ်နည်းတွေ တတ်လာတယ်လို့ ရှင်းရှင်းပြောစမ်းပါ”

”ခွေးကောင်လေးသိတိုင်း မပြောရဘူးကွ”

အန်ကယ်ကြီးက ဖုန်းထဲကနေဆဲတယ်။

”လူကြီးနှစ်ယောက်က တစ်ယောက်တစ်လှည့်စီ၊ တစ်ယောက်တစ်မျိုးစီ၊ အမျိုးမျိုးမရိုးရအောင် ညစ်ကြတယ်။ လူကြီးဆိုတော့လည်း သဘောထားကြီးဟန်ဆောင်ပြီး ဟီးဟီးဟားဟားလုပ်နေကြတာပေါ့။ ပထမကျင်းမှာ တစ်ယောက်ကကျင်းစိမ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတော့မှ နောက်တစ်ယောက်က ခဏလေးဆိုပြောပြီး ကျင်းစိမ်လမ်းကြောင်းပေါ်က အမှိုက်စသေးသေးလေးကို ပြေးကောက်တယ်။

ပြီးတော့ ပြောသေးတယ်၊ ခင်ဗျားလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်နေလို့ပါတဲ့။ ကျင်းစိမ်မယ့်သူလည်း သမာဓိထူထောင်ထားတာ ပျက်သွားတာပေါ့။ ဒါပေမဲ့ ဟန်ဆောင်ပြီး ကျေးဇူးပါဗျာတဲ့။ နီးနီးလေး မဝင်တာကုသိုလ်ကံပေါ့”

”အင်းပေါ့၊ စိတ်အနှောင့်အယှက်ဖြစ်သွားမှတော့ ဘယ်ဝင်တော့မှာလဲ”

”နောက်ကျင်းကျတော့ ပညာပြန်ပြတာပေါ့။ ဟိုတစ်ယောက် ဒရိုက်ရိုက်ဖို့အဆင်သင့်ဖြစ်မှ ဂေါက်သီးလွှတ်ချတယ်။ ပြီးတော့ ဆောရီးတဲ့။ ဟိုတစ်ယောက်လည်း အောင့်သီးအောင့်သက်နဲ့ ခံရတာပေါ့။ ကယ်ဒီတွေက တစ်ယောက်နဲ့တစ်ယောက် ထေ့ကြရိကြပြောကြပေါ့။ သူ့ဆရာ ရိုက်ချက်ကောင်းသွားရင် တွေ့လားကွ၊ ငါ့ဆရာက ဘယ်လိုတော်တာဆိုပြီး အမေရိကန်ကြေးစားပြိုင်ပွဲမှာ ချန်ပီယံရတော့မလောက် မြှောက်ပင့်ပြောကြတယ်။

အဲဒီလို မကြားတကြားပြောကြတာ သူတို့ဆရာတွေလည်း ကြားသပေါ့။

မကြားဟန်ဆောင်မသိဟန်ဆောင်ပြီး ပီတိဖြစ်နေကြ၊ သာယာနေကြတာပေါ့။” ”ဟား … ဟား။ ဘုန်းကြီးနှစ်ပါး ထပြေးကြတာ မျိုး ဖြစ်တော့မယ်”

”ဒါမျိုးတော့ မဖြစ်ဘူးကွ”

ပြောရင်းနဲ့ အန်ကယ်ကြီး ဇာတိပြလာတယ်။ တစ်ဖက်သားစိတ်ဝင်စားမှုမြင့်လာပြီဆိုရင် ပြောနေတာကို ခဏရပ်ပြီး ဘီယာလေးတစ်ကျိုက်လောက် သောက်သလိုလုပ်တာမျိုး စကားကိုခဏရပ်လိုက်တယ်။

”တိုက်ရိုက် ပရက်ရှာပေးတာမဟုတ်တဲ့ စိတ်ကိုတိုက်ခိုက်တာတွေလည်းလုပ်သကွ” ”ဘယ်လို အန်ကယ်ကြီး။ ရှင်းပါဦး”

”ဒီလိုကွ။ လူကြီးတစ်ယောက်က သူ့ကယ်ဒီကို အမြဲတမ်းတစ်ယောက်တည်းခေါ်လေ့ရှိတယ်။ အရပ်ခေါ် တော့ ဘိုင်ပေါ့ကွာ။ အင်္ဂလိပ်လို ဘိုင်နိမ်းကို လွယ်လွယ်အတိုခေါ်ကြတာထင်ပါတယ်။ နောက်တစ်ယောက်က အဲဒီကယ်ဒီကိုစကားသွားသွားပြောတတ်တယ်။ အဲဒါကို သူ့ဆရာကတယ်မကြိုက်လှဘူး။”

”သဘောပေါက်ပြီ။”

”ပြောရရင်ကွာ၊ မင်းသိတဲ့ညစ်နည်းတစ်ခုပြော၊ သူတို့သိပြီးသားလုပ်ပြီးသားပဲ။ ငြင်းကြ ခုံကြ ညစ်ကြနဲ့ နောက်ဆုံးကျင်းရောက်လာတယ်။ အဲဒီမှာ လူကြီးတစ်ယောက်က တော်တော်ရှုံးနေပြီ။ သူကပရက်ခေါ်တယ်၊ အရှုံးအားလုံးကို အကြေချေမယ်ပေါ့။ သူနိုင်ရင်အရှုံးအားလုံးအကြေ။ သူရှုံးရင်နှစ်ဆရှုံးမယ်။ နိုင်နေတဲ့သူက သူ့ကိုစတယ်။ ခင်ဗျားသေသေချာချာ စဉ်းစားဦးနော်တဲ့။ ကျွန်တော်က ဘာပရက်ရှာမှ မရှိဘူး၊ ရှုံးရင်လည်းရမယ့်ပိုက်ဆံမရတော့တာကလွဲလို့ အိတ်ကပ်ထဲက ဘာမှ မထွက်ဘူး။

