မာစတာစ်ပြီး မာစတာစ်၊ မေဂျာပွဲကြီး နှစ်ပွဲဆက်တိုက်

ဝင်းမြင့်သိန်း

ကိုဗစ်ကြောင့် ကမ္ဘာ့ဂေါက်သီးဇာတ်ခုံမှ ဂေါက်ပွဲတွေကမောက်ကမဖြစ်ကုန်သည်။ ၂၀၂၀ အတွက် ဗြိတစ်ရှ်အိုးပင်းမေဂျာပွဲကြီးက ဖျက်သိမ်းခဲ့ရသည်။ ကျန်မေဂျာသုံးပွဲတွင် ဧပြီလ၌ကျင်းပရမည့် မာစတာစ်ကနိုဝင်ဘာလသို့လည်းကောင်း၊ မေလတွင်ကျင်းပရမည့် ပီဂျီအေချန်ပီယံရှစ်ပ်က သြဂုတ်လသို့လည်းကောင်း၊ ဇွန်လတွင်ကျင်းပရမည့် ယူအက်စ်အိုးပင်းက စက်တင်ဘာသို့လည်းကောင်း ရွှေ့ပြောင်းခဲ့ရပါသည်။ ထို့ကြောင့် ၂၀၂၀ ၌ နောက်ဆုံးကျင်းပမည့်မေဂျာပွဲကြီးက မာစတာစ်ဖြစ်လာသည်။ နိုဝင်ဘာ ၁၂-၁၅ တွင်ကျင်းပပါမည်။

၂၀၂၁ ခုနှစ်တွင် မေဂျာပွဲကြီးများကို မူလလျာထားသည့်လများတွင်ပင် ပြန်လည်ကျင်းပမည်ဖြစ်ရာ ပထမဆုံးလာမည့်မေဂျာပွဲကြီးက မာစတာစ် (ဧပြီ ၈-၁၁) ဖြစ်နေပြန်ပါသည်။ ထို့ကြောင့် လာမည့်မေဂျာပွဲကြီးနှစ် ပွဲဆက်တိုက်မှာ မာစတာစ်ချည်း ဖြစ်နေခြင်းဖြစ်ပါတော့သည်။

နောက်ဆုံးပြီးစီးခဲ့သော မေဂျာနှစ်ပွဲတွင် အသက် ၃၀ အောက်လူငယ်များဗိုလ်စွဲထားကြသည်။ သြဂုတ် ၆-၉ ပီဂျီအေချန်ပီယံရှစ်ပ်တွင် အသက် ၂၂ နှစ်သာရှိသေးသော ဂျပန်နွယ်ဖွားအမေရိကန်ပရိုလေး ကော်လင်းမိုရီကာဝါနှင့် စက်တင်ဘာ ၁၇-၂၀ ယူအက်စ်အိုးပင်းတွင် အသက် ၂၇ နှစ်ရှိ ဒရိုက်ဗ်အလွန်ပြေးအောင် အမြဲကြိုးပမ်းနေသူဘရိုင်ဆန်ဒီရှမ်းဘိုးတို့ဖြစ်ကြသည်။ နိုဝင်ဘာ ၁၂-၁၅ မာစတာစ်မှာမူ (အီ)ဆောင်းပါးရေးချိန်၌ မကစားရသေးသဖြင့် အဖြေမသိနိုင်သေးသော်လည်း စာဖတ်သူများ လက်ဝယ်ဖတ်ရချိန်တွင် အဖြေသိနေကြပါလိမ့်မည်။

