မြန်မာ့အာမခံလုပ်ငန်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာစန္ဒာဦးနှင့်တွေ့ဆုံခြင်း

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်းတွင် Cover Story ဖြစ်တဲ့” မြန်မာ့အာမခံအခင်းအကျင်း “နဲ့ပတ်သက်ပြီး မြန်မာ့အာမခံလုပ်ငန်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာစန္ဒာဦး (Ph.D)နှင့်တွေ့ဆုံမေးမြန်းထားတာကို CEO စာဖတ်ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဒေါက်တာစန္ဒာဦး (Ph.D)
ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့အာမခံလုပ်ငန်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံအာမခံအသင်းအကြောင်းကို ပြောပြေပေးပါ။

မြန်မာနိုင်ငံအာမခံအသင်း (Myanmar Insurance Association – MIA) ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်ကစတင်တည်ထောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်မှာအသင်းရုံးကို ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ Strand Square မှာဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအာမခံအသင်းကို နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်းနဲ့ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၁ ခု အပါအဝင် စုစုပေါင်းအသင်းဝင် ၁၂ ခုနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအာမခံအသင်း (MIA) တည်ထောင်ရခြင်းရည်ရွယ်ချက်

မြန်မာနိုင်ငံအာမခံအသင်းကို တည်ထောင်ရခြင်းရည်ရွယ်ချက်တွေအနေနဲ့ကတော့

– နိုင်ငံတော်ရဲ့ဈေးကွက်စီးပွားရေးစနစ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်နဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်လာစေရန်။

– ပြည်သူလူထုအတွင်း အာမခံအသိပညာများ စိမ့်ဝင်ပျံ့နှံ့ကာအာမခံအကာအကွယ်ရယူလိုတဲ့ အလေ့အထဖြစ်ပေါ်စေရန်နဲ့ အာမခံအပေါ် ယုံကြည်အားထားလာစေရေးအတွက် စည်းရုံးဆောင်ရွက်ရန်။

– ပြည်တွင်းပြည်ပအာမခံဈေးကွက် ပိုမိုကျယ်ပြန့်လာပြီး နိုင်ငံတကာနဲ့တန်းတူရင်ပေါင်တန်း လုပ်ကိုင်နိုင်ဖို့ ချမှတ်ထားတဲ့ မူဝါဒဘောင်အတွင်းမှ အာမခံလုပ်ငန်းဆောင်ရွက်သူများအချင်းချင်းပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ အာမခံလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်တဲ့ အဖွဲ့အစည်းများအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာကျင့်ဝတ်၊ စံနှုန်းများနဲ့ညီစေဖို့ အသိပညာပေးနိုင်ရန်တို့အတွက်ရည်ရွယ်ထားပါတယ်။

လက်ရှိလှုပ်ရှားမှုများ

ယခုလက်ရှိမှာတော့ မြန်မာနိုင်ငံအာမခံအသင်းအနေနဲ့အာမခံလုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းအဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်တွေနဲ့အညီ မြန်မာနိုင်ငံရဲ့အာမခံလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ပြည်သူလူထုအကြား အာမခံထားတဲ့အလေ့အထများ ဖွံ့ဖြိုးလာအောင်ဆောင်ရွက်တာတွေ၊ ပြည်သူလူထုကို အာမခံအသိပညာတွေ ဖြန့်ဝေနိုင်ဖို့ အာမခံသတင်းလွှာကို သုံးလတစ်ကြိမ်ထုတ်ဝေခြင်း၊ အာမခံအမျိုးအစားသစ်တွေတီထွင်ခြင်း၊ လက်ရှိ အာမခံအမျိုးအစားများရဲ့ ပရီမီယံနှုန်းထားများ၊ ပေါ်လစီစည်းကမ်းချက်များကို ပြန်လည်သုံးသပ်ပြီး ခေတ်ကာလနဲ့လျော်ညီကာ ပြည်သူလူထုလိုအပ်ချက်နဲ့ကိုက်ညီစေရန် ပြင်ဆင်တဲ့မူကြမ်းရေးဆွဲခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အာမခံကုမ္ပဏီများ အချင်းချင်းနားလည်မှုရရှိစေရန်နဲ့အာမခံဈေးကွက်အတွင်း တွေ့ကြုံနေရတဲ့အခက်အခဲတွေကို အသင်းဝင်များက ပူးပေါင်းအဖြေရှာကာအာမခံလောကဖွံ့ဖြိုးတိုးတက်ရန်လည်းလုပ်ဆောင်လျက်ရှိပါတယ်။ အာမခံလောကဖွံ့ဖြိုးတိုးတက်စေဖို့၊ အာမခံကုမ္ပဏီဝန်ထမ်းများရဲ့အရည်အချင်းမြှင့်တင်နိုင်ဖို့၊ နိုင်ငံတကာအာမခံတက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေနဲ့ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေတာလည်း ရှိပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် အာမခံလောကအတွက်အရည်အသွေးပြည့်ဝတဲ့ ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

