မရေရာသောအနာဂတ်နှင့် မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍ

ကိုဗစ်-၁၉ကြောင့် ထိခိုက်မှုအများဆုံးသော လုပ်ငန်းကဏ္ဍတွေထဲမှာ လူသားအရင်းအမြစ် အများဆုံးသုံးရတဲ့ အထည်ချုပ်လုပ်ငန်းပါဝင်ပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း ဥရောပနှင့် နိုင်ငံတကာရှိ ဖက်ရှင်ကုမ္ပဏီကြီးများက အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီသော အမှာများကို ဖျက်သိမ်းခဲ့တာကြောင့် ဖနွမ်းပင်၊ ဒါကာနှင့် ရန်ကုန်မြို့ကြီးများက အထည်ချုပ်စက်ရုံများ ရာနှင့်ချီပိတ်သိမ်းမှုရဲ့နောက်ဆက်တွဲက အလုပ်အကိုင်ပေါင်း ထောင်သောင်းချီပြီးဆုံးရှုံးမှုများ ကိုဖြစ်ပေါ်စေခဲ့ပါတယ်။

ကိုဗစ်-၁၉ ပထမလှိုင်းအလွန်ကာလများအတွင်းမှာ ဆိုင်ရာလုပ်ငန်းအသီးသီးမှ မိမိတို့၏လုပ်သားများကို နည်းမျိုးစုံဖြင့်ပံ့ပိုးတောင့်ခံနေရခြင်းဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအစိုး ရအသီးသီးထံမှ အထောက်အပံ့များကိုလည်း အတိုင်းအတာတစ်ခုအထိရရှိခဲ့ခြင်းကြောင့် တစ်တပ်တစ်အား အားရှိခဲ့ခြင်းဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းသဘောသဘာဝအရ စက်တင်ဘာနှင့် နောက်ပိုင်းလများတွင် ရာသီဖက်ရှင်အထည်များနှင့် အမှာများရလေ့ရှိတာ ကြောင့် နိုင်ငံတွင်းမှ လုပ်ငန်းရှင်များအနေဖြင့်လည်း ထိုကဲ့သို့အမှာများရရှိနိုင်အောင် အပူတပြင်းကြိုးစားနေကြရပါတယ်။

အမှာရခြင်း၊ မရခြင်းသည် စိန်ခေါ်မှုကြီးမားသကဲ့သို့ တစ်ပြိုင်နက်တည်းမှာပင် အနည်းဆုံးလုပ်ခလစာနှုန်းထားကိစ္စ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းခြင်းကိစ္စများသည်လည်း ပြည်တွင်း အထည်ချုပ်လုပ်ငန်းရှင်များအဖို့ စိန်ခေါ်မှုများဖြစ်နေသည်။

လုပ်ငန်းရှင်များဘက်မှ မည်သို့ပင်ကြိုးစားစေကာမူ အထည်ချုပ်လုပ်ငန်းကဏ္ဍ အလားအလာမှာ ကိုဗစ်-၁၉ နှင့်တိုက်ရိုက်ပတ်သက်နေသည်။ နိုင်ငံတကာတွင် ကိုဗစ်-၁၉ ကို ထိန်းချုပ်နိုင်ပြီး ဈေးကွက်များပြန်ကောင်းလာလျှင် လုပ်ငန်းအတွက်မျှော်လင့်ချက်ရှိမည်။ အနည်းဆုံးလုပ်ခလစာနှုန်းထားများဆူဆူညံညံမငြိမ်မသက်မဖြစ်လျှင် အလုပ်ရှင်နှင့်ဝန် ထမ်းတို့အကြား လက်တွဲမဖြုတ်ဘဲ အပြန်အလှန်နားလည်မှုဖြင့် ကိုဗစ်-၁၉ အခက်အခဲ ကာလကို ကျော်ဖြတ်နိုင်ကောင်း ကျော်ဖြတ်နိုင်မည်။ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်အောင် ထိန်းကျောင်းပေးနိုင်လျှင် တစ်ပူပေါ်နှစ်ပူဆင့်ဆိုသကဲ့သို့ အရှုံးပေါ်၊ အရှုံး မပိဘဲ လုပ်ငန်းရှင်တို့ အထိုက်အလျောက်တောင့်ခံနိုင်မည်။ အစိုးရတာဝန်ရှိသူများဘက်မှ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှုများများပေးနိုင်သော အထည်ချုပ်လုပ်ငန်းကဏ္ဍအတွက် အကူအညီအထောက်အပံ့များ၊ အခွန်အခကင်းလွတ်ခွင့်များနှင့် အခြားသော ပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်လျှင် ပြည်တွင်းအလုပ်လက်မဲ့နှုန်းကို သင့်တင့်လျောက်ပတ်သည့်ပမာဏ ထိန်းချုပ်လျော့ကျစေနိုင်မည်ဖြစ်သည်။