ဒီရှမ်းဘိုးက ဒရိုက်ဗ်ကို ကိုက်လေးရာရောက်အောင်ကြိုးပမ်းနေသူပါ။ သူကအရပ် ၆ ပေ ၁လက်မ မြင့်သော လူထွားကြီးဖြစ်သည့်အပြင် ကိုဗစ်ရပ်နားကာလအတွင်းက ကိုယ်အလေးချိန်ပေါင် ၂၀ ထပ်တိုးရန်လေ့ကျင့်ခဲ့သူဖြစ်သည်။ ယခုကိုယ်အလေးချိန် ၂၃၉ ပေါင်ရှိသည်။ ယူအက်စ်အိုးပင်းအား စက်တင်ဘာလတွင် ဗိုလ်စွဲစဉ်က ပျမ်းမျဒရိုက်ဗ်အပြေးဆုံးလူဖြစ်ခဲ့သည်။ ပီဂျီအေတိုး၏ စာရင်းဇယားတွင်ဒရိုက်ဗ်အကွာအဝေးကဏ္ဍ၌ ပျမ်းမျ ၃၄၄.၄ ကိုက်ဖြင့် ပထမနေရာတွင်ရှိနေသည်။ ဒပ်စ်တင်းဂျွန်ဆင်က ၃၃၃.၈ ကိုက်ဖြင့် ဒုတိယနေရာ၌ရှိသည်။ ဒီရှမ်းဘိုးက စက်တင်ဘာ ယူအက်စ်အိုးပင်းဗိုလ်စွဲပြီးနောက်၊ နောက်ထပ်တစ်ပွဲသာ ဝင်ကစားခဲ့ပြီး မာစတာစ် အတွက်ပြင်ဆင်နေပါသည်။ ကိုယ်အလေးချိန်နောက်ထပ် ပေါင် ၂၀ တိုးစေဦးမည်ဖြစ်ပြီး စည်းမျဉ်းကခွင့်ပြုသည့် အရှည်ဆုံးဂေါက်တံဖြစ်သော ၄၈ လက်မဒရိုက်ဗာနှင့် ကိုက်လေးရာရောက်အောင် လေ့ကျင့်နေခဲ့သည်။ ရပ်ဖ်မထားရှိသော မာစတာစ်ကျင်းပရာ သြဂတ်စ်တာနေရှင် နယ်ကွင်းနှင့် ကိုက်သည်ဟုဆိုသည်။ အဖြေကိုတော့ နိုဝင်ဘာမာစတာစ်တွင်ရော၊ ဧပြီမာစတာစ်တွင်ပါ စောင့်ကြည့်ရပါမည်။

မေဂျာပွဲကြီးလေးပွဲ ဗိုလ်စွဲပြီးဖြစ်သည့် ရော်ရီမက်ကဲလ်ရွိုင်းအတွက်လည်း မာစတာစ်က အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျန်မေဂျာသုံးမျိုးအား သူဗိုလ်စွဲနိုင်ခဲ့ပြီး လေးမျိုးစလုံးအောင်နိုင်သူဖြစ်ရန်မှာ ဤမာစတာစ်တစ်မျိုးကျန်နေသောကြောင့်ပါ။ ငါးလအတွင်း နှစ်ကြိမ်သူကြိုးစားခွင့်ရပါမည်။ နိုင်မှလည်း ဂရန်စလမ်း (Grand Slam) ခေါ် မေဂျာပွဲကြီးလေးမျိုးစလုံး၌ အောင်ပွဲရသူဖြစ်လာပါမည်။ ၂၀၁၁ ခုနှစ်က သူ ဗိုလ်စွဲရန်အနီးစပ်ဆုံးဖြစ်ခဲ့ပါသည်။ သုံးရက်အပြီးတွင် ဒုတိယရနေသူများအပေါ် လေးချက်ဖြတ်ကာ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နေခဲ့ပြီးမှ နောက်ဆုံးနေ့တွင် အချက် ၈၀ ရိုက်မိသွားကာ အဆင့်ပူးတွဲ ၁၅ သာချိတ်ခဲ့သည်။ ထိုအကြွေးကို သူဆပ်ချင်နေသည်။

နောက်ဆုံးကျင်းပခဲ့သည့် မာစတာစ်ပြိုင်ပွဲကြီး (၂၀၁၉ ဧပြီ) ၏ချန်ပီယံမှာတိုက်ဂါးပါ။ အသက် ၄၄ နှစ်ရှိသူတိုက်ဂါးသည် မာစတာစ်ငါးကြိမ်အပါအဝင် မေဂျာပွဲကြီးပေါင်း ၁၅ ပွဲဗိုလ်စွဲထားပါသည်။ သူ့ထက်အကြိမ်များသူဆို၍ ၁၈ ပွဲဗိုလ်စွဲခဲ့သူဂျက်စ်နစ်ကလပ်စ်သာရှိပေရာ တိုက်ဂါးက ထိုစံချိန်ကိုမီရန် ကြိုးပမ်းနေသူလည်း ဖြစ်သည်။ လက်ရှိကစားနေကြသူများအနက် တိုက်ဂါးပြီး လျင် မေဂျာပွဲကြီးများ၌ အကြိမ်အများဆုံးအောင်နိုင်ထားကြသူများမှာ ဖီးလ်မစ်ကယ်ဆင် ငါးကြိမ်၊ မက်ကဲလ် ရွိုင်းလေးကြိမ်၊ ဘရွတ်စ်ကက်ကာလေးကြိမ်၊ ပက်ဒရိတ်ဟာရင်တန် သုံးကြိမ်နှင့်၊ ဂျော်ဒန်စပိသ် သုံးကြိမ်တို့ ဖြစ်ကြသည်။

