လုပ်ငန်းခွင်မှာပရော်ဖက်ရှင်နယ်မဆန်တဲ့ အကျင့် ၂၄ မျိုး

သင့်လုပ်ဖော်ကိုင်ဖက်တွေ စိတ်ညစ်အောင်လုပ်တာဟာ မကောင်းပေမယ့်သိပ်ပြဿနာမရှိပါဘူး။ သင့်အလုပ်ရှင်စိတ်ညစ်အောင်လုပ်တာကတော့သင့်ကို အလုပ်ပြုတ်စေနိုင်ပြီး ပရော်ဖက်ရှင်နယ်မဆန်တဲ့သူဖြစ်စေမှာပါ။ သင့်အတွက်အကောင်းဆုံးဖြစ်အောင် ဒီလိုအကျင့်ဆိုးတွေကိုရှောင်ရှားဖို့ကျွမ်းကျင်သူတွေ ထောက်ပြတဲ့အကျင့်ဆိုး ၂၄ မျိုးကိုစုစည်းဖော်ပြအပ်ပါတယ်။

၁။ အလုပ်ကိုနောက်ကျရောက်ခြင်း။

အချိန်တိကျမှုဟာ အရေးကြီးပါတယ်။ အချိန်အတိအကျရောက်တာကပရော်ဖက်ရှင်နယ်ပီသပါတယ်။ သင့်ကုမ္ပဏီက သင့်ကိုဒီရာထူးကို လက်လွတ်စပယ်ခန့်ခဲ့တာမဟုတ်ပါဘူး။

၂။ အစည်းအဝေးတိုင်းကို ဆယ်မိနစ်နောက်ကျရောက်ခြင်း။

အလားတူပဲအစည်းအဝေးကို သင်နောက်ကျရောက်ရင်အချိန်မီရောက်နှင့်တဲ့ သင့်လုပ်ဖော်ကိုင်ဖက်တွေေရော အစည်းအဝေးစီစဉ်သူကပါ သင့်ကိုလေးစားမှာမဟုတ်ဘူး။ ကိုယ့်ကိုသူများတွေ မျော်ရအောင်လုပ်တာဟာ ငဲ့ညှာစိတ်ကင်းမဲ့ကာရိုင်းပျပြီးလူပါးဝရာကျပါတယ်။

၃။ အချိန်ပြည့်အပျက်သဘောဆောင်ခြင်း။

”အဲဒါတော့ ဖြစ်မှာမဟုတ်ဘူး”၊”အဲဒါကတော့ အတော်လုပ်ရခက်မယ့်ပုံပဲ၊ ဒါမှမဟုတ် ”ဘယ်ကစလုပ်ရမှန်း ကျွန်တော်/ကျွန်မမသိဘူး” စသဖြင့် အပျက်သဘောဆန်တဲ့ စကားတွေနဲ့တုံ့ပြန်တာက သင်ဟာပူးပေါင်းဆောင်ရွက်တတ်သူမဟုတ်မှန်း ပေါ်လွင်စေတယ်။ အလားတူ ညည်းညူရုံနဲ့ပဲ သင့်ရဲ့သိက္ခာကျပါတယ်။ ”လူတိုင်းညည်းချင်ပေမယ့် ညည်းတာကပရော်ဖက်ရှင်နယ်မဆန်ပါဘူး။နေ့တိုင်းတစ်နေကုန်သင်ဗျစ်တောက်ဗျစ်တောက်ပြောနေရင်သူများတွေ ကသင့်ကိုရှောင်ကြလိမ့်မယ်။ Career Builder ရဲ့စစ်တမ်းအရ အလုပ်ရှင် ၆၂ ရာခိုင်နှုန်းဟာ အဆိုးမြင်စိတ်ရှိသူတွေကိုရာထူးတိုးမပေးချင်ဘူးလို့ သိရပါတယ်။

၄။ နိုင်ငံရေး၊ ဒါမှမဟုတ် ဘက်လိုက်တဲ့ ပြဿနာတွေပြောဆိုခြင်း။

ကုမ္ပဏီအများစုမှာ လွတ်လပ်စွာပြောဆိုခြင်းကို ကန့်သတ်ထားပါတယ်။ ရုံးမှာသင်ရင်ဖွင့်ခြင်းအတွက် သင်ထင်တာထက် ကာကွယ်စောင့်ရှောက်မှုနည်းပါးပါတယ်။ သင့်အထက်လူကြီးက သူကြားတာကိုမကြိုက်ရင်သင့်ကို အလုပ်ဖြုတ်ပစ်နိုင်ပါတယ်။

