လူကြီးလူညစ် ဂေါက်ပုံပြင် ၃၆

”အန်ကယ်ကြီး၊ အန်ကယ်ကြီး”

”ဟေ ဘာများဖြစ်လာတာလဲ သူဌေးလေးရယ်”

”ဂေါက်သီးမှာ လက်ကောင်းဖို့မလိုဘူး။ ဘက် (ပါတနာ) ကောင်းဖို့ပဲ လိုတယ်ဆိုတာ ဟုတ်လားဟင်။”

လူမစုံသေးလို့ ထောပတ်သီးဖျော်ရည် ထိုင် သောက်နေတဲ့ အန်ကယ်ကြီးကို သူဌေးလေးက မေးလိုက်တယ်။

”ဘာတွေများ စိတ်ကူးပေါက်လာရပြန်တာလဲ သူဌေးလေး”

”အန်ကယ်ကြီးကတော့ နောက်ပြီ။ ဟိုမှာ မေးခွန်းမေးတဲ့သူတွေကျနေတာပဲ။ ခပ်ဆင်ဆင်ဝါကျ တွေနဲ့။”

”ဟေ့ ဟေ့၊ ဘယ်က ဟိုပါလာရတာလဲ။ ဘာခပ်ဆင်ဆင်ဝါကျလဲ၊ ရှင်းရှင်းပြော။”

အန်ကယ်ကြီးက မျက်နှာတည်တည် လေသံ ပြတ်ပြတ်နဲ့ မေးတယ်။

”ဒီလို အန်ကယ်ကြီးရဲ့။ တချို့လူတွေဆို လက်ရည်က ကောင်းကောင်းမကောင်းလှပေမယ့် လက်ကောင်းတဲ့သူနဲ့တွဲတော့ အများအားဖြင့်နိုင်ကြတယ်လေ။”

သူဌေးလေးက မျက်နှာငယ်လေးနဲ့ ပြန်ဖြေ တယ်။

”ဒါကြောင့် ထိုင်းကဂေါက်ကွင်းတချို့မှာ ဂေါက်သီးရိုက်သူတချို့က အကောင်းဆုံးရိုက်ချက်နဲ့ ပါတနာနှစ်ယောက်ပေါင်းရိုက်ချက် လောင်းကြတယ်လေကွာ။”

ကိုလူသစ်က ဝင်ထောက်တယ်။

”ဒီမှာကတော့ အများအားဖြင့် ပါတနာနှစ်ယောက်ထဲက အကောင်းဆုံးတစ်ယောက်ရဲ့ ရိုက်ချက်ကိုပဲယူကြ၊ ပြိုင်ကြတာကိုးကွ။ အဲဒီတော့ ပါတနာကောင်းရင်မာစီဒီးကားအသစ်ကြီး ဇိမ်နဲ့စီးလိုက်ရသလိုပဲလို့ ပြောတာပေါ့ကွာ။”

”အကောင်းဆုံးရိုက်ချက်နဲ့ ပါတနာနှစ်ယောက် ပေါင်းရိုက်ချက်လောင်းတာတောင်မှ အများအားဖြင့် မျတအောင်ဆိုပြီး ကျင်းတစ်ကျင်းပြီးတစ်ကျင်း ပါတနာပြောင်းတွဲကြတယ်လေ။ အကောင်းဆုံးနဲ့ အညံ့ဆုံးကတစ်တွဲ၊ အလယ်နှစ်ယောက်ကတစ်တွဲ ကျင်းတိုင်း ပြန်တွဲပေးတာ။”

”အဲဒီတော့ မျသွားရောလား။”

”မျသွားရောလားဆိုတော့ ငါဘန်ကောက်က Alpine ဂေါက်ကွင်းမှာ ကြုံဖူးတာလေးပြောပြမယ်။”

စကားအပြီးမှာ ရေဖန်ခွက်ကလေးကောက်ပြီး ရေကို တစ်ကျိုက်ချင်း သောက်တယ်။

”တွေ့လား အန်ကယ်ကြီးစတိုင်လ်”