မာစတာစ်၌ ဗိုလ်စွဲနိုင်ခြေအရှိဆုံးဟု တစ်ပေးခြင်းခံရသူများမှာ ဒပ်စ်တင်းဂျွန်ဆင်၊ ဂျွန်ရမ်း၊ ဂျပ်စ်တင်တွမ်မတ်စ်၊ ဘရိုင်ဆန်ဒီရှမ်းဘိုး၊ ရော်ရီမက်ကဲလ်ရွိုင်းတို့ပါ။ လက်ရှိကမ္ဘာ့အဆင့်တစ် ဒပ်စ်တင်းဂျွန်ဆင်မှာ အောက်တိုဘာလအတွင်းက ကိုဗစ်နိုင်တင်းပိုးတွေ့၍ CJ Cup (အောက်တိုဘာ ၁၅-၁၈) ပြိုင်ပွဲမစမီမှာပင် နုတ်ထွက်ခဲ့ရပါသည်။ ကမ္ဘာ့နံပါတ်တစ်ဟောင်းနှင့် မာစတာစ်ချန်ပီယံဖြစ်ဖူးသူ အဒမ်စကော့တ်လည်း ထို့အတူပင် Zo Zo Ch (အောက်တိုဘာ ၂၂-၂၅) ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။ ကိုဗစ်ပိုးထိခဲ့သဖြင့် ပီဂျီအေတိုးပြိုင်ပွဲများမှ နုတ်ထွက်ခဲ့ရသောအခြား ပရိုများမှာ နစ်ခ်ဝပ်တ်နီ၊ ကင်မရွန်း ချန့်မ်၊ ဒင်နီမက်ကာသီ၊ ဒိုင်လန်ဖရစ်တယ်လီ၊ ဟဲရစ်စ် အင်္ဂလိရှ်၊ ချပ်ဒ်ကင်းမ်ဘဲလ်၊ ဂရေဆန်မားရေး၊ ဘရင်ဒန်ဂရေ့စ်၊ ဆမ်ဟော့စ်ဖီးလ်၊ စကော့တီရှက်ဖလာ၊ တိုနီဖီးနောင်းတို့ပါ။ သို့သော်လည်း အားလုံးပင် ရက်သတ္တပတ်သုံးပတ်ခန့်အကြာ၌တွင် ပြန်လည်ကစားနိုင်ခဲ့ကြပါသည်။

ပထမလာမည့် မာစတာစ်မှာနိုဝင်ဘာတွင်ဖြစ်ပေရာ ဧပြီလကဲ့သို့ နေ့တာရှည်သောကာလမဟုတ်ပါ။ နေ့တာတိုသည့်အတွက် ပထမနှင့်ဒုတိယကွင်းပတ်များကို သုံးယောက်တစ်တွဲစီ တီခုံနှစ်ခုခွဲ၍ တာလွှတ်မည်ဟုဆိုပါသည်။ မာစတာစ်သည် ယခင်ကဆိုပါလျင် အမြဲတမ်းပင် အားလုံးက အမှတ်တစ်တီခုံမှသာတာထွက်ကြရသည်။ အမှတ်တစ်ဆယ်တီခုံမှတာလွှတ်လေ့မရှိပါ။ ယခု ၂၀၂၀ ပွဲမှာမူ ကိုဗစ်နှောက်သဖြင့် အစဉ်အလာတွေပျက်ကုန်သည်။ တတိယနေ့တွင် ထိပ်ဆုံးလူ ၅၀ နှင့် အဆင့် ၅၀ တွင် တိုက်နေသူများသာ ဆက်ကစားခွင့်ရကြပါမည်။ ဤနေ့တွင် အမှတ်တစ်တီခုံတစ်ခုတည်းမှပင် နှစ်ယောက်တစ်တွဲတာလွှတ်မည်ဟု ဆိုထားပြီး နောက်ဆုံးနေ့တွင်မူ ကျင်းပြတ်ကျင်းပိုကစားရနိုင်သည့် အခြေအနေကို ထည့်သွင်းစဉ်းစားသောကြောင့် တီခုံနှစ်ခုမှစ၍ တာလွှတ်ဦးမည်ဟုဆိုပါသည်။ ပွဲကြည့်ပရိသတ်များကိုလည်း မြင်တွေ့ရမည်မဟုတ်ပါ။

