လက်ရှိအလုပ်မှာလုပ်ရင်း ကိုယ့်စိတ်ကူးအိပ်မက်အလုပ်အတွက် ဘယ်လိုပြင်ဆင်မလဲ

ကိုယ်က အလုပ်အတည်တကျမရှိသေးတဲ့ အခုမှအလုပ်ဝင်စသူလား၊ ဒါမှမဟုတ် ကိုယ်သဘောမကျတဲ့လုပ်ငန်းမှာပိတ်မိနေတဲ့ အလယ်အဆင့်မန်နေဂျာလား။ ဘယ်လိုပဲဖြစ်ပါစေ ကိုယ်လိုအပ်နေတဲ့ အရည်အသွေးတွေရရှိအောင် ထူထောင်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့နေရာကို ရောက်နိုင်ပါတယ်။

လက်ရှိလုပ်ကိုင်နေတဲ့အလုပ်မှ အတွေ့အကြုံ၊ ဗဟုသုတတွေကိုအသုံးချပြီး အောက်မှာဖော်ပြထားတဲ့ အချက် ၆ ချက်ပါ နည်းစနစ်တကျချဉ်းကပ်မှုတွေကတစ်ဆင့် ကိုယ်လိုချင်တဲ့အလုပ်အတွက် ကိုယ်ရေးအကျဉ်းကို ပြင်ဆင်လိုက်ပါ။

၁။ သိဖို့လိုအပ်နေတဲ့ အရာတွေကို သင်ယူပါ။

စိတ်ကူးထားတဲ့ အလုပ်အတွက် လိုအပ်တဲ့အရည်အသွေးတွေက ဘာတွေလဲ။ အဲဒါတွေက ဘာတွေဖြစ်တယ်ဆိုပြီး ကိုယ်ယူဆထားတာတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဆောင်ရမှာက ရည်မှန်းထားတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ လူတွေနဲ့တွေ့ဆုံပြီး အကြံဉာဏ်တောင်း၊ မေးမြန်းမှုတွေကိုလုပ်ရမှာဖြစ်ပါတယ်။ မတူတဲ့အလုပ်ကိုပြောင်းတာဖြစ်ဖြစ်၊ အခုလျောက်နေတဲ့ အလုပ်လမ်းကြောင်းကိုပဲဆက်သွားတာဖြစ်ဖြစ် ရည်မှန်းချက်ပန်းတိုင်ချဖို့ အကောင်းဆုံးနည်းလမ်းက အဲဒါတွေကို ခန့်မှန်းနေရုံနဲ့ မပြီးဘဲနဲ့ သင်တကယ်လိုအပ်နေတဲ့ ရလဒ်တွေပေါ်မှာ ပြတ်သားတဲ့ စိတ်ကူးရုပ်ပုံရှိရပါမယ်။ လိုအပ်နေတဲ့ အရည်အသွေးတွေကတော့ ကိုယ့်ရဲ့အလုပ်အကိုင်အဆင့် ပြောင်းလဲမှုပေါ်မူတည်ပြီး ပြောင်းလဲနေပါလိမ့်မယ်။

၂။ တိုးတက်မှုစီမံကိန်းကို ဖန်တီးပါ။

လိုအပ်နေတဲ့ အရည်အသွေးတွေကို စာရင်းပြုစုပြီးရင် တိုးတက်မှုစီမံကိန်းကိုလုပ်ဆောင်ပါ။ ရည်မှန်းချက်ကြီးကြီး၊ လုပ်ငန်းကြီးတစ်ခုခုအတွက် စီမံကိန်းကိုဖန်တီးမယ်လို့တွေးပြီးတော့ ကိုယ်လျောက်လှမ်းချင်တဲ့နေရာကို အမြင်ကျယ်ကျယ်နဲ့ ကြည့်ပါ၊ ပြီးရင်အဲဒီနေရာကိုရောက်ဖို့ လိုအပ်ချက်တွေဖြစ်လာတော့မယ့် အဆင့်တွေ၊ အရင်းအမြစ်တွေ၊ လူ၊ အချိန်နဲ့ရင်းနှီးမြှုပ်နှံမှုတွေကို တဖြည်းဖြည်း ဖြိုခွဲသွားပါ။ နေ့စဉ်၊ အပတ်စဉ်အလေ့အကျင့်တွေကို ကိုယ့်ရဲ့အစီအစဉ်ထဲမှာ ထည့်သွင်းထားပါ။ တစ်ကြိမ်မှာ တိုးတက်ချင်တဲ့ အရာတစ်ခု၊ နှစ်ခုမှာပဲ အာရုံစိုက်ပါ၊ အဲဒီအရည်အသွေးရရှိအောင်လည်း နေ့စဉ်၊ အပတ်စဉ်လုပ်ဆောင်သွားပါ။