ခင်ဗျားမှာသာ ပရက်ရှာတွေ ပိုပြီး ဖိစီးနေမှာတဲ့။ အဲဒီမှာတင် ရှုံးနေတဲ့လူကြီးက ဟေ့လူဒီမှာသွေးမနည်းလို့ ပရက်ခေါ်တာ၊ ခင်ဗျားသတ္တိရှိရင် နောက်ထပ်တစ်ဆတင်ရိုက်မယ်ဆိုပြီး ချဲလင့်လုပ်ပါလေရော။”

”ဟာ ဒီလူကြီး မွှန်နေပြီထင်တယ်။ သူရှုံးရင် သုံးဆဖြစ်မှာနော်။”

”အေးပေါ့ကွာ။ နိုင်နေတဲ့သူက ပြုံးပြီးလက်ခံလိုက်တာပေါ့။ ဒရိုက်ရိုက်ကြတော့ ရှုံးနေတဲ့လူကြီး ဒရိုက်က ဘယ်ချိတ်ပြီးအိုဘီကျသွားတယ်ထင်ရတယ်။ ဒါပေမဲ့ ထူးဆန်းစွာ ဖဲယားဝေးမှာ တွေ့ရတယ်။”

”ရှေ့ပြေးကယ်ဒီတွေ တော်လို့နေမှာပေါ့။”

”အေး။ မင်းတော်တယ်။ ငါလည်း ပြောသာမပြောသာတာ၊ အဲဒီလို ထင်တာပဲ။ နိုင်နေတဲ့လူကြီးကတော့ ဘာမှမပြောပါဘူး။

ဂရင်းပေါ်ကို ရိုက်တင်အပြီးမှာ ပြဿနာတက်တော့တာဟေ့။ မအွန်ဘူးထင်တဲ့နိုင်နေတဲ့ လူကြီးဘောလုံးကကျင်းနားကပ်နေပြီး အွန်မယ်ထင်တဲ့ ရှုံးနေတဲ့လူကြီးဘောလုံးကဘန်ကာထဲမှာ။”

”မည်သို့လုပ်လိုက်သည်မသိလို့ ဆိုရမှာပေါ့နော် အန်ကယ်ကြီး”

”အကြီးအကျယ် စကားများကြ၊ ပြဿနာတက်ကြတာပေါ့ကွာ။ တစ်ယောက်နဲ့ တစ်ယောက် မခေါ်နိုင်မပြောနိုင်ဖြစ်ကြတာ သေတဲ့အထိဟေ့။””အရှုံးအနိုင်ကကော အန်ကယ်ကြီး”

”တိတိကျကျ မြင်တဲ့တွေ့တဲ့ သက်သေမှ မရှိတာကွာ။ ဖိုကယ်ဒီတွေ ပြောတာနဲ့ လက်ခံရတော့တာပေါ့။ ရှုံးနေတဲ့သူက သုံးဆရှုံးသွားတာပေါ့ကွာ။ ကယ်ဒီတွေလည်း စကားတွေများကြ ရန်တွေဖြစ်ကြနဲ့ပေါ့။”

”သူတို့ကော တစ်သက်လုံး မခေါ်မပြောကြတော့ ဘူးလား။”

”အဲဒီလိုတော့ မဟုတ်ပါဘူးကွာ။ ဂေါ်လ်ဖာတွေ စကားများတိုင်းသာ ကယ်ဒီတွေ ရန်ဖြစ်ကြရရင် ခက်ခက် ရချည်ရဲ့ ကိုယ့်လူရယ်။”

”အန်ကယ်ကြီးပြောတာ နားထောင်ရင်းနဲ့ ဟိုနှစ်က တွေ့ဖူးတဲ့ ဂျာနယ်တစ်ခုရဲ့ မျက်နှာဖုံး ဆောင်းပါးနာမည်ကို သတိရမိတယ်။ လော်ဘီဖျက်လို့ ပျက်တဲ့တိုင်းပြည်ဆိုတာ”

”ဘာဆိုင်လို့လဲကွ”

”အန်ကယ်ကြီး အခုပြောပြတာနဲ့ တခြားဟာ လေးတွေပေါင်းပြီး ကယ်ဒီဖျက်လို့ ပျက်တဲ့ ဂေါ်လ်ဖာ ဆိုပြီး စာပြန်ရေးမလားလို့။””တော်တန်။ ကယ်ဒီဆိုတာ အသက်မွေးဝမ်းကျောင်းအလုပ်ကွ”

မကြားရတာ ကြာပြီဖြစ်တဲ့ အန်ကယ်ကြီးရဲ့အဆဲချိုချိုလေးတွေ ကြားရတယ်။ ကိုဗစ်ကာလကို ခဏတော့ မေ့သွားတာအမှန် ။ ။