အနာဂတ်ရည်မှန်းချက်များ

အနာဂတ်လုပ်ငန်းစဉ်များအဖြစ် မြန်မာနိုင်ငံအာမခံအသင်းရဲ့ အဓိကဖြစ်တဲ့ပူးပေါင်းဆောင်ရွက်ခြင်းလမ်းစဉ်နဲ့ အသင်းဝင်များမှ မြန်မာနိုင်ငံအာမခံလောကစဉ်ဆက်မပြတ် ရေရှည်တည်တံ့စေရန်နဲ့ ဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူလူထုအတွက် အာမခံအကာအကွယ်များပေးရန် အထူးအလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းလုပ်ကိုင်လျက်ရှိတဲ့ အာမခံကုမ္ပဏီများအတွက် အာမခံဆိုင်ရာစံနှုန်းများနဲ့ ကျင့်ဝတ်ကောင်းများဖော်ဆောင်နိုင်ရေးကိုလည်း ဦးစားပေးလုပ်ဆောင်သွားမှာပါ။မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနဲ့လုပ်ထုံးလုပ်နည်းများ တိုးတက်ပြောင်းလဲလာပုံကိုလည်း ပြောပြပေးပါ။

၁၉၅၀ ပြည့်နှစ်မှာ ပြည်ထောင်စုအာမခံစနစ်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၂ ခုနှစ်၊ မတ်လ ၁ ရက်မှာ ပြည်ထောင်စုအာမခံစနစ်အဖွဲ့ကိုစတင်ထူထောင်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှာ အသက်အာမခံကို အစိုးရမှတစ်ပါးမလုပ်ဖို့တားမြစ်ဥပဒေပြဋ္ဌာန်းခဲ့ပြီး ၁၉၆၄ ခုနှစ်မှာ အထွေထွေအာမခံလုပ်ငန်းကို ‘ ပြည်ထောင်စုအာမခံစနစ်အဖွဲ့’ တစ်ခုတည်းကလုပ်ကိုင်ရန် အမိန့်ထုတ်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁၀ ဖြင့် ‘အာမခံလုပ်ငန်းဥပဒေ’ ကို ပြဋ္ဌာန်းခဲ့ပြီးနောက် ၁၉၇၆ ခုနှစ်၊ ဧပြီလ ၁ ရက်မှာ မြန်မာ့အာမခံကော်ပိုရေးရှင်းကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁ ရက်မှာ ‘ မြန်မာ့အာမခံလုပ်ငန်း’ ဟုအမည်ပြောင်းလဲသတ်မှတ်ခဲ့တယ်။ ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှာ’ အာမခံလုပ်ငန်း ဥပဒေ-၁၉၇၅’ ကို မြန်မာ့အာမခံဥပဒေ ၁၀/၁၉၉၃ ဖြင့် လွှမ်းမိုးပြဋ္ဌာန်းခဲ့ပြီး ယနေ့အထိကျင့်သုံးလျက်ရှိပါတယ်။ ၁၉၉၆ ခုနှစ် မှာ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ ၆/၁၉၉၆ ကို ပြဋ္ဌာန်းခဲ့ပါတယ်။ အာမခံလုပ်ငန်းဆိုင်ရာနည်းဥပဒေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ၁၉၇၆ ခုနှစ်မှာ ‘အသက်အာမခံနည်းဥပဒေများ’၊ ‘သူတစ်ပါးထိခိုက်မှုအာမခံနည်းဥပဒေများ’ကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ ‘အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်နည်းဥပဒေများ’ကိုပြဋ္ဌာန်းခဲ့ပါတယ်။ သူတစ်ပါးထိခိုက်မှုအာမခံနည်း ဥပဒေ- ၁၉၇၆ ကို ၂၀၀၃ ခုနှစ်မှာ ‘သူတစ်ပါးထိခိုက်မှုအာမခံနည်း ဥပဒေများ’ ဖြင့်လွှမ်းမိုးပြဋ္ဌာန်းခဲ့ပါတယ်။