စီနီယာတန်းရောက်လျင်ရောက်ချင်း၊ နှစ်ပွဲဆက်တိုက် ဗိုလ်စွဲသူနှစ်ဦး

ယခင်လများက အသက် ၅၀ ကျော်များ၏ PGA Tour Champions ခေါ် စီနီယာတိုးတွင် စတင်ပါဝင်ကစားလျင် ကစားချင်းအောင်ပွဲရခဲ့ကြသော ဂျင်မ်ဖျူးရစ်ခ်နှင့် ဖီးလ်မစ်ကယ်ဆင်တို့အကြောင်းဖော်ပြခဲ့ပါသည်။ စက်တင်ဘာ ၁၈-၂၀ က ကျင်းပခဲ့သော Pure Insurance Ch တွင် ဂျင်မ်ဖျူးရစ်ခ်က ဒုတိယမြောက်ပွဲအဖြစ်ပါဝင်ကစားခဲ့ရာ ဗိုလ်စွဲခဲ့ပြန်ပါသည်။ အောက်တိုဘာ ၁၆-၁၈ က ကျင်းပခဲ့သော Dominion Energy Charity Classic တွင် ဖီးလ်မစ်ကယ်ဆင်က ဒုတိယမြောက်ပွဲအဖြစ်ပါဝင် ကစားခဲ့ရာ သူလည်း ဗိုလ်စွဲပြန်ပါသည်။ စီနီယာတန်းတွင် စတင်ပါဝင်ကစားသည့် နှစ်ပွဲဆက်တိုက်ဗိုလ်စွဲနိုင်ခဲ့ကြသူများမှာ ရာဇဝင်တွင်လေးဦးရှိပါပြီ။ ပထမနှစ်ဦးမှာ အာနိုးပါးလ်မားနှင့် ဘရုစ်ဖလိုင်ရှာတို့ ဖြစ်ကြသည်။

ဖျူးရစ်ခ်သည် နောက်ထပ်ပါဝင်ကစားခဲ့သော သုံးပွဲတွင်မူဗိုလ်မစွဲနိုင်တော့ပါ။ မစ်ကယ်ဆင်ကမူ ပီဂျီ အေတိုးတွင်လည်း အသက် ၅၀ မပြည့်သူများနှင့်အတူ ပါဝင်ယှဉ်ပြိုင်ဆဲဖြစ်၍ စီနီယာတန်းတွင် တတိယအကြိမ် ပါဝင်ကစားခြင်းမရှိသေးပါ။ ကစားခဲ့လျင်တော့ သုံးပွဲဆက်တိုက်အောင်မြင်မှုရမလား စောင့်ကြည့်ရပါမည်။

အယ်လ်ပီဂျီအေတိုး၏ ပြိုင်ပွဲများ

အမျိုးသမီးဂေါက်ပြိုင်ပွဲများလည်း ကိုဗစ်လျော့သွားချိန်တွင် ပြန်လည်စတင်ခဲ့ရာ ၂၀၂၀ ၏ အမျိုးသမီးမေဂျာပွဲကြီး ငါးပွဲအနက် Evian Ch မှလွဲ၍ ကျန်လေးပွဲက ယခုနှစ်အတွင်းမှာပင် ကျင်းပရန်စီစဉ်ခဲ့ပါသည်။ ဒီဇင်ဘာ ၁၀-၁၃ တွင်ကျင်းပမည့် ယူအက်စ်အမျိုးသမီးအိုးပင်းမှလွဲ၍ ကျန်သုံးပွဲပြီးခဲ့ပြီဖြစ်ရာ မေဂျာပြိုင်ပွဲကြီးများ ဗိုလ်မစွဲဖူးသူများဗိုလ်စွဲသွားကြောင်းတွေ့ရပါသည်။ အမျိုးသမီးဗြိတစ်ရှ်အိုးပင်း (သြဂုတ် ၂၀-၂၃) တွင် ဂျာမနီမှ ဆိုဖီယာပေါ့ပေါ့ဗ်၊ ANA Inspiration (စက်တင်ဘာ ၁၀-၁၃) တွင် ကိုရီးယားသူ မီရင်လီး၊ အမျိုးသမီးပီဂျီ အေချန်ပီယံရှစ်ပ် (အောက်တိုဘာ ၈-၁၁) တွင် ကိုရီးယားမှပင်ဖြစ်သူ ဆေယောင်ကင်းမ်တို့အောင် ပွဲရခဲ့ပါသည်။