ထို့အတွက် ပြည်တွင်းအထည်ချုပ်လုပ်ငန်းကဏ္ဍနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်အချို့ ကို ပကတိမြေပြင်အခြေအနေများနှင့် အလားအလာများ၊ စိန်ခေါ်မှုများကို တွေ့ဆုံမေးမြန်း ရေးသားဖော်ပြလိုက်ရပါသည်။

ဦးကျော်ဝင်း
Managing Director
Tri-Diamond Trading Co Ltd & Tri-Sea Co Ltd

မြန်မာ့အထည်ချုပ်လုပ်ငန်းအခြေအနေများနဲ့ လက်ရှိစိန်ခေါ်မှုများ

မြန်မာ Garment Industry ကတော့ ဒီရေလိုပဲ တက်လိုက်ကျလိုက်နဲ့ သွားနေပါတယ်။ ဟိုးအရင် ဈေးကွက်စီးပွားရေးမဖွင့်ခင်မှာကတည်းက မဆလအစိုးရလက်ထက်မှာ နိုင်ငံပိုင်အထည်ချုပ်စက်ရုံတွေလေးငါးရုံလောက်ရှိခဲ့ပါတယ်။ ဒီစက်ရုံတွေက မြန်မာ့အထည်အလိပ်လုပ်ငန်းကနေ လုပ်ကိုင်တဲ့အထည်ချုပ်စက်ရုံတွေဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ဈေးကွက်စီးပွားရေးစနစ်ပြောင်းလဲကျင့်သုံးတဲ့အချိန်မှာ နိုင်ငံတော်အစိုးရ၊ မြန်မာ့အထည်အလိပ်လုပ်ငန်း၊ စီးပွားရေးဦးပိုင်ကော်ပိုရေးရှင်းတို့ ဖက်စပ်လုပ်ဆောင်မှုကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ဝင်ရောက်လာပါတယ်။ ဝင်ရောက်လာပေမယ့် အဲဒီအချိန်မှာပုပ္ပလိဂ္ဂအထည်အချုပ်လုပ်ငန်းတွေမရှိသေးပါဘူး။ ပုဂ္ဂလိကကဏ္ဍအထည်ချုပ် စတင်လုပ်ကိုင်ခဲ့တဲ့အချိန်ကတော့ ၁၉၉၄ ခုနှစ် လောက်ကမှ စတင်လုပ်ကိုင်တာဖြစ်ပါတယ်။ ကျွန်တော်တိုကုမ္ပဏီအနေနဲ့လည်း အဲဒီအချိန်လောက်မှ ပုဂ္ဂလိကအထည်ချုပ်စက်ရုံအဖြစ် ဖြစ်ထွန်းလာတာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အထည်ချုပ်လုပ်ငန်းတော်တော်များများက အမေရိကန်ဈေးကွက်ကို ဦးစားပေးထုတ်လုပ်ကြတာများပါတယ်။ ၉၀ ရာခိုင်နှုန်းလောက်က အမေရိကန်ဈေးကွက်အတွက်ချုပ်ကြပြီးတော့ ၁၀ ရာခိုင်နှုန်းလောက်က ဥရောပဈေးကွက်အတွက် ချုပ်ကြပါတယ်။ ဒါပေမယ့် ၂၀ဝ၃ ခုနှစ်မှာ အမေရိကန်က စီးပွားရေးပိတ်ဆို့တာဖြစ်တဲ့အတွက် အထည်ချုပ်လုပ်ငန်းက အဲဒီအချိန်မှာ မှေးမှိန်သွားပါတယ်။ အမေရိကန်စီးပွားရေး မပိတ်ဆို့ခင်က မြန်မာနိုင်ငံမှာအထည်ချုပ်စက်ရုံပေါင်း ၅၀ဝ နီးပါး ဖြစ်ထွန်းခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့တဲ့ကာလ ၂၀ဝ၃ ခုနှစ် ကနေ ၂၀ဝ၆ ခုနှစ်လောက်အတွင်းမှာ စက်ရုံရာဂဏန်း လောက်ပဲကျန်ပါတော့တယ်။ ၂၀ဝ၆ ခုနှစ်နောက်ပိုင်းအထည်ချုပ်လုပ်ငန်း ပြန်ကောင်းလာပြီးတော့ အမေရိကန်အနေနဲ့လည်း ၂၀၁၂ ခုနှစ်မှာ စီးပွားရေးပိတ်ဆို့မှုကို ပြန်လည်ဖြေလျော့ပေးခဲ့ပါတယ်။ ဒါပေမယ့် အထည်အချုပ်လုပ်ငန်းရဲ့ တိုးတက်မှုအရှိန်အဟုန်က သိပ်ပြီးမရှိသေးပါဘူး။ ဒါပေမယ့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ဥရောပသမဂ္ဂကနေအခွန်သက်သာခွင့်တွေကို ပေးလိုက်တဲ့အချိန်မှာ အထည်ချုပ်လုပ်ငန်းတွေတရှိန်ထိုး တိုးတက်လာပါတယ်။ အခုချိန်မှာ မြန်မာ့အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ စက်ရုံပေါင်း ၆၀ဝ ခန့်ရှိပါတယ်။ အသင်းဝင် တာရော အသင်းမဝင်တာရောစက်ရုံအကြီးအသေးစုစုပေါင်း ၇၀ဝ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အမေရိကန် စီးပွားရေးပိတ်ဆို့မှုမတိုင်ခင်တုန်းကရှိတဲ့ စက်ရုံ ၅၀ဝ လောက်ရဲ့လုပ်သားအင်အားကတစ်ရုံကို ၅၀ဝ ဝန်းကျင်လောက်ရှိပြီးတော့ အခု ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာ ရှိတဲ့စက်ရုံတွေရဲ့ အရွယ်အစားကတော်တော်ကွာခြားသွားပါတယ်။ အခုနောက်ပိုင်းစက်ရုံတစ်ရုံရဲ့ လုပ်သားအင်အားက ပျမ်းမျှ ၂,ဝဝဝ လောက်ရှိပါတယ်။ အခုချိန်ထိဆိုရင် မြန်မာ့အထည်ချုပ်လုပ်ငန်းတွေထဲမှာ လုပ်သားအင်အား ငါးသိန်းလောက်ရှိမယ်လို့ စာရင်းဇယားတွေမှာ တွေ့ရပါတယ်။