၅။ စေတနာ့ဝန်ထမ်း၊ အလှူငွေ၊ ဒါမှမဟုတ် လက်မှတ်ထိုးဖို့စည်းရုံးခြင်း

သင့်ရဲ့အရေးကိစ္စအတွက် လုပ်ဖော်ကိုင်ဖက်တစ်ဦးပြီးတစ်ဦးကို သင်လိုက်လံမစည်းရုံးခင် ကုမ္ပဏီမူဝါဒနဲ့ လုပ်ထုံးလုပ်နည်းလမ်းညွှန်ကို အရင်ဖတ်ထားပါ။ ရုံးချိန်အတွင်း ပုဂ္ဂိုလ်ရေးဆိုင်ရာအရေးကိစ္စတွေ မြှင့်တင်ခြင်းဟာအနှောင့်အယှက်ဆန်လို့ ကုမ္ပဏီအများစုကအားမပေးပါဘူး။ ဒါမှမဟုတ် တားမြစ်ပိတ်ပင်ထားပါတယ်။၆။ ဆိုရှယ်မီဒီယာမှာ ပွစိပွစိပြောခြင်း။သင်ဆိုရှယ်မီဒီယာသုံးပြီး သင့်အကြီးအကဲလုပ်ဖော်ကိုင်ဖက်တွေ၊ ဒါမှမဟုတ် အလုပ်အပ်သူတွေအကြောင်းမကျေနပ်ချက်တွေရေးခြင်း၊ ကုမ္ပဏီလျို့ဝှက်ချက်တွေ မျှဝေခြင်း၊ကုမ္ပဏီကို အပုပ်ချခြင်း၊ ဒါမှမဟုတ် စောင်းချိတ်ကဲ့ရဲ့တဲ့ မှတ်ချက်ရေးခြင်းတို့အပေါ်အလုပ်ရှင်အများစုက သဘောမကျပါဘူး။

၇။ အချိန်ပြည့် Facebook သုံးခြင်း။

သင်မကောင်းတာတွေ မရေးတဲ့တိုင်အောင် သင့်အနားကနေသင့်အလုပ်ရှင်ဖြတ်လျောက်သွားတိုင်းသင် Facebook သုံးနေမယ်ဆိုရင် မသင့်တော်ပါဘူး။ အလုပ်နဲ့ပတ်သက်တာကလွဲလို့ အလုပ်ချိန်မှာ ရုံးသုံးပစ္စည်းနဲ့ဆိုရှယ်မီဒီယာသုံးတာကို ကုမ္ပဏီအများစုကဘဝင်မကျပါဘူး။၈။ အလုပ်တာဝန်အသစ်တစ်ခုရတိုင်း မေးခွန်းတွေမေးခြင်း။စိတ်အနှောင့်အယှက်ဖြစ်စရာ မေးခွန်းတွေမေးတာဟာ သင့်ကိုပေးအပ်တဲ့ အလုပ်တာဝန်အသစ်ကို သင်မလုပ်ချင်တာကို သက်သေပြရာရောက်လို့ သင့်မေးခွန်းတွေကို စုစည်းပြီးမှမေးပါ။ သင့်စိတ်ထဲရှိသလို တရစပ်မမေးပါနဲ့။

၉။ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အလှပြင်ခြင်း။

လုပ်ငန်းခွင်ကို သင်ဝင်သွားတဲ့အခါ သင့်အလုပ်ကို အလေးထားတဲ့ အသွင်ပေါက်ဖို့ သင့်ရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အသွင်အပြင်က အရေးကြီးပါတယ်။ အဲဒီလိုမဟုတ်ရင် သင့်ပတ်ဝန်းကျင်ကလူတွေက သင့်ကိုစိတ်ပျက်လိမ့်မယ်။တစ်ကိုယ်ရေသန့်ရှင်းမှုမရှိသလို ဖြစ်ကတတ်ဆန်းဝတ်ဆင်မှုကြောင့် ရာထူးတိုးရာမှာ၊ အလုပ်အပ်သူနဲ့တွေ့ခိုင်းရာမှာ၊ ဒါမှမဟုတ် အစည်းအဝေးကိုယ်စားလှယ်အဖြစ် ရွေးချယ်ရာမှာ သင့်အလုပ်ရှင်ကသင့်ကိုဘေးဖယ်လိမ့်မယ်။လူမှုရေးမိတ်ဆုံပွဲတွေလည်း ဖိတ်ကြားမှာမဟုတ်ဘူး။

၁၀။ အပျင်းထူခြင်း။

ရုံးကလက်ဆေးကန်ပိတ်ဆို့အောင်လုပ်ရင်၊ ဒါမှမဟုတ် သင့်အနီးအနားမှာ အမှိုက်တွေပုံထားရင် ဘယ် သူကလာရှင်းပေးမှာလဲ။ ဒါဟာ တာဝန်မယူခြင်း၊ မငဲ့ညှာခြင်း၊ လူပေါ်လူဇော်လုပ်ခြင်း၊ မရင့်ကျက်ခြင်းတို့ကို ပြသနေတာပါ။ ကိုယ့်အမှိုက်ကိုယ်မရှင်းတဲ့ အမှုထမ်းတွေဟာ ရာထူးတိုးခွင့်ဆုံးရှုံးတတ်ကြောင်း အလုပ်ရှင် ၃၆ ရာခိုင်နှုန်းကပြောပါတယ်။