လက်ရှိနိုင်ငံသားပိုင်၊ ဖက်စပ်၊ နိုင်ငံခြားသားပိုင်အာမခံလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ လုပ်ငန်းလုပ်ကိုင်နိုင်မှုရှိရန်အတွက် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများမှ ဖြေလျော့ဖွင့်လှစ်ပေးထားချက်များကိုလည်း ပြောပြပေးပါ။

မြန်မာနိုင်ငံရဲ့အာမခံလုပ်ငန်းသမိုင်းကြောင်းကို ကြည့်လိုက်မယ်ဆိုရင် ၁၈၂၆ ခုနှစ်လောက်ကတည်းက အာမခံလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲပြီးတဲ့နောက် နိုင်ငံခြားသားပိုင်ကုမ္ပဏီ ၇၄ ခု၊ မြန်မာနိုင်ငံပိုင်ကုမ္ပဏီလေးခုကအာမခံလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြပြီး ၁၉၅၂ ခုနှစ်မှာ ပြည်ထောင်စုအာမခံစနစ်အဖွဲ့ပေါ်ထွက်လာကာ နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းတစ်ခုတည်းကသာ အာမခံလုပ်ငန်းလုပ်ကိုင်ခဲ့ပါတယ်။၂၀၁၂ ခုနှစ်မှာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က အာမခံလုပ်ငန်းလုပ်ကိုင်လိုသူများကို ဖိတ်ခေါ်ခဲ့ပြီး ကုမ္ပဏီ ၁၂ ခုကို ရွေးချယ်လုပ်ကိုင်စေခဲ့တဲ့အတွက် လိုင်စင်ရကုမ္ပဏီများဟာ ၂၀၁၃ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်အစမှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အာမခံလောကအတွက်အရေးပါတဲ့ ကြေညာချက် ၁/၂၀၁၉ ကို ထုတ် ပြန်ကြေညာခဲ့ပြီး နိုင်ငံခြားအာမခံကုမ္ပဏီတွေကို ဝင်ရောက်လုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ အသက်အာမခံလုပ်ငန်းကိုတော့ နိုင်ငံခြားကုမ္ပဏီတွေကို ၁၀၀ ရာခိုင်နှုန်း၊ ဒါမဟုတ် Joint Venture – JV ပုံစံနဲ့ လုပ်ကိုင်ခွင့်ပေးခဲ့ပြီး အထွေထွေအာမခံကိုတော့ JV ပုံစံနဲ့ လုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ ၁၀၀ ရာခိုင်နှုန်းလုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ နိုင်ငံတကာအသက်အာမခံကုမ္ပဏီ ငါးခုရှိပြီး JV ပုံစံနဲ့လုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ အသက်အာမခံကုမ္ပဏီသုံးခုရှိပါတယ်။ ယခုလက်ရှိမှာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ပြည်တွင်းအထွေထွေအာမခံ ကုမ္ပဏီသုံးခုရှိပါတယ်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေနဲ့ Liberalization ကို ခွင့်ပြုပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ အာမခံလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်မံဖြေလျော့ပေးခဲ့တာတွေ ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ညွှန်ကြားချက်သုံးခုထုတ်ပြန်ခဲ့ပါတယ်။