ပေါ့ပေါ့ဗ်ဗိုလ်စွဲမှုအား ယခင်လက တင်ပြခဲ့ပြီးဖြစ်ပါသည်။ ဒုတိယမေဂျာဖြစ်သော ANA ပွဲတွင် နောက်ဆုံးနေ့ နောက်ဆုံးကျင်းကအလွန်စိတ်ဝင်စားစရာဖြစ်ခဲ့ ပါသည်။ ကမ္ဘာ့အဆင့်သုံး နယ်လီကော်ဒါ၊ ကမ္ဘာ့အဆင့်ကိုး ဘရွတ်ခ်ဟန်ဒါဆင်နှင့် ကမ္ဘာ့အဆင့် ၉၄ မီရင်လီးတို့ကို ထိပ်ဆုံးသုံးနေရာ၌ ရှိခဲ့ကြပြီး ၁၇ ကျင်းအပြီးတွင် ကော်ဒါက ၁၅ ချက်လျော့၊ ဟန်ဒါဆင်က ၁၄ ချက်လျော့နှင့် မီရင်လီးက ၁၃ ချက်လျော့ဖြစ်နေခဲ့ကြသည်။ နောက်ဆုံးကျင်းမှာ နှစ်ချက်နှင့်ရောက်နိုင်သောပါဖိုက်ဖြစ်သည်။ မီရင်လီးက နှစ်ချက်နှင့်ဂရင်းကျော်အောင် ရိုက်နိုင်ခဲ့ပြီး ချစ်ပ်လုပ်သည့်အခါ အီဂယ်လိမ့်ဝင်သွားသဖြင့် ၁၅ ချက်လျော့ဖြစ်လာသည်။ ဟန်ဒါဆင်ကလည်း တူးအွန်ရိုက်နိုင်ခဲ့ပြီး တူးပတ်ဖြင့် ဘာဒီရခဲ့သဖြင့် ၁၅ ချက်လျော့ပင်ဖြစ်ပါသည်။ ကော်ဒါအနေဖြင့်မူ ဘာဒီရလျင်ဗိုလ်စွဲပါပြီ။ သို့သော် သူကဒရိုက်ဗ်ဖဲဝေးတွင်မရှိဘဲ ရပ်ဖ်ထဲရောက်သဖြင့် ‘ပါ’ သာရကာ သူတို့ သုံးဦး ၁၅ ချက်လျော့တွင်တိုက်နေကြပြီး ကျင်းပြတ်ကျင်းပိုကစားခဲ့ကြရသည်။

ကျင်း ၁၈ တွင်ပင် ကစားခဲ့ကြရာ ကော်ဒါကဖဲဝေးပျောက်ပြီး သရီးအွန် ‘ပါ’သာရပြန်သည်။ ဟန်ဒါဆင်က တူးအွန်ပြီး သရီးပတ်ဖြစ်ခဲ့ရာ’ပါ’သာရပြန်သည်။ မီရင်လီးက ယခင်အကြိမ်ကလိုပင် နှစ်ချက်နှင့်ဂရင်းလွန်အောင်ရိုက်ခဲ့ပြီး ကျင်းပေါက်နှင့်ငါးပေအကွာသို့ရောက်အောင် ချစ်ပ်လုပ်နိုင်ခဲ့ကာ ဘာဒီပတ်ကိုလည်း ဝင်အောင်သွင်းနိုင်သဖြင့် ဗိုလ်စွဲသွားပါသည်။ ကမ္ဘာ့အဆင့်ဇယားတွင်အမှတ်စဉ် ၉၄ မှ ၂၁ သို့တက်ရောက်လာသည်။ ကော်ဒါက ကမ္ဘာ့အဆင့်နှစ်သို့လည်းကောင်း၊ ဟန်ဒါဆင်ကကမ္ဘာ့အဆင့် ခြောက်သို့လည်းကောင်း ရောက်ရှိလာကြပါသည်။