၁၁။ နေကောင်းလျက်နဲ့ ခွင့်တိုင်ခြင်း။

နေမကောင်းဘူးဆိုပြီး မကြာခဏခွင့်ယူတဲ့သင်ဟာ ရာထူးတိုးခွင့်နဲ့မထိုက်တန်သူဖြစ်ပါတယ်။

၁၂။ သင်ကွာရှင်းပြတ်စဲတဲ့ ကိစ္စ၊ ဒါမှမဟုတ် တခြားကိုယ်ရေးကိုယ်တာ ပြဿနာတွေဆွေးနွေးခြင်း။

သင့်ဇနီးဟောင်းအကြောင်း ရုံးမှာတစ်နေ့လုံးအပုပ်ချနေရင် သင်ဟာသင့်အလုပ်ကို ဖိဖိစီးစီးမလုပ်သူလို့အထင် ခံရမယ်။ ရုံးမှာသင့်ကိုယ်ရေးကိုယ်တာပြဿနာတွေ ဆွေးနွေးမယ့်အစား သင်ဟာရုံးကပြဿနာတွေကို ဖြေရှင်းရာမှာ ဆရာတစ်ဆူဖြစ်ရမှာပါ။ ၁၃။ ပစ္စည်းရောင်းချခြင်း။ရုံးတိုင်းမှာ အလှကုန်ပစ္စည်းတွေ၊ အဝတ်အထည်တွေနဲ့ အားဆေးစတာတွေ ရောင်းတာရှိတတ်ပေမယ့် ဒါမျိုးလုပ်တာအလုပ်ချိန်ပွန်းပြီး သူများတွေကိုအနေရခက်စေပါတယ်။

၁၄။ အစည်းအဝေးမှာ အာရုံထွေပြားနေခြင်း။

အစည်းအဝေးတက်နေစဉ် Laptop နဲ့ အင်တာနက်ကြည့်တာ၊ SMS ၊ ဒါမှမဟုတ် အီးမေးလ်ပို့တာဟာ အထူးသဖြင့် သင့်အလုပ်ရှင်အပါအဝင်သူများတွေကို သင်အာရုံမစိုက်မှန်းပြသရာရောက်ပါတယ်။၁၅။ ဆဲဆိုခြင်း။ဆဲဆိုခြင်းဟာ အခြေအနေတစ်ခုကို သင်တည်ငြိမ်စွာတွေးဆဆင်ခြင်စွာနဲ့ မဖြေရှင်းနိုင်တဲ့သဘောဖြစ်ပါတယ်။ ဆဲဆိုခြင်း၊ နှုတ်ကြမ်းခြင်းတို့ဟာပရော်ဖက်ရှင်နယ်မပီသလို့ HR က သင့်ကိုခေါ်သတိပေးနိုင်ပါတယ်။ နှုတ်ကြမ်းတဲ့အမှုထမ်းဦးရေထက်ဝက်ကျော်ဟာ ရာထူးတိုးခြင်းမခံရဘူးလို့ Career Builder မှ HR အရာရှိ Rose Mary Haefner က ပြောပါတယ်။

၁၆။ ဖုန်းနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ တစ်နေ့လုံးပြောခြင်း။

ရုံးချိန်အတွင်း သင့်မိတ်ဆွေ၊ ဒါမှမဟုတ် သင့်မိသားစုဆွေမျိုးနဲ့ စကားပြောခြင်း၊ စာတိုတွေရေးပို့ခြင်းဟာ ပရော်ဖက်ရှင်နယ်မဆန်သလို ကုမ္ပဏီရဲ့မူဝါဒနဲ့လည်း ဆန့်ကျင်နိုင်ပါတယ်။ အဲဒါကို အားလပ်ချိန်မှာလုပ်တာ ကိစ္စမရှိပေမယ့် ရုံးကစားသောက်ခန်းမလိုနေရာမျိုးမှာတော့ မလုပ်သင့်ပါဘူး။

၁၇။ လောင်းကစားခြင်း။

ရုံးဝန်ထမ်းအချင်းချင်း လောင်းကစားမလုပ်ခင်ကုမ္ပဏီမူဝါဒကို သင်အရင်ဖတ်ကြည့်ပါ။ ခင်မင်စွာနဲ့ ငွေအပေးအယူလုပ်တာကိုတောင်လောင်းကစားမှုလို့ သတ်မှတ်နိုင်ပါတယ်။