ကိုဗစ်ကြောင့် ဖြစ်ပေါ်လာတဲ့အထည်ချုပ်အတွင်းက ပြောင်းလဲနေထိုင်ရမယ့်ပုံစံသစ်တွေနဲ့ပတ်သက်လို့လည်း ပြောပြပေးပါ။

ပထမဆုံး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းကို ကိုဗစ်ကရိုက်ခတ်တာကတော့ တရုတ်ပြည်မှာ စရိုက်ခတ်တဲ့အချိန်မှာ တရုတ်ပြည်ရဲ့စက်ရုံတွေရပ်သွားတယ်။ မြန်မာပြည်အထည်ချုပ်လုပ်ငန်းရဲ့ ကုန်ကြမ်းကတရုတ်အထည်စက်ရုံတွေပါ။ တရုတ်အထည်ချုပ်ကိုမှီရတဲ့အတွက် ဖေဖော်ဝါရီလလောက်မှာကုန်ကြမ်းပြတ်လပ်တယ်ဆိုတဲ့ ပြဿနာတွေပထမဆုံးထိခိုက်သွားတယ်။ ကုန်ကြမ်းပြတ်လပ်တဲ့အတွက် လုပ်သားအင်အားလျှော့ချတာတွေ၊ စက်ရုံတွေယာယီပိတ်တာတွေ ဖြစ်ပါတယ်။ ကိုဗစ်က ကမ္ဘာကပ်ရောဂါအနေနဲ့ ကျွန်တော်တို့လိုကုန်ဝယ်တဲ့ နိုင်ငံတွေကိုရိုက်ခတ်တဲ့အချိန်မှာ ကိုဗစ်ရဲ့ Impact က သိသိသာသာဖြစ်သွားတယ်။ ကျွန်တော်တို့ဆီကကုန်ဝယ်တဲ့သူတွေ၊ အထည်ဝယ်တဲ့သူတွေက ပြတ်လပ်မှုဖြစ်သွားတဲ့အချိန်မှာ အဲဒီနိုင်ငံမှာရှိတဲ့ ဝယ်သူတွေက အိမ်ပြင်မထွက်တော့ဘူး။ အိမ်ပြင်မထွက်ရတဲ့အတွက် သူတို့မှာဈေးဝယ်ဖို့ဆိုတာလည်း မရှိတော့ဘူး။ အဲလို ဖောက်သည်တွေကို အားကိုးပြီးရောင်းတဲ့ International Brand တွေကသူတို့ရဲ့ချုပ်လုပ်ပြီးတဲ့ အဝတ်အထည်တွေကို မရောင်းရတဲ့အတွက် ကျွန်တော်တို့ဆီကိုလည်း အော်ဒါမအပ်တော့ပါဘူး။ ဒီပြောင်းလဲမှုကြီးက မြန်မာနိုင်ငံမှာရှိနေတဲ့အထည်ချုပ်လုပ်ငန်းတွေကို မူလကမထင်ခဲ့တဲ့ Impact တွေလာပြီး ရိုက်ခတ်ခဲ့ပါတယ်။