ညွှန်ကြားချက် အမှတ် ၁/၂၀၂၀ က အာမခံဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေအတွက် အာမခံကိုယ်စားလှယ်ဆိုင်ရာညွှန်ကြားချက်ဖြစ်ပါတယ်။ ဒီညွှန်ကြားချက်မှာဆိုရင် အာမခံကိုယ်စားလှယ်အဖြစ်လုပ်ကိုင်လိုပါက အာမခံကိုယ်စားလှယ်သင်တန်းကျောင်း ၊ ဒါမှမဟုတ် အာမခံကုမ္ပဏီတွေကဖွင့်တဲ့သင်တန်းကိုတက်ရောက်နိုင်ပြီး အာမခံကိုယ်စားလှယ် အရည်အချင်း စစ်စင်တာကပြုလုပ်တဲ့စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီးမှသာ အာမခံကိုယ်စားလှယ်လိုင်စင်လျောက်ထားနိုင်ပါတယ်။ အာမခံကိုယ်စားလှယ်များအနေနဲ့ အသက်အာမခံ ကိုယ်စားလှယ်အဖြစ်လုပ်ကိုင်လိုပါက မိမိတို့စိတ်ကြိုက်အသက်အာမခံကုမ္ပဏီနှစ်ခုနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ပါတယ်။ အထွေထွေအာမခံကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ချင်ရင်လည်း မိမိတို့သဘောကျတဲ့ အထွေထွေအာမခံကုမ္ပဏီ သုံးခုနဲ့လုပ်ကိုင်နိုင်ပါတယ်။ ဒီညွှန်ကြားချက်မှာဆိုရင်အာမခံကိုယ်စားလှယ်များအတွက် ကော်ပိုရိတ်အာမခံကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ရန်ခွင့်ပြုထားတဲ့ ဖြေလျော့ချက်တွေလည်းပါပါတယ်။

နောက်ညွှန်ကြားချက်တစ်ခုကတော့ နိုင်ငံတကာအာမခံလုပ်ငန်းတွေမှာ ရောင်းအားကောင်းတဲ့ ပုံစံတစ်ခုဖြစ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေက အာမခံဝန်ဆောင်မှုပေးခြင်းအတွက်ထွက်လာတဲ့ ညွှန်ကြားချက်အမှတ် ၂/၂၀၂၀ ပါ။ ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ခုခုကအာမခံဝန်ဆောင်မှုပေးခြင်းလုပ်ငန်းလုပ်ကိုင်လိုပါက အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကထုတ်ပေးတဲ့ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်လိုင်စင်ရှိဖို့လိုအပ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ထွက်ရှိထားတဲ့အာမခံ လုပ်ငန်းနဲ့ပတ်သက်တဲ့ ညွှန်ကြားလွှာနောက်ဆုံးတစ်ခုကတော့ အာမခံကုမ္ပဏီတွေအတွက်အရေးပါတဲ့ အာမခံအမျိုးအစားများ လုပ်ကိုင်ခွင့်ပြုခြင်း ညွှန်ကြားချက်အမှတ် ၃/၂၀၂၀ ဖြစ်ပါတယ်။

အာမခံကုမ္ပဏီတစ်ခုချင်းက အာမခံအမျိုးအစားအသစ်ရောင်းချရန်၊ ဒါမှမဟုတ် ခွင့်ပြုပြီးသားအာမခံအမျိုးအစားတွေအပေါ် ပြင်ဆင်လိုတဲ့အချက်တွေရှိပါက ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကို လျောက်ထားတင်ပြရပါမယ်။ အာမခံပရီမီယံနှုန်းထားတွေ စည်းကမ်းချက်တွေက အာမခံသင်္ချာပညာရပ်ဆိုင်ရာတွက်ချက်မှုအရအပြင် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ သတ်မှတ်ထားတာမျိုးဖြစ်ရပါမယ်။ အာမခံကုမ္ပဏီတစ်ခုက တစ်ကြိမ်မှာအာမခံအမျိုးအစား အသစ်တစ်မျိုးတင်ပြလျောက်ထားခွင့်ရှိပြီး အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ခွင့်ပြုပြီးရင်နောက်ထပ်အမျိုးအစားတစ်ခုကို ထပ်မံလျောက်ထားနိုင်ပါတယ်။ ယခုလို အာမခံကိုယ်စားလှယ်တွေအတွက်ရော အာမခံကုမ္ပဏီတွေအတွက်ပါ အာမခံအမျိုးအစားအသစ်တွေနဲ့ပတ်သက်ပြီး ဖြေလျော့ပေးလိုက်တာတွေက မြန်မာနိုင်ငံအာမခံလောက ဖွံ့ဖြိုးတိုးတက်ဖို့ တစ်တပ်တစ်အားအနေနဲ့ အထောက်အကူဖြစ်စေပါတယ်။