တတိယမေဂျာဖြစ်သော အမျိုးသမီးပီဂျီအေချန်ပီယံရှစ်ပ်တွင် ကမ္ဘာ့အဆင့် ခုနစ်၌ရှိနေသူ ဆေယောင်ကင်းမ် ဗိုလ်စွဲသွားပြီး ကမ္ဘာ့အဆင့်နှစ်ဖြစ်လာသည်။ သူကမေဂျာပွဲကြီးသာ ဗိုလ်မစွဲဖူးခြင်းဖြစ်ပြီး အခြားအယ်လ်ပီဂျီအေတိုးပွဲ ဆယ်ပွဲပင်ဗိုလ်စွဲထားပြီးသူပါ။ ဤမေဂျာပွဲကြီးတွင်မူ ပထမနေ့က တစ်ချက်ပိုသာ ရိုက်နိုင်ခဲ့သော်လည်း ကျန်သုံးရက်တွင် ငါးချက်လျော့၊ သုံး ချက်လျော့၊ ခုနစ်ချက်လျော့များ အသီးသီးရခဲ့ပြီး ပေါင်း ၁၄ ချက်လျော့ဖြင့် ဒုတိယရသူကို ငါးချက်ပင် ဖြတ်ကာ ဗိုလ်စွဲခဲ့ခြင်းပါ။

ယခုနှစ် အယ်လ်ပီဂျီအေတိုးရာသီသည် နှစ်ပတ်ဆက်တိုက်လာမည် ယူအက်စ်အမျိုးသမီးအိုးပင်း (ဒီဇင် ဘာ ၁၀-၁၃) နှင့် CME Group Tour Ch (ဒီဇင်ဘာ ၁၇-၂၀) တို့အပြီးတွင် ပိတ်ပါတော့မည်။ ထိုနှစ်ပွဲအပြီးတွင်မှ တစ်နှစ်တာဆုကြေးအများဆုံး၊ တစ်နှစ်တာပျမ်းမျရိုက်ချက်အနည်းဆုံး၊ တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးမယ်ဆုများ ထွက်ပေါ်လာပါမည်။

ဖိလစ်ပိုင်ဂေါက်သီးမယ်လေး ဘီယံကာပက်ဒန်ဂနန်

အယ်လ်ပီဂျီအေတိုးတွင် တစ်ရှိန်ထိုး နာမည်ထွက်လာသူလေးမှာ ယခုနှစ်တွင်မှ စတင်ခြေချခွင့်ရသူ ဖိလစ်ပိုင်ဂေါက်သီးမယ်လေး ဘီယံကာပက်ဒန်ဂနန်ဖြစ်ပါသည်။ သူကလေးနာမည်ကြီးရခြင်းမှာပြေးလွန်းလှသည့် ဒရိုက်ဗ်ရိုက်ချက်များကြောင့်ပါ။ ကိုဗစ်ဖြေလျော့ကာလ ဇူလိုင်လကုန်တွင်မှ စတင်ကစားရသောသူကလေးသည် ခြောက်ပွဲသာကစားရသေးသော်လည်း တစ်နှစ်တာဆုကြေးဇယားတွင်ရပြီး ဆုကြေးငွေဒေါ်လာ ၁၈၆,၂၆၆ ဖြင့် အဆင့် ၄၃ ၌ရောက်ရှိနေပါသည်။ ကစားပြီးသမျ ခြောက်ပွဲတွင် တတိယတစ်ပွဲ၊ ပူးတွဲအဆင့်ကိုး တစ်ပွဲအဆင့်ချိတ်နိုင်ခဲ့ သည်။ အယ်လ်ပီဂျီအေတိုး၏ ကိန်းဂဏန်းအခြေပြဇယားများ၏ ဒရိုက်ဗ်အကွာအဝေးရရှိမှုတွင် စောစောပိုင်းက မက္ကစီကိုသူလေးမာရီယာဖတ်စီက ၂၈၂.၂ ကိုက်ဖြင့် ပထမနေရာတွင်ရှိနေပြီး နယ်သာလန်သူအန်းဗင်ဒမ်းက ၂၈၁.၈ ကိုက်ဖြင့် ဒုတိယနေရာ၌ ရှိနေပါသည်။ ဘီယံကာလေး ပုံမှန်ပါဝင်ကစားခွင့်ရပြီးနောက် သူ၏ ကိန်းဂဏန်းများယူသည့်အခါ ၂၈၈.၇ ကိုက်ပင် စာရင်းရရှိကာ ပထမနေရာသို့ ရောက်သွားပါသည်။ သူကလေးက ထွားကြိုင်းသူလည်းမဟုတ်ပါ။ အရပ် ၅ ပေ ၄ လက်မနှင့် ကျစ်ကျစ်လျစ်လျစ်ကိုယ်ခန္ဓာရှိသူလေးပါ။ အရပ် ၅ ပေ ၁၀ လက်မမြင့်သူ ဗန်ဒမ်းကို ကျော်လွန်အောင်ရိုက်နိုင်ခြင်းမှာ တော်ရုံအစွမ်းအစမဟုတ်ပါ။ အားလုံးအံ့သြကုန်ကြသည်။ အားလုံးစောင့်ကြည့်ကြရသည်။ ဂေါက်သီးကြယ်တစ်ပွင့်ပေါ်ထွက်လာပြီဟု ညွှန်းဆိုကြသည်။