အခုလက်ရှိ အခြေအနေမှာတော့ ဝယ်သူရဲ့ဝယ်လိုအားကျဆင်းမှုက အဆိုးဆုံးအချိန်ကိုတော့ လွှတ်မြောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်မတိုင်ခင်ရဲ့ဝယ်လိုအားအခြေအနေကိုတော့ ပြန်မရောက်သေးပါဘူး။ တစ်ဖက်ကတော့ တစ်ကမ္ဘာလုံးအနေနဲ့ အဝတ်အထည်ဝယ်လိုအားကို ကြည့်မယ်ဆိုရင်ရာခိုင်နှုန်း ၃၀/ ၄၀ လောက်လျော့ကျသွားတယ်လို့ ပညာရှင်တွေကခန့်မှန်းကျပါတယ်။ ရာခိုင်နှုန်း ၃၀ / ၄၀ လောက် လျော့ကျသွားတဲ့ အဝတ်အထည်မှာမှ အထူးသဖြင့်ဖက်ရှင်ထည်တွေက အဓိကပါပါတယ်။ ကျန်တဲ့မဝတ်မဖြစ်တဲ့အထည်တွေကတော့ ဒီကာလမှာ ထိခိုက်မှုနည်းနည်းလေးသက်သာပါတယ်။

အခုတစ်ကမ္ဘာလုံးမှာ ဝယ်တဲ့သူတွေက လူစု၊ လူဝေးနဲ့သွားရောက်ပြီး ဝယ်ရတဲ့ Supply Chain တွေ၊ ဆိုင်တွေကို မသွားကြတော့ပါဘူး။ သွားမယ်ဆိုလည်း မဖြစ်မနေ အကာအကွယ်လေးနဲ့ပဲ သွားကြတယ်ဆိုတော့ Paid User ကို ရောင်းချတဲ့ Supply Chain Network က တော်တော်လေးကို ပျက်သွားပါတယ်။ ကံကောင်းတာကတော့ ဒီလို Face to Face မကြည့်ဘဲ အွန်လိုင်းပေါ်ကနေဝယ်တဲ့စနစ်ကိုကူးသွားပါတယ်။ အွန်လိုင်းပေါ်ကနေဝယ်တဲ့အချိန်မှာ ဘာတစ်ခုသာလာလဲဆိုတော့ Fashion Wear တွေကို ဝယ်ဖို့ရာအဆင်ပြေလာကြတယ်။ ဒါပေမယ့်ကိုယ့် Body နဲ့တိုင်းပြီးဝယ်ရတဲ့အဝတ်အထည်မျိုးကျတော့ အခုထက်ထိ Recovery ပြန်ပြီးမရသေးပါဘူး။ အားလုံးကိုခြုံကြည့်မယ်ဆိုရင် ကိုဗစ်ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံက အများနည်းတူ ထိခိုက်တာကတော့ရှိပါတယ်။ ဒါပေမယ့် တဖက်ကနေပြီးတော့ မြန်မာနိုင်ငံအနေနဲ့ပြောမယ်ဆိုရင်တော့ GSP အခွန်ကြေးက အခု အောက်တိုဘာဆိုရင် ကျွန်တော်တို့နဲ့ အိမ်နီးချင်းဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက GSP အခွန်ကြေးကပြီးဆုံးသွားပါပြီ။ အဲတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ချုပ်လုပ်နေတဲ့ ဥရောပသွားမယ့်အထည်တွေရဲ့အော်ဒါတွေကကျွန်တောတို့နိုင်ငံကိုပြောင်း ရွေ့လာနေကြပြီပဲဖြစ်ပါတယ်။ ကျွန်တော်တို့က အများ သူငါကံဆိုးတဲ့ထဲကသူများလောက်တော့ ကံဆိုးတဲ့ထဲ မပါနေဘူးလို့ ခန့်မှန်းလို့ရပါတယ်။

နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတွေအကြောင်းပြောပေးပါဦး

တကယ်တော့ အထည်ချုပ်လုပ်ငန်းက နိုင်ငံတော်ရဲ့ ဝင်ငွေမှာဘယ်လောက်မှမရှိပါဘူး။ ဝင်ငွေနဲ့ပတ်သက်ပြီး ရှင်းပြရမယ်ဆိုရင် မြန်မာပြည်မှာက လက်ခစားနဲ့ပဲချုပ်ကြပါတယ်။ အထည်တစ်ခုက ၁၀ ဒေါ်လာတန်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ချုပ်ခက တစ်ဒေါ်လာထက် ပိုမရပါဘူး။ အခုမြန်မာနိုင်ငံကနေ နိုင်ငံတကာကိုတင်ပို့နေတာဆိုရင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ(သန်း ၃၀ဝဝ)လောက်ရှိနေပါပြီ။ ဒီလောက်ရပေမယ့် ကျွန်တော်တို့ရတဲ့ချုပ်ခက ဒေါ်လာသန်း ၃၀ဝ လောက်ပဲရှိပါတယ်။ ဒါကပြောရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ရဲ့ဂျီဒီပီကို အများကြီး မပံ့ပိုးပေးနိုင်သေးပါဘူး။ ဒါပေမယ့်အနှစ်သာရရှိတာ ကတော့ အထည်ချုပ်လုပ်ငန်းမှာလုပ်နေတဲ့လုပ်သားတွေက ပထမအချက်ကအမျိုးသမီးလုပ်သားများတယ်၊ ဒုတိယအချက်က အထည်ချုပ်လုပ်သားတွေအတွက် လိုအပ်တဲ့ ပညာအရည်အချင်းကသိပ်မမြင့်မားဘူး။ တတိယအချက်က အရိပ်ထဲမှာပဲ အေးအေးဆေးဆေးလုပ်လို့ရတဲ့အတွက် တိုင်းပြည်မှာ အလုပ်လုပ်နိုင်တဲ့အရွယ် လုပ်သားတွေကို အလုပ်ပေးနေတဲ့အတွက် တိုင်ပြည့်ရဲ့ လူမှုစီးပွားရေးကို တစ်ထောင့်ကနေ ကူညီဖြည့်တည်းပေးနေတဲ့အတွက် အင်မတန်ကိုအခရာကျတဲ့လုပ်ငန်းကြီးတစ်ခုအဖြစ်နဲ့ရှိပါတယ်။

ဥပမာဆိုရင် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေ မှာအထည်ချုပ်လုပ်ငန်းတွေရဲ့ အလုပ်သမားတွေကြောင့်တိုင်းပြည်က အခြေခံလူတန်းစားဝင်ငွေတိုးတက်ပြီးတော့ တိုင်းပြည်တိုးတက်နေတာကို မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ အထည်ချုပ်လုပ်ငန်းကနေနိုင်ငံတော်ရဲ့ ဂျီဒီပီကိန်းဂဏန်းကိုကြည့်မယ့်အစား ဒီလုပ်ငန်းမှာအခြေခံကျတဲ့ လူတန်းစားလုပ်သားအင်းအားတွေ အလုပ်အကိုင်ရရှိတယ်ဆိုတဲ့အချက်နဲ့တင် အစိုးရအနေနဲ့ ဒီလုပ်ငန်းကို ပံ့ပိုးသင့်တဲ့လုပ်ငန်းတစ်ခုလို့ထင်ပါတယ်။

ဥပမာ တရုတ်ပြည်ရဲ့အထည်ချုပ်လုပ်ငန်းမှာ လုပ်သားအင်အားအများကြီးကို လုပ်ငန်းတွေပေးတဲ့အတွက် တရုတ်ပြည်ရဲ့ အထည်ချုပ်ကနေExport ကို နိုင်ငံတော်ကနေ ၁၇ ရာခိုင်နှုန်းကို ပြန်ပြီးတော့ ပံ့ပိုးပေးနေတာတွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ အထည်ချုပ်လုပ်ငန်းတွေကို အစိုးရကနေပံ့ပိုးတယ်ဆိုတာ အရင်တုန်းကမရှိခဲ့ပါဘူး။ ဒါပေမယ့် အခုကိုဗစ်ကာလမှာ အထည်ချုပ်လုပ်ငန်းတွေ ယိမ်းယိုင်မသွားအောင်ဆိုပြီး နိုင်ငံတော်ကအတိုးနှုန်းနည်းတဲ့ချေးငွေတွေ ထုတ်ပေးပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့ MGMA အဖွဲ့ဝင် ၆၀ဝ လောက်ထဲမှာမှ ၃၀ကျော်လောက်ပဲ ချေးငွေရကြပါတယ်။ ကျန်တဲ့သူတွေကတော့ စည်းမျဉ်းစည်းကမ်းဘောင် မဝင်တဲ့အတွက်ချေးငွေမရကြပါဘူး။

