မိမိရဲ့အဖွဲ့အတွင်း Conflict ဖြစ်တဲ့အခါ မန်နေဂျာ တစ်ယောက် နဲ့ဘယ်လိုဖြေရှင်းသင့်ပါသလဲ။ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်လို့ အားနည်းချက်ရှိနေတဲ့ ဝန်ထမ်းတစ်ယောက်ကို ဘယ်လိုဆွဲခေါ်ပြီး အများနဲ့ကိုက်ညီအောင်လုပ်ပေးလို့ရပါမလဲ…

မိမိရဲ့အဖွဲ့အတွင်း Conflict ဖြစ်တဲ့အခါ မန်နေဂျာ တစ်ယောက် နဲ့ဘယ်လိုဖြေရှင်းသင့်ပါသလဲတစ်ဖက်နဲ့တစ်ဖက်ကိုဘက် မလိုက်မိအောင်လည်း ကိုယ့်ကိုယ်ကိုယ်ဘယ်လိုပြန်လည် ဆန်းစစ်သင့်ပါသလဲ။

အဖွဲ့တစ်ခုအတွင်းမှာအကြောင်းရှိလို့ Conflict ဖြစ်လာတတ်ပါတယ်။ လုပ်နေရတဲ့လုပ်ငန်းမှာ သဘောမတူတာ၊ လူရွေးတာဝန်ပေးတဲ့ကိစ္စ စတာတွေနဲ့ဖြစ်တတ်ပါတယ်။ အလုပ်ကို Function သတ်မှတ်လုပ်ရတာ၊ Team အနေနဲ့ Project အနေနဲ့ ပူးပေါင်းလုပ်ကြတဲ့ပုံစံမတူတာတွေ ရှိပါ တယ်။ မေးခွန်းအရတော့ အဖွဲ့အတွင်းမှာဖြစ်တဲ့ Conflict ပဲဖြစ်ပါလိမ့်မယ်။ ဒါကဖြစ်တတ်ပါတယ်။

လုပ်ငန်းအစမှာပဲအဖွဲ့အနေနဲ့ လုပ်ရမယ့်အလုပ်၊ ပြီးရမယ့်အချိန်၊ ဆွေးနွေးတိုင်ပင်မှုတွေကို အလေးထားဖို့၊ အထူးကိစ္စရှိရင် … အမှားပေါ်ရင် … သူ့ကြောင့် ကိုယ့်ကြောင့်မဖြစ်ဖို့၊ လိုအပ် ရင် မန်နေဂျာဆီကို သူတို့နှစ်ယောက်ဖြေရှင်းဖို့ စဉ်းစားပုံကို တင်ပြကြဖို့၊ ပြောပြနားလည်မှုရှိဖို့ အလေ့အထရှိအောင်လုပ်သင့်ပါတယ်။ ဖြစ်လာတဲ့အခြေအနေမှာ နှစ်ယောက်လုံးအနေနဲ့ ရင်ဆိုင်နေရတဲ့ပြဿနာကို မိမိပါ ပါဝင်ဆွေးနွေးပြီး ”ကဲ … ဘယ်လိုလုပ်ကြရင် ကောင်းမလဲ” ဆိုတဲ့ပုံစံနဲ့ နှစ်ဖက်လုံးရဲ့တင်ပြချက်မှာ အကောင်းဆုံးလက်ခံနိုင်တဲ့အဖြေရှာပြီး ကျေကျေနပ်နပ် ဆက်ကြဖို့ပါပဲ။

ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်လို့ အားနည်းချက်ရှိနေတဲ့ ဝန်ထမ်းတစ်ယောက်ကို ဘယ်လိုဆွဲခေါ်ပြီး အများနဲ့ကိုက်ညီအောင်လုပ်ပေးလို့ရပါမလဲ။

ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်လို့ အားနည်းချက်ရှိနေတဲ့ ဝန်ထမ်းတစ်ယောက်ကို ဘယ်လိုဆွဲခေါ်ပြီး အများနဲ့ကိုက်ညီအောင်လုပ်ပေးလို့ရပါမလဲ။ ထူးထူးခြားခြားကို ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းနေတယ်ဆိုရင်တော့ အလုပ်ဝင်အင်တာဗျူးတဲ့အချိန် သူ့ကိုမေးခဲ့၊ အကဲခတ်ခဲ့တဲ့အချိန်မှာ ကိုယ်လည်းအားနည်းခဲ့လို့ ဖြစ်နိုင်ပါတယ်။

ဘယ်မှာလုပ်ခဲ့ဖူးတယ်၊ ဘယ်လိုအလုပ်မျိုးကို လုပ်ခဲ့ဖူးတယ်ဆိုတာမျိုးမေးတဲ့အပြင် နည်းနည်း ရဲရဲတင်းတင်းဖြေဖို့လိုတဲ့အမေးမျိုးမေးပြီး တုံ့ပြန်တဲ့အပြုအမူနဲ့စမ်းသပ်ခဲ့ရင် ကြိုမှန်းဆနိုင်ပါတယ်။ ဦးဝိစာရလမ်းမှာရှိတဲ့ ဘုန်းကြီးရုပ်တုမှာသပိတ်ပါသလား၊ ရွှေတိဂုံဘုရား လှေကားထစ်ဘယ်လောက်ရှိသလဲဆိုတဲ့အမေးမျိုးကို ရင်ဆိုင်အဖြေပေးပုံမျိုးနဲ့အကဲခတ်ကြည့်နိုင်ပါတယ်။

ကိုယ့်ဝန်ထမ်းဖြစ်ပြီးမှ ဒီအခြေအနေကိုသိရလို့ ပြုပြင်ချင်တယ်ဆိုရင်လည်း လုပ်ငန်းမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်းတွဲခေါ်တတ်တဲ့၊ အားပေးတတ်တဲ့သူမျိုးနဲ့ တွဲဖက်တာဝန်ပေးတာ၊ တာဝန်ပေးတဲ့အခါနဲ့ အလုပ်ပြီးတဲ့အခါ ”တခြားဘယ်လိုနည်းလမ်းမျိုးနဲ့လုပ်ရင် မရနိုင်ဘူးလား၊ ဒီနည်းကပိုကောင်းလို့လား” ဆိုတဲ့ အမေးမျိုးတွေနဲ့ စိတ်ကိုမြှင့်တင်ပေးတာ၊ စဉ်းစားခိုင်းတာမျိုးလုပ်ပြီး သွက်သွက်လက်လက်ဖြစ်လာအောင် လေ့ကျင့်ပေးလို့ ရနိုင်ပါတယ်။ တွဲပြီးလုပ်ရတဲ့အလုပ်မျိုးတွေပေးပြီး အတူလုပ်စေတာ၊ မေးခွန်းမေးဆွေးနွေးတင်ပြခိုင်းတာတွေလုပ် ကြည့်ပါ။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်)