ယခုနှစ်အောက်တိုဘာလ ၂၈ ရက်က ၂၃ နှစ်ပြည့်ခဲ့သော သူကလးသည် အသက် ၁၈ နှစ်အရွယ်က အမေရိကန်ပြည်ထောင်စု၊ အာရီဇိုးနားတက္ကသိုလ်သို့ စတင်တက်ရောက်ခဲ့သည်။ တက္ကသိုလ်တက်နေစဉ်မှာပင် နိုင်ငံကိုယ်စားပြု၍ ဂေါက်သီးပြိုင်ပွဲများဝင်ကစားခဲ့ရာ ၂၀၁၈ အာရှအားကစားပွဲတော်၌ အမျိုးသမီးဂေါက်သီး တစ်ဦးချင်းတတိယနှင့် အသင်းလိုက်ရွှေတံဆိပ်၊ ၂၀၁၉ အရှေ့တောင်အာရှအားကစားပွဲတော်၌ တစ်ဦးချင်းရော အသင်းလိုက်ပါ ရွှေတံဆိပ်ရခဲ့သည်။ အာရီဇိုးနားတက္ကသိုလ်အသင်းကို ကိုယ်စားပြု၍ ၂၀၁၈ ခုနှစ်က အမေရိကန်တက္ကသိုလ်များ ဂေါက်သီးပြိုင်ပွဲတွင် အသင်းလိုက်ရွှေတံဆိပ်ရခဲ့သည်။ သူကလေးကကွင်းပတ်ရိုက်ချက်စံချိန်ဖြစ်သော ၆၁ ချက်ကွင်းပတ်ကို နောက်ဆုံးနေ့ကရိုက်နိုင်ခဲ့မှုက အသင်းအတွက် အထောက်အကူများစွာရခဲ့သည်။ ၂၀၂၀ နှစ်ဆန်းတွင်မှ ပရိုပြောင်းကာ Q School အောင်၍ အယ်လ်ပီဂျီအေတိုး၌ အခြေချခွင့်ရခဲ့ခြင်းပါ။

သူကလေးက မကြာခဏကိုက်သုံးရာအထိ ရောက်ကြောင်းတွေ့ခဲ့ကြရသည်။ သူကလေး၏ သရီး ဝွတ်ဂေါက်တုတ်ပင် ၂၄၅ ကိုက်ရောက်သည်။ သူ့ဖခင်က ဘီယံကာသည် အယ်လ်ပီဂျီအေတိုး၌ ပျမ်းမျဒရိုက်ဗ် အကွာအဝေးကိုက်သုံးရာရသည့် ပထမဆုံးအမျိုးသမီး ပရိုဖြစ်အောင် ကြိုးစားမည်ဟု ဆိုထားပါသည်။

မာစတာစ်ပြိုင်ပွဲကြီး၏ရလဒ်

နိုဝင်ဘာလ ၁၅ ရက် တနင်္ဂနွေနေ့တွင် မာစတာစ်ပြိုင်ပွဲကြီးပြီးစီးခဲ့ပါသည်။ ဗိုလ်စွဲသွားသူကတော့ ကမ္ဘာ့နံပါတ်တစ်ဒပ်စ်တင်းဂျွန်ဆင်ပါ။ သူကပထမကွင်းပတ်အပြီးကတည်းက ခုနစ်ချက်လျော့ ၆၅ ချက်ရိုက်ကာ ပူးတွဲဦးဆောင်ခဲ့သည်။ ဒုတိယကွင်းပတ်အပြီးတွင်လည်း ပေါင်း ကိုးချက်လျော့ဖြင့် ပူးတွဲဦးဆောင်သူဖြစ်ဆဲပါ။ ထိုနေ့က ပူးတွဲဦးဆောင်သူများတွင် ဂျွန်ရမ်းနှင့် ဂျပ်စ်တွမ်မတ်စ် တို့လည်း ပါဝင်ခဲ့ရာ ကမ္ဘာ့အဆင့် တစ်၊ နှစ်၊ သုံး၊ သုံး ယောက်စလုံးက ဦးဆောင်နေခြင်းဖြစ်ခဲ့ပါသည်။ တတိယကွင်းပတ်တွင် ဂျွန်ဆင်ကခုနစ်ချက်လျော့ထပ်ရပြန်ရာ ပေါင်း ၁၆ ချက်လျော့ဖြင့် ဒုတိယရသူများအပေါ် လေးချက်သာကာ တစ်ဦးတည်းဦးဆောင်သူ ဖြစ်လာသည်။ နောက်ဆုံးကွင်းပတ်တွင် လေးချက်လျော့ထပ်ရခဲ့ပြီး ပေါင်းအချက် ၂၀ လျော့ဖြင့် ဒုတိယရသွားသူ ကိုရီးယားမှ ဆန်ဂျေအင်းမ်နှင့် သြစတြေးလျမှ ကင်မရွန်းစမစ်သ်တို့ အပေါ် ငါးချက်ဖြတ်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါသည်။