ကုမ္ပဏီအနေနဲ့ လက်တလောနဲ့ အနာဂတ်အတွက် ပြင်ဆင်နေမှု အပိုင်း

ပထမဆုံးကိုဗစ်ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့လည်း ပြာယာခတ်သွားတယ်။ ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ နောက်တစ်ခါ ကျွန်တော်တို့ အထည်ချုပ်လုပ်ငန်းတွေမှာ တစ်ဦးနဲ့တစ်ဦးဝန်ထမ်းတစ်ယောက်နဲ့တစ်ယောက်က သုံးပေကနေခြောက်ပေထိပဲခွာထားလို့ရပါတယ်။ ဒီထက်ပိုပြီး ခြောက်ပေထားမယ်ဆိုရင် ကျွန်တော်တို့နေရာမလုံလောက်တာနဲ့ အကယ်၍များ Awareness ကပိုပြီးတင်းကျပ်သည်ပဲဖြစ်စေ ကျွန်တော်တို့နိုင်ငံမှာအများကြီးပျံ့နှံ့ သည်ပဲဖြစ်စေ အဲ့ဒီလိုသာဆိုရင် ကျွန်တော်တို့ အထည်ချုပ်လုပ်ငန်းကြီးဟာ လုပ်လို့ရလိမ့်မယ်တောင် မဟုတ်ဘူးလို့ ကျွန်တော်တို့ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ကျန်း မာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ နောက်တစ်ခါ နိုင်ငံတော်အစိုးရရဲ့ကိုဗစ်ကာကွယ်ရေးစီမံချက်တွေနောက်ပြီး ကျွန်တော်တို့အောက်ကလုပ်သားတွေက ကျန်းမာရေးအတွက်ပေးတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာတဲ့အတွက် သာမန်အရပ်သားကြားထဲမှာ ကိုဗစ်ပျံ့နှံ့မှုကတော်တော်ကိုနည်းပါတယ်။ အဲ့ဒီလို ပျံ့နှံ့မှုနည်းတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုကတအားမဆိုးရွားသွားဘဲနဲ့ ထိန်းချုပ်လို့ရနိုင်တဲ့အနေအထားမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့လုပ်ငန်းတွေကလည်း ဆက်လက်ရပ်တည်နေပါတယ်။ ခုနကပြောခဲ့သလိုပဲ တစ်မိုးအောက်ထဲမှာ လူတစ်သောင်းလောက် ဆက်နွယ်မှုရှိတဲ့အတွက် အဲ့ဒီလူတွေရှိတဲ့စက်ရုံမှာအကယ်၍များ ကိုဗစ်-ဗိုင်းရပ်စ်တစ်ယောက်နှစ်ယောက်များတွေ့ရင် ကျွန်တော်တို့စက်ရုံကြီးက Lockdown ချရမယ့် အနေအထားဖြစ်ပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးကိုရောက်ခဲ့ရင် ကျွန်တော်တို့ လုပ်ငန်းတွေရှေ့ဆက်ဖို့တော်တော် ခဲယဉ်းသွားမှာပါ။ အခုကာကွယ်ဆေးတွေဘာတွေပေါ်နေ ပြီလို့ကြားတဲ့အတွက် လူတွေရဲ့နေထိုင်မှုပုံစံပြောင်းလဲလာတာမှန်ပေမယ့် ကမ္ဘာ့ဈေးကွက်၊ ကမ္ဘာ့စီးပွားရေးတွေတော့ တဖြည်းဖြည်းနဲ့ ပြန်နလန်ပြန်ထူရလာမယ်လို့ယူဆတဲ့ အတွက် ကျွန်တော်တို့လုပ်ငန်းတွေရဲ့ အလားအလာကတော့ ယခုလက်ရှိအခြေအနေကနေပြီးတော့ ပိုပြီးဆိုးစရာမရှိဘူးလို့ ယူဆမိပါတယ်။

အထည်ချုပ် CMP တွရပ်နားလိုက်တဲ့အတွက် လက်ရှိဈေးကွက်အခြေအနေဘယ်လိုရှိပါသလဲ။

ဈေးကွက်ကအစကတည်းက သိပ်အကောင်းကြီး မဟုတ်ခဲ့ဘူး။ ဖြစ်ဖို့များတာကတော့အော်ဒါတွေ တခြားနိုင်ငံကိုပြောင်းသွားဖို့များတယ်။ လက်ရှိကကျန်းမာရေးက အဓိကကျတဲ့အတွက် စက်ရုံတွေပိတ်ပြီး လုပ်သားတွေရောဂါမကူးအောင် အဓိကထားလုပ်ပေးနေပါတယ်။ ဒါကတော့ ပထမဦးစားပေးပါ။