၃။ တုံ့ပြန်ချက်တွေကို လေးလေးနက်နက်လက်ခံပါ။

တုံ့ပြန်ချက်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကိုယ့်အရည်အသွေးတွေပေါ်မှာ ရရှိလာတဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံတွေနဲ့ ကိုယ့်ရဲ့ထပ်လောင်းတိုးတက်လာမှုတွေကို ဘယ်နေရာမှာအသုံးချနိုင်မလဲဆိုတာကို သုံးသပ်ပါ။ လုပ်ဆောင်ချက်ပေါ်ဆန်းစစ်မှုတွေနဲ့ အလုပ်အပေါ်သာ မန်တုံ့ပြန်မှုလေးတွေကတောင်မှ ကိုယ့်တိုးတက်မှုစီမံကိန်းမှာထားရှိရမယ့်အရာတွေကို ပေးနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေး အရ အဆိုးမြင်တဲ့တုံ့ပြန်ချက်တွေကိုတော့ လက်မခံပါ နဲ့။ တုံ့ပြန်မှုတွေက အခြားသူတွေအပေါ်မှာ ကိုယ့်ရဲ့သက်ရောက်မှုက ဘယ်လိုရှိသလဲဆိုတာကို သိစေပါတယ်။

၄။ လမ်းညွှန်မှုပေးနိုင်သူနဲ့ ဆွေးနွေးညှိနှိုင်းပါ။

တချို့ကိစ္စတွေမှာ ကိုယ့်သူဋ္ဌေးကကိုယ့်အလုပ်အကိုင်လမ်း ကြောင်းအတွက်စီမံကိန်းရေးဆွဲဖို့ ကူညီနိုင်ပါတယ်။ ဝန်ထမ်းတွေရဲ့တိုးတက်မှုကို တန်ဖိုးထားတဲ့အလုပ်ပတ်ဝန်းကျင်မှာရှိနေတယ်ဆိုရင် အတွေ့အကြုံ၊ ဗဟုသုတတွေနဲ့အရည်အသွေးတွေကို တိုးတက်အောင်လုပ်ဖို့ လမ်းညွှန်ချက်တွေရရှိဖို့ အဲဒီပတ်ဝန်းကျင်ကို အသုံးချပါ။ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ပြုပြင်ချင်တဲ့အကြောင်းကို သူဋ္ဌေးကိုပြောလို့ အဆင်မပြေရင်လည်း ကိုယ့်ကိုနောက်ဘယ်ကိုသွားရမယ်၊ ကိုယ်သွားချင်တဲ့နေရာကိုရောက်ဖို့ ဘယ်လိုလမ်းကြောင်းကို ဖွင့်ရမယ်ဆိုတာကို သေသေချာချာလမ်းညွှန်မှုပေးနိုင်သူနဲ့တွေ့ပြီးလုပ်ဆောင်ပါ။

၅။ လုပ်ငန်းခွင်မှာ လေ့ကျင့်သင်ကြားမှုတွေကို အသုံးချပါ။

ကိုယ့်ရဲ့လက်ရှိအလုပ်က သင်ယူမှုနဲ့တိုးတက်မှုတွေကို ပညာပေးတယ်ဆိုရင်ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေနဲ့ အခြားအခွင့်အရေးတွေကို လေ့လာသင်ယူပါ။ လုပ်ငန်းခွင်လေ့ကျင့်သင်ကြားပေးမှုတွေမှာ ခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုအရည်အသွေးတွေ ပါဝင်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း အတန်းအသစ်၊ ဆွေးနွေးပွဲအသစ်တွေကတစ်ဆင့် နည်းပညာဆိုင်ရာအရည်အသွေးအသစ်တွေကို သင်ယူနိုင်ပါလိမ့်မယ်။

၆။ လုပ်အားပေးပါ။

လုပ်အားခမယူဘဲ အလုပ်လုပ်ခြင်းကို သေချာစဉ်းစား ကြည့်မယ်ဆိုရင် ငွေကြေးအကျိုးအမြတ်ထက် တန်ဖိုးပိုရှိတာ တွေကိုရနိုင်မယ့် လုပ်အားပေးဖို့နည်းလမ်းတွေရှိပါတယ်။ အတွေ့အကြုံရှိပြီးသားသူတွေအများစုက ရှောင်လေ့ရှိတဲ့ အလုပ်တွေကနေအခွင့်အရေးကိုရှာဖွေပါ။ ကိုယ့်ရည်မှန်းချက်က Marketing မှာလုပ်ဖို့၊ ပွဲတွေကို စီစဉ်ဖို့ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တွေက နောက်ကျင်းပမယ့် ကုန်သွယ်မှုပွဲအတွက် လုပ်ဖို့လိုအပ်တဲ့ အလုပ်တွေအားလုံးကို ညည်းညူနေတယ်ဆိုရင် လုပ်အားပေးကူညီလိုက်ပါ။