ဂျွန်ဆင်၏အချက် ၂၀ လျော့သည် မာစတာစ်စံ ချိန်သစ်ဖြစ်လာသည်။ ယခင်စံချိန်မှာ တိုက်ဂါးနှင့် ဂျော်ဒန်စပိသ်တို့ရခဲ့သော ၁၈ ချက်လျော့ဖြစ်သည်။ ယမန်နှစ်ချန်ပီယံတိုက်ဂါးသည် ကျင်း ၁၂ ပါသရီးကျင်း၌အဖြစ်ဆိုးခဲ့သည်။ သူ၏တီရှော့တ်က ဂရင်းစောင်းထောက်ကာ ရေထဲကျသည်။ တိုက်ခတ်နေသောလေကိုအတွက် မှားသွားခဲ့သည်ဟု သူကပြောပြသည်။ ချောင်းငယ်နောက်က တတိယရိုက်ချက်ကလည်း စပင်းများလွန်းကာနောက်ပြန်လိမ့်ပြီး ရေထဲကျပြန်သည်။ ပဉ္စမအချက်က ဂရင်းကျော်ကာဘန်ကာထဲကျသည်။ ဘန်ကာထဲမှ ခြောက်ချက်မြောက်ရိုက်လိုက်ရာ ဂရင်းကျော်ပြီး ချောင်းထဲကျပြန်သည်။ အချက်ပေးကာဘန်ကာထဲကပင် ရှစ်ချက်မြောက်ရိုက်ခဲ့ရပြီး တူးပတ်ဖြင့် ဆယ်ချက်ဖြစ်ခဲ့ခြင်းပါ။ သို့သော်သူက တကယ့်ချန်ပီယံတစ်ဦး၏ လက် ရုံးရည်နှင့် နှလုံးရည်ကိုပြနိုင်ခဲ့သည်။ ကျန်ခြောက်ကျင်းတွင် ဘာဒီငါးကျင်းရခဲ့ခြင်းပါ။ နောက်ဆုံးလေးကျင်းက ဆက်တိုက်ဖြစ်သည်။ သူကပေါင်းတစ်ချက်လျော့ဖြင့် အဆင့်ပူးတွဲ ၃၈ သာချိတ်နိုင်သည်။

အသက် ၃၆ နှစ်ရှိ ဂျွန်ဆင်အတွက် ဒုတိယမြောက် မေဂျာအောင်ပွဲဖြစ်ပါသည်။ သူက ပီဂျီအေတိုးစုစုပေါင်း ၂၄ ပွဲဗိုလ်စွဲထားပြီး ပီဂျီအေတိုးတွင် ၁၄ ရာသီ ဆက်တိုက်နှစ်တိုင်း အောင်ပွဲရသူဖြစ်လာသည်။ အရပ် ၆ ပေ ၄ လက်မမြင့်ပြီး အလွန်သန်စွမ်းသောသူသည် ပီဂျီအေတိုးတွင် နှစ်စဉ် ဒရိုက်ဗ်အပြေးဆုံး ငါးဦးထဲ၌စာရင်းပါခဲ့သူပါ။ လာမည့်မေဂျာပွဲကြီးများတွင်လည်း သူ့ကို ဗိုလ်စွဲနိုင်ခြေအရှိဆုံးအဖြစ် တစ်ပေးကြပါလိမ့်ဦးမည်။ ၂၀၂၁ ခုနှစ်၏ ပထမဆုံးကျင်းပမည့် မေဂျာပွဲကြီးကလည်း မာစတာစ်ပင်ဖြစ်ပြီး ဧပြီလဒုတိယပတ်တွင် ဤကွင်း၌ပင်ကျင်းပပါမည်။ စောင့်ကြပါစို့။