လုပ်ငန်းဆက်လက်ရှင်သန်နိုင်ရေးဆိုရင်လည်း အလုပ်သမားတွေက အလုပ်မလုပ်ရတဲ့ ၁၄ ရက်မှာ လုပ်ခရမရဆိုတာကိုပူပန်နေသလိုအလုပ်ရှင်တွေဘက်ကလည်း ကုန်ထုတ်လုပ်မှုမရှိဘဲ လစာပေးဖို့အတွက် ခက်ခဲနေပါတယ်။ လူမှုဖူလုံရေးကတော့ အလုပ်မလုပ်ရတဲ့ရက်တွေကို ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေကနေ ၄၀ ရာခိုင်နှုန်းပေးမယ်လို့ ကြေညာပါတယ်။

ဒီ ၄၀ ရာခိုင်နှုန်းက စားဝတ်နေရေးကို ဖြည့်ဆည်းဖို့လောက်ပဲရပါမယ်။ လုံလောက်ပိုလျှံတဲ့အထိတော့ မဖြစ်နိုင်ပါဘူး။ ဒီ ၁၄ရက် နဲ့ ရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်အောင်ပဲ ဆုတောင်းရမယ့် အခြေအနေဖြစ်ပါတယ်။ ထိန်းချုပ်နိုင်ပြီး ၁၄ ရက်ကျော်သွားရင်တော့ အားလုံးသတိဝီရိယလေးနဲ့ အလုပ်ပြန်လုပ်နိုင်ရင်တော့ ကျွန်တော်တို့အထည်ချုပ်လုပ်ငန်းက သိပ်ပြီးအခြေမပျက်ဘဲ ဆက်လုပ်နိုင်မယ်လို့ယူဆလို့ရပါတယ်။

တတ်နိုင်သမျှလုပ်လို့ရတဲ့အချိန်မှာ အော်ဒါတွေကိုလွယ်လွယ်နဲ့ဝယ်သူလိုချင်တဲ့အချိန်မြန်မြန်ရောက်အောင် ထုတ်လုပ်ပေးဖို့ဆိုတာတွေကတော့ ဒီအချိန်မှာစက်ရုံတွေမှာရှိတဲ့ စီမံခန့်ခွဲသူနဲ့ အလုပ်သမားတွေသဟဇာတဖြစ်ပြီး ကုန်ထုတ်လုပ်မှုအင်အားကောင်းကောင်းနဲ့လုပ်နိုင်ဖို့ အလုပ်ရှင်များအားလုံးကို တိုက်တွန်းထားပါတယ်။ ဒီအချိန်မှာ ပဋိပက္ခတွေများနေမယ်ဆိုရင်တော့ ကုန်ထုတ်လုပ်မှုက ကျန်းမာရေးကို စိုးရိမ်ရတာတစ်ခု၊ ကုန်ထုတ်လုပ်မှုမကောင်းဘူးဆိုရင်တော့ အလုပ်အပ်သူတွေ ကျွန်တော်တို့နိုင်ငံကနေ စွန့်ခွာသွားမှာကိုစိုးရိမ်ရပါတယ်။

ဒေါ်ကြွေကြွေဇင်
Executive Director
Maple Trading Co Ltd
Garment Manufacturing

မြန်မာ့အထည်ချုပ်လုပ်ငန်းအခြေအနေနဲ့ လက်ရှိစိန်ခေါ်မှုများ

လက်ရှိစိန်ခေါ်မှုဆိုရင်တော့အမှာ အင်မတန်ရှားနေတယ်။ အလုပ်ရှင်တွေအနေနဲ့ကလည်း ဝန်ထမ်းတွေကို အလုပ်မပေးနိုင်မှာ သိပ်စိတ်ပူပြီး အလုပ်လုပ်လို့မရဘူး။ အမှာမရှိဘဲနဲ့ ဝန်ထမ်းတွေကို ရေရှည်ခန့်ထားနိုင်ဖို့ကလည်း ခက်ခဲတယ်။ ကိုယ့်ဝန်ထမ်းတွေနဲ့လည်း နှစ်ပေါင်းများစွာ လက်တွဲလာတဲ့အခါကျတော့ သူတို့အခက်အခဲဖြစ်မှာလည်း စိုးရိမ်နေရပါတယ်။