လက်ရှိမြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများနဲ့ အာမခံလုပ်ငန်း ဈေးကွက်အပေါ်အမြင်

အခုဆိုရင် မြန်မာနိုင်ငံအာမခံဈေးကွက်ထဲမှာ ပြည်တွင်းပြည်ပအာမခံကုမ္ပဏီ စုစုပေါင်း ၂၅ ခုရှိလာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအာမခံဈေးကွက်ထဲကို နိုင်ငံခြားအာမခံကုမ္ပဏီတွေဝင်ရောက်လာခြင်းကြောင့် ပြိုင်ဆိုင်မှုတွေများလာတာနဲ့အမျ နည်းပညာတွေ၊ အသိပညာတွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူအများစုက အာမခံအသိပညာနည်းပါးတဲ့အတွက် အာမခံထားရှိခြင်းရဲ့ အကျိုးကျေးဇူးကိုမသိရှိကြဘူး။ မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းထိုးဖောက်မှုပျံ့နှံ့မှုနှုန်း (Insurance Penetration Rate) က ၁ ရာခိုင်နှုန်းမပြည့်ပါဘူး။ ဒါကြောင့် ယခုလိုအာမခံဈေးကွက်ကို ဖွင့်ပေးလိုက်ခြင်းဟာ အာမခံကုမ္ပဏီတွေအနေနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကို သိရှိအောင်လုပ်ပြီး ပြည်သူလူထုရဲ့ ငွေကြေးအင်အားနဲ့ကိုက်ညီမယ့် အာမခံအကာအကွယ်တွေပေးနိုင်အောင် လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။

အာမခံလုပ်ငန်းထိုးဖောက်နိုင်မှုက မြန်မာနိုင်ငံရှိလူဦးရေရဲ့ ၁ ရာခိုင်နှုန်းပဲရှိသေးတော့ အာမခံကုမ္ပဏီတွေအတွက် ချဲ့ထွင်ဆောင်ရွက်ဖို့အလားအလာရှိတဲ့ ဈေးကွက်အသစ်တွေ အများကြီးရှိပါတယ်။ ဈေးကွက်ချဲ့ထွင်လာနိုင်တဲ့အတွက် အာမခံကုမ္ပဏီတွေရဲ့ဝင်ငွေတွေလည်း တိုးတက်လာသလို နိုင်ငံတော်အတွက်လည်းဝင်ငွေတိုးတက်မှာဖြစ်ပါတယ်။ ပြည်သူလူထုအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုများပြားလာမှာဖြစ်ပါတယ်။ ပြည်တွင်းပုဂ္ဂလိကအာမခံကုမ္ပဏီတွေအနေနဲ့ကလည်း နိုင်ငံခြားအာမခံကုမ္ပဏီများနဲ့ ဖက်စပ်လုပ်ကိုင်ခွင့်တွေရရှိလာတာကြောင့် နိုင်ငံခြားကုမ္ပဏီတွေရဲ့အရင်းအနှီး၊ နည်းပညာ၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှုနဲ့ မိမိတို့ရဲ့တည်ဆောက်ပြီးသားဈေးကွက်၊ ဝန်ထမ်းအင်အား၊ အဆောက်အအုံများ၊ ဖြန့်ဖြူးရေးလမ်းကြောင်းများကိုပေါင်းစပ်ပြီး ယှဉ်ပြိုင်လုပ်ကိုင်ခွင့်တွေ ရရှိလာတာဖြစ်တဲ့အတွက် အာမခံလောကဟာ အရှိန်အဟုန်နဲ့တိုးတက်လာတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းဈေးကွက်တိုးတက်လာနိုင်ရန် လုပ်ဆောင်သင့်တဲ့ ရေတို၊ ရေရှည်စီမံကိန်းများ

မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းဈေးကွက်တိုးတက်လာဖို့ လုပ်ဆောင်သင့်တဲ့ ရေတိုစီမံကိန်းတွေအနေနဲ့ပြောရမယ်ဆိုရင် အာမခံလုပ်ငန်းထိုးဖောက်မှုပျံ့နှံ့မှုနှုန်းနည်းတာကိုကြည့်ခြင်းအားဖြင့် ပထမဆုံးလုပ်ရမှာက ပြည်သူလူထုအကြား အာမခံအသိပညာ ပြန့်ပွားရေးအတွက် အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ အာမခံအသိပညာပေး Campaign တွေ၊ Social Media တွေကနေတစ်ဆင့် အာမခံအသိပညာများဖြန့်ဝေခြင်းတွေကို ပိုမိုလုပ်ဆောင်သင့်ပါတယ်။ လက်ရှိဈေးကွက်မှာရှိနေတဲ့ အာမခံအမျိုးအစားတွေထဲကမှ ပြည်သူလူထုရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုမရှိတော့တဲ့ အာမခံအမျိုးအစားများကို ပြုပြင်မွမ်းမံတာတွေ၊ ပြည်သူလူထုကို အပြည့်အဝအကာအကွယ်ပေးနိုင်မယ့် အာမခံအမျိုးအစားအသစ်တွေ တီထွင်ဖန်တီးရောင်းချပေးခြင်းတွေလည်း လုပ်ဆောင်ရမှာပါ။

နိုင်ငံတကာရဲ့အာမခံဈေးကွက်ကို လေ့လာကြည့်လိုက်ရင် အာမခံဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကြတဲ့အခါ Agent တွေ၊ Agency တွေကတစ်ဆင့်ရောင်းချတာက အားအကောင်းဆုံးဖြစ်နေတော့ အာမခံအရည်အသွေးပြည့်ဝတဲ့ Agent တွေ များများမွေးထုတ်ပေးနိုင်ဖို့ လုပ်ဆောင်ကြရမှာပါ။ ဒါအပြင် ပြည်သူလူထုအနေနဲ့ အာမခံအကာအကွယ်တွေကို လွယ်ကူလျင်မြန်စွာဝယ်ယူနိုင်ရေးအတွက်လည်း Online ကနေ တိုက်ရိုက်ရောင်းချပေးတဲ့စနစ်၊ အကျိုးဆောင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရောင်းချတဲ့စနစ်၊ ငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး အာမခံဝန်ဆောင်မှုပေးတဲ့စနစ် စတဲ့လွယ်ကူထိရောက်တဲ့ ဖြန့်ဖြူးရောင်းချတဲ့ နည်းစနစ်တွေ ထပ်မံတိုးချဲ့လုပ်ဆောင်သင့်ပါတယ်။ ရေရှည်စီမံကိန်းတွေကတော့ မြန်မာနိုင်ငံအာမခံလောကမှာ အာမခံသင်္ချာပညာရှင် (Actuary) နည်းပါးနေသေးတာကြောင့် နိုင်ငံခြား Actuary တက္ကသိုလ်ကြီးများနဲ့ချိတ်ဆက်ပြီး Actuary များမွေးထုတ်ပေးနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက်လိုအပ်နေတဲ့ အာမခံပေါ်လစီအသစ်၊ အာမခံလုပ်ငန်းအသစ်တွေအပြင် အာမခံဈေးကွက်အသစ်တွေကို ကျောထောက်နောက်ခံပြုပေးမယ့် တစ်ဆင့်အာမခံအဖွဲ့အစည်းကိုလည်းတည်ထောင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