၁၈။ လူရွေးပြီးပေါင်းသင်းခြင်း။

ဝန်ထမ်းအသစ်ရဲ့ကိုယ်နံ့ကမကောင်းလို့သင့်ကိုအလုပ် ကိစ္စအကူအညီတောင်းတိုင်း သင်ရှောင်မပြေးပါနဲ့။ သူ့အကြောင်းအတင်းမပြောပါနဲ့။ လူတိုင်းကိုဖော်ရွေစွာ ဆက်ဆံတာအကောင်းဆုံးဖြစ်ပြီး သင်ဟာ Team နဲ့ လုပ်ကိုင်တတ်သူ၊ စီမံခန့်ခွဲနိုင်စွမ်းရှိသူအဖြစ်ပေါ်လွင်စေပါတယ်။

၁၉။ ဆေးလိပ်သောက်ခြင်း။

ရုံးချိန်အတွင်းဆေးလိပ်သောက်တာကို ကန့်သတ်တာက ကုမ္ပဏီအလိုက် ကွဲပြားပါတယ်။ တကယ်လို့သင့်ကုမ္ပဏီ ကခွင့်ပြုရင်တောင် ပါးစပ်နဲ့အဝတ်အစားတွေမှာ ဆေးလိပ်နံ့မွှန်ထူပြီး စွဲနေတာမဖြစ်အောင်သတိပြုပါ။

၂၀။ စပ်စုခြင်း။

စပ်စုခြင်းနဲ့စိတ်ဝင်တစားသိလိုခြင်းတို့ဟာ မတူပါဘူး။ အမှုထမ်းအသစ်ဘယ်သူလဲလို့ သင်မေးတာက သိချင်လို့ပါ။ သင့်အကြီးအကဲရဲ့ စာတွဲတွေကိုမွှေပြီး တခြားအမှုထမ်းတစ်ဦးရဲ့လစာဘယ်လောက်ရသလဲရှာဖတ်တာက စပ်စုခြင်းပါ။

၂၁။ ရုံးအပိုပစ္စည်းဗီရိုကို ဝင်မွှေခြင်း။

စနေ၊ တနင်္ဂနွေရုံးပိတ်ရက်မှာ ရုံးအလုပ်ကိုအိမ်ယူလုပ်မှာမို့ ရုံးကဖောင်တိန်၊ ဘောလ်ပင်တချို့နဲ့ စာရေးစက္ကူကို သင်ယူသွားလို့ရပေမယ့် ရုံးအပိုပစ္စည်းဗီရိုထဲက တခြားစာရေးကိရိယာတွေကိုပါ အိမ်သယ်သွားတာဟာ ရုံးပစ္စည်းခိုးယူသလိုပါပဲ။ သင့်အလုပ်အတွက်တကယ် မလိုအပ်ရင် မယူပါနဲ့။ ရုံးဖုန်းနဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေ နယ်ဝေးပြောတာ၊ သင့်ရေးလက်စဝတ္ထုစာမူကို ရုံးမိတ္တူစက်နဲ့ မိတ္တူကူးတာတွေကိုလည်း ရှောင်ကြဉ်ပါ။

၂၂။ ရုံးတွင်အရက်သောက်ခြင်း။

ရုံးမှာသင်အရက်သောက်ရင် အလုပ်ပြုတ်နိုင်ပါတယ်။ ကုမ္ပဏီယဉ်ကျေးမှုအဖြစ် Networking ပွဲတွေမှာလူမှုရေးအရတော့ သောက်နိုင်ပါတယ်။

၂၃။ အလုပ်လုပ်နေစဉ် တခြားအလုပ်သစ်ရှာဖွေခြင်း။

ရုံးချိန်မှာအင်တာနက်နဲ့ အလုပ်သစ်ရှာဖွေတာဟာ သင့်ကိုအလုပ်ဖြုတ်ဖို့ သင့်အကြီးအကဲကို တောင်းဆိုလိုက် သလိုပါပဲ။

၂၄။ သူများအသွင်အပြင်ကို ဝေဖန်ခြင်း။

သင့်လုပ်ဖော်ကိုင်ဖက်ရဲ့သွင်ပြင်ကို သင်ချီးမွမ်းပေမယ့် သူကနှောင့်ယှက်တယ်၊ ခွဲခြားဆက်ဆံတယ်လို့ယူဆရင်သင်အလုပ်ပြုတ်နိုင်ပါတယ်။ သူများဘယ်လောက် လှတယ်ဆိုတာထက် အလုပ်နဲ့ဆိုင်တာတွေကိုပဲမှတ်ချက်ပေးတာ အကောင်းဆုံးပါ။

Ref: www.businessinsider.com