ကမ္ဘာ့အထည်ချုပ်လုပ်ငန်းရဲ့ အလားအလာကို သုံးသပ်ပြောပြပေးပါ။

ကမ္ဘာ့ Garment Industry အနေနဲ့ကပြောရမယ်ဆိုရင် အခုချိန်မှာအဝတ်အထည်တွေထက် နေရေး၊ စားရေး၊ ကျန်းမာရေးက အဓိကအရေးကြီးဆုံးဖြစ်နေတဲ့အတွက် အဝတ်အထည်က ပထမဦးစားပေးထဲမှာ မပါဘူးဖြစ်နေပါတယ်။ အဲဒီအတွက်ကြောင့် အရောင်းအဝယ်တွေက အကုန်လုံးလျော့ကျသွားတယ်။ အခုဆိုရင် ကျွန်မတို့က ဥရောပရောဂျပန်ရောချုပ်တယ်။ ဥရောပကတော့ ပို့ဖြစ်တာများတယ်။ ဒါပေမဲ့ ဂျပန်ကကောင်းနေတယ်ဆိုပြီး ဂျပန်အော်ဒါတွေရနေတဲ့အချိန်မှာပဲ ဂျပန်က ဒုတိယကိုဗစ်လှိုင်းဝင်သွားတဲ့အတွက် အမှာတွေရပ်သွားတယ်။ ဂျပန်အော်ဒါတွေ တော်တော်လျော့သွားတယ်။ ကမ္ဘာမှာ ဂျပန်လည်းလျော့တယ်။ ဥရောပလည်းလျော့တယ်။ အမေရိကန်လည်းလျော့တဲ့အခါမှာ Garment ရဲ့ အခြေအနေကအများကြီးကျသွားတယ်။ အဲဒီအတွက်ကြောင့် ကိုးလပိုင်း၊ ဆယ်လပိုင်း နောက်ပိုင်းမှာ အော်ဒါအခက်အခဲရှိမှာကို စိတ်ပူနေရပါတယ်။ အော်ဒါပြန်လာမလား မလာဘူးလားဆိုတာတော့ ကိုဗစ် -၁၉ အခြေအနေနဲ့ အများကြီးသက်ဆိုင်တယ်။ ကိုဗစ်-၁၉ ကို ထိန်းချုပ်သွားနိုင်တယ်ဆိုရင်တော့ ပြန်ပြီးတော့ကောင်းလာနိုင်ပါတယ်။

နိုင်ငံတော်ရဲ့ ကူညီပံ့ပိုးမှုအပိုင်း

နိုင်ငံတော်ကတော့ အခု ကိုဗစ်-၁၉ ကြောင့် ပံ့ပိုးပေးပါတယ်။ ပံ့ပိုးတာကလည်း နိုင်ငံတော်အနေနဲ့ အများနဲ့ လုပ်ပေးရတာဖြစ်တဲ့အတွက်ကြောင့် သူကလည်းအများကြီး မပံ့ပိုးနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဆယ်လပိုင်း ၁၁ လပိုင်းတွေမှာ အော်ဒါတွေရဲ့ အခြေအနေကဘယ်လိုလာမယ်ဆိုတာ မသိနိုင်သေးဘူး။ မနှစ်ကဒီဇင်ဘာလောက်မှာချုပ်ပြီးတော့ နှစ်လပိုင်းမှာပို့ရမယ့် အထည်တွေက ခုထိမပို့ရသေးဘူး။ Customer တွေကအခုထိမယူသေးဘူး။ ကျွန်မတို့ စက်ရုံထဲမှာဆိုရင် အဲဒီအထည်ငါးသောင်းကျော်လောက်ကဒီတိုင်းရှိနေတယ်။ အဲဒါတွေကို မပို့ရတဲ့အတွက်ကြောင့် ချုပ်ခမရဘူး။ ချုပ်ခမရတဲ့အတွက်ကြောင့် ငွေကြေးပိုင်းကတော့ ပိုပြီးတော့လိုတယ်။ အစိုးရအနေနဲ့ကျတော့ တစ်နှစ်ပဲပေးတယ်။ တစ်နှစ်အတွင်းမှာ ဒီဟာကိုအကုန်ပြန်ဆပ်ဆိုတဲ့အတွက်ကြောင့် တစ်ဖက်မှာလည်း ဆပ်နိုင်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေရှိတယ်။ နိုင်ငံတော်ကတော်တော်များများလည်း ဖြေလျှော့ပေးပါတယ်။ ဒါပေမဲ့ တော်တော်များများဖြေလျှော့၊ ကူညီပံ့ပိုးမှုတွေပေးဖို့ လိုအပ်သေးတယ်လို့ထင်ပါတယ်။

ကိုဗစ်ကြောင့် ဖြစ်ပေါ်လာတဲ့အထည်