ပုဂ္ဂလိကအာမခံလုပ်ငန်းများအတွက် အကြံပြုချက်

ပုဂ္ဂလိကအာမခံကုမ္ပဏီများအနေနဲ့ မြန်မာနိုင်ငံထဲကို ရင်းနှီးမြှုပ်နှံမှု လာရောက်ဆောင်ရွက်တဲ့ နိုင်ငံခြားအာမခံကုမ္ပဏီများရဲ့ အတွေ့အကြုံများ၊ အာမခံဆိုင်ရာပညာရပ်များကို ထိထိရောက်ရောက် အသုံးချပြီး မိမိလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့၊ တိုင်းပြည်ဘဏ္ဍာဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီများနဲ့ နိုင်ငံခြားအာမခံကုမ္ပဏီများအကြား အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ နိုင်ငံရဲ့စီးပွားရေးကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ကြရပါမယ်။ အာမခံလုပ်ငန်းများမှာ Marketing ကလည်း အရေးပါဆုံးကဏ္ဍကနေဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပုဂ္ဂလိကအာမခံလုပ်ငန်းများအနေနဲ့ နိုင်ငံတွင်းပြိုင်ဆိုင်မှုအများအပြားရှိလာတဲ့အတွက် အပြိုင်အဆိုင် Marketing ဆောင်ရွက်ကြရပါမယ်။ ဒါပေမဲ့ Marketing လုပ်ဆောင်တဲ့အခါ မိမိတို့ကုမ္ပဏီအနေနဲ့ အမှန်တကယ်ပေးနိုင်တဲ့ ဝန်ဆောင်မှုမျိုးကိုသာတိကျသေချာတဲ့ Communication နဲ့ နားလည်မှုမလွဲအောင် မှန်မှန်ကန်ကန်ရှင်းလင်းပြောပြနိုင်ဖို့ ဝန်ထမ်းများကို Training ပေးရပါမယ်။ ဒါမှသာ Customer နဲ့ ကုမ္ပဏီအကြားရေရှည်လက်တွဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုတွေများပြားလာတဲ့အတွက် အာမခံကုမ္ပဏီတွေဟာ အာမခံအမျိုးအစားတွေကို ယှဉ်ပြိုင်ရောင်းချရာမှာလည်း Business Ethics ရှိရှိ လုပ်ဆောင်ကြဖို့နဲ့ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကချမှတ်ထားတဲ့ Rules & Regulations တွေကို လိုက်နာကြဖို့လည်းလိုအပ်ပါတယ်။

အနာဂတ်မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများနဲ့အာမခံလုပ်ငန်းဈေးကွက် မျော်မှန်းချက်များ

ပြည်သူတွေ ယခုလက်ရှိ မြင်တွေ့နေတဲ့အတိုင်း မြန်မာနိုင်ငံအာမခံလုပ်ငန်းများအတွက် ဖြေလျော့မှုတွေက မျက်ဝါးထင်ထင် အမှန်တကယ်ကို ဖြစ်ပေါ်လာပြီဖြစ်ပါတယ်။ ပြည်တွင်းအာမခံကုမ္ပဏီတွေနဲ့ နိုင်ငံခြားအာမခံကုမ္ပဏီပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ပြည်သူတွေကို အာမခံအသိပညာ ဒီထက်မကမျဝေပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အာမခံအသိပညာက ပြည်သူတွေအကြား စိမ့်ဝင်ပျံ့နှံ့သွားတာနဲ့အမျ မီးအာမခံ၊ အသက်အာမခံ အစရှိတဲ့အာမခံတွေကို ယခုလက်ခံဆောင်ရွက်နေတဲ့ပမာဏထက် အနာဂတ်မှာပိုမိုများပြားလာမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ အာမခံထားလိုသူတွေ များပြားလာတာနဲ့အမျ၊ သူတို့ အာမခံသဘောသဘာဝကို နားလည် လာတာနဲ့အမျ သူတို့ရဲ့လိုအင်ဆန္ဒ၊ လိုအပ်ချက်များနဲ့ကိုက်ညီတဲ့ အာမခံအမျိုးအစားများ လိုအပ်လာပါတယ်။ အဲဒီအတွက်ကြောင့် အာမခံကုမ္ပဏီများအနေနဲ့ယခုလက်ရှိ ရှိနေတဲ့အာမခံအမျိုးအစားများသာမက နိုင်ငံခြားအာမခံကုမ္ပဏီများရဲ့ အတွေ့အကြုံတွေ၊ နည်းပညာတွေ ကိုအသုံးချပြီး ပြည်သူလူထုအမှန်တကယ် လိုအပ်တဲ့ အာမခံအမျိုးအစားသစ်များကို (Research & Development Centre) တွေတည်ထောင်ပြီး ဆန်းသစ်တီထွင်လာကြမယ်လို့လည်း မျော်မှန်းပါတယ်။ ရွေးချယ်စရာအာမခံအမျိုးအစားအများအပြားရှိတဲ့အနက် ပြည်သူလူထုအနေနဲ့ မိမိတို့နဲ့ကိုက်ညီတဲ့ အာမခံအမျိုးအစားကို ရွေးချယ်ဝယ်ယူလာနိုင်ကြမှာအမှန်ပါ။ ပြည်သူလူထုအနေနဲ့လည်း ဘယ်ကုမ္ပဏီရဲ့ Product တွေက မိမိနဲ့အကိုက်ညီဆုံးဖြစ်မယ်ဆိုတာကို နှိုင်းယှဉ်ရွေးချယ်လာမှာဖြစ်တဲ့အတွက် အာမခံကုမ္ပဏီများအကြား ပြိုင်ဆိုင်မှုများပြားပြီး တိုးတက်လာကြမှာ ဖြစ်ပါတယ်။