”အဲဒါ စတိုင်လ်မဟုတ်ဘူး။ ပညာကွ ပညာ။ တစ်ဖက်လူ စိတ်ဝင်စားအောင် စကားစတယ်။ ပြီးရင် ပိုပြီးအာရုံစိုက်လာအောင်လုပ်တယ်။ ဈေးကိုင်တာတော့ မဟုတ်ဘူး။ ဈေးကိုင်တာက အကိုင်လွန်သွားရင် တစ်ဖက်သား စိတ်ပျက်သွားတတ်တယ်။”

‘မင်းဘိုးအေပညာပါလား။ ဒီမှာ ရေငတ်လာလို့ ရေလေးသောက်တာကို။ ဒါဆို မပြောတော့ဘူး။”

”ဒါကမှ ဈေးကိုင်တာကွ”

”ဟေ့ ကိုလူသစ်။ အန်ကယ်ကြီးကို သိပ်မစနဲ့နော်။ တော်နေကြာ မပြောတော့ဘဲနေရင် ကိုယ်တွေ ခိုးလိုးခုလုဖြစ်ကျန်နေရစ်မယ်။”

သူတို့ ဟန်ဆောင်ပန်ဆောင် ငြင်းခုံနေတာကိုကြည့်ပြီး အန်ကယ်ကြီး ပြုံးတယ်။ လက်ထဲက ဖန်ခွက်ကိုစားပွဲပေါ် အသာအယာချတယ်။

”အေးပါကွာ။ မင်းတို့လုပ်တာနဲ့ ငါတောင်စိတ်ဆိုးစိတ်ကောက်ပြီး စကားမပြောဘဲ မနေရဲအောင်ဖြစ်သွားပြီ။ တော်နေကြာ ဒါလေးပြောတာတောင် ဒီလူကြီးက ဒီလိုဖြစ်တယ်။ လူကြီးမပီသဘူးဘာညာ အပြောခံနေရဦးမယ်။ ကဲ ကဲ ခုနက စကားလေးဆက်မယ်။

တစ်ရက်မှာ ဘန်ကောက်က ဂေါက်ကွင်းသွားရိုက်တော့ အဲဒီ စနစ်နဲ့ကစားကြတယ်။ ပထမဦးဆုံးကျင်းမှာကတော့ ကံတရားပေါ့ကွာ။ ဂေါက်သီးဘောလုံးနှိုက်ပြီး အတွဲတွဲတယ်။ အဲဒီမှာ တွေ့တော့တာဟေ့။ တစ်ယောက်က တော်တော်ကြီးကို ကောင်းတယ်။ နောက်တစ်ယောက်က တော်တော်ကြီးကိုညံ့တယ်။ ငါနဲ့ ကျန်တဲ့တစ်ယောက်ကအလယ်အလတ်ပေါ့ကွာ။ အကောင်းဆုံးရိုက်ချက်ကျတော့ ဟိုတစ်ယောက်ကို မယှဉ်နိုင်လို့ရှုံးသကွ။ နှစ် ယောက်ပေါင်းက သရေကျတာ ခပ်များများ။ တစ်ခါတစ်ခါ တစ်ယောက်ယောက်ကပျက်ရင် လောင်းတာ နှစ်ခုစလုံးရှုံးပါလေရော။ ခက်တာက တစ်ကျင်းပြီးတိုင်းပြီးတိုင်း အတွဲအသစ်ပြန်တွဲရင် နဂိုအတိုင်းဖြစ်နေတာ။ ငါတို့ အလယ်နှစ်ယောက်က ပုံမှန်တစ်တွဲပေါ့ကွာ။”

”ဒါ အန်ကယ်ကြီး ညံ့လို့ပေါ့။ အတွဲပျက်အောင် ဖျက်ပစ်ရမှာ။”

”ဟုတ်တယ်။ အန်ကယ်ကြီးက အညံ့ဆုံးဖြစ်အောင် ပိုးစိုးပက်စက် ရိုက်ပစ်လိုက်ရမှာ။”