ဖြည့်စွက်ပြောကြားချက်

မြန်မာနိုင်ငံအာမခံဈေးကွက်က လက်ရှိမှာထိုးဖောက်မှုအားနည်းနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ အာမခံအသင်းကရရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၁၈ ခုနှစ်ထိ အာမခံဈေးကွက်ကို ထိုးဖောက်နိုင်မှုကတိုင်းပြည် GDP ရဲ့ ဝ.၀၇ ရာခိုင်နှုန်းမျသာရှိပါသေးတယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အာမခံဈေးကွက်ဟာ လာမယ့်ဆယ်စုနှစ်အတွင်း ဆက်လက်ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာများစွာရှိနေတာကို သက်သေပြနေပါတယ်။ အခုလို မြန်မာနိုင်ငံရဲ့ အာမခံဈေးကွက်ကို ဖွင့်ပေးလိုက်တဲ့အတွက်အာမခံလောကအတွက် အခွင့်အလမ်းတွေများစွာ ရှိလာမှာဖြစ်သလို စိန်ခေါ်မှုအခက်အခဲတွေလည်း တွေ့ကြုံလာရမှာဖြစ်ပါတယ်။

နိုင်ငံခြား ကုမ္ပဏီတွေက လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတဲ့အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေစီးဆင်းမှုပိုကောင်းလာမယ်။ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေလည်း ရလာမှာဖြစ်တဲ့အတွက် အာမခံအမျိုးအစား၊ အာမခံအကာအကွယ်တွေကလည်း ပြည်သူလူထုအတွက် အသင့်လျော်ဆုံးနဲ့အကောင်းဆုံးတွေဖြစ်လာပါမယ်။ ပြည်တွင်းအာမခံသင်္ချာပညာရှင်တွေနည်းပါးတာတွေ၊ နိုင်ငံတကာနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင် ယခုအချိန်ထိ အာမခံကိုယ်စားလှယ်အရေအတွက် နည်းပါးနေသေးတာတွေ၊ အာမခံအရည်အသွေးပြည့်ဝတဲ့ဝန်ထမ်းတွေ လိုအပ်နေသေးတာတွေ၊ မြန်မာနိုင်ငံပြည်သူလူထုကအာမခံထားရှိခြင်းရဲ့ အကျိုးကျေးဇူးကို ကောင်းစွာနားလည်သဘောပေါက်ခြင်း မရှိသေးတာတွေ စတဲ့အခက်အခဲတွေ ကြုံတွေ့လာနိုင်ပါတယ်။ ပြည်တွင်းပြည်ပအာမခံကုမ္ပဏီတွေ အပြန်အလှန်ပူးပေါင်းကူညီကြခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့အာမခံကဏ္ဍဟာ မကြာတော့တဲ့ အချိန်အတွင်း လျင်လျင်မြန်မြန်တိုးတက်လာမှာဖြစ်ကြောင်း ဖြည့်စွက်ပြောကြားလိုပါတယ်။