”ရိုက်ပါသော်ကောကွာ။ ဒါပေမဲ့ ခက်တာက အဲဒီအညံ့ဆုံးကောင်က ကိုယ့်ထက်ပိုညံ့ပြီး အောက်ဆုံးနေရာကို ကန်ထရိုက်ဆွဲထားတာကွ။

စာရင်းချုပ်တော့ ပါ (Par) ဘာဒီ (Birdie) ဘာမှ အနားမသီနိုင်ခဲ့တဲ့ကောင်က နိုင်သွားသကွ။ ငါတို့လည်း သူကြွားတာရိတာ ထေ့တာခံရတာပေါ့ကွာ။”

”ဘာဘွဲ့မှမရဘဲ နှစ်တန်းလောက်နဲ့ ကျောင်းထွက်ခဲ့ရတဲ့ကောင် ရာထူးကြီးကြီးရပြီး လေကြီးမိုးကြီး ပြောတာခံရသလိုပေါ့နော် အန်ကယ်ကြီး။”

သူဌေးလေးကတော့ ငြိမ်ပြီးတွေးနေမိတယ်။ ညံ့တာကောင်းသလား။ ညံ့တဲ့သူတွေ နေရာရနေအောင် မြင်နေကောင်းစားနေတာ ကောင်းလား။ ခပ်ညံ့ညံ့ပဲ ကောင်းပါတယ်ဆိုတဲ့စကားက အမှန်ပဲလား။ တချို့က ညံ့မှ ကြိုက်ကြတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ လက်ခံတယ်။ သူဌေးလေးကိုယ်တိုင်လည်း သူ့အလုပ်ထဲမှာ သူ့ထက်တော်ပုံပေါက်နေရင် နေရာပေးတာမှ မဟုတ်တာ။ သူ့တပည့်ရင်းတွေဆိုတာ ခပ်ညံ့ညံ့တွေ။ အဲ သူ့အပေါ် သစ္စာတော့ရှိကြသပေါ့။ စဉ်းစားရင်းနဲ့ သူဌေးလေး ပြုံးမိတယ်။ အဲဒါကို မြင်ဖြစ်အောင် မြင်လိုက်တဲ့ အန်ကယ်ကြီးကမေးတော့ အကျိုးအကြောင်း ပြန်ပြောပြ တယ်။

”အဲဒါ သူဌေးလေးလည်း အာဏာရှင်ပေါက်စပဲဆိုတာပြနေတာ။ အာဏာရှင်တွေက လူတော် မလိုချင်ဘူး။ လူညံ့ပဲ လိုချင်တာ။ ဒါမှ သူကြိုးဆွဲရာကမှာ၊ သူခိုင်းရာ မျက်စိမှိတ်လုပ်မှာလေ။ ကြောင်သူတော် အာဏာရှင်ကျတော့ ပိုဆိုးတာပေါ့။ သနားသလိုလို မေတ္တာထားသလိုလို ဟန်ဆောင်မယ်၊ ပြောမယ်၊ လုပ်မယ်။ တကယ်တမ်းကျတော့ သူ့အတွက်သာပဓာန။ သူအာဏာတည်မြဲရေးသာ အဓိက”

”ဟုတ်တယ် အန်ကယ်ကြီးပြောတာ မှန်တယ်။ သားကိုအတော်ဆုံးဂေါက်သမားနဲ့ တွဲပေးနော်။”

ကိုလူသစ်က ကလေးသံနဲ့ ဝင်ပြောတယ်။

”ဟေ့ ဒါတော့ မရဘူးကွ။ အတော်ဆုံး ဂေါက်သမားက ငါ့အတွက်ထာဝရပါတနာ”

”ဒါ အန်ကယ်ကြီး မတရားတာ။ အန်ကယ်ကြီးကမှ ကြောင်သူတော်အာဏာရှင်အစစ်”

ဂေါက်ကွင်းထဲ မဆင်းခင်၊ မငြင်းခင်၊ စကား မများကြသေးခင်မှာ ပျော်ပျော်ပါးပါး စကားဝိုင်းဖွဲ့ရတာ ဂေါက်ကွင်းရဲ့အရသာတစ်ခုပါ။ ။

မောင်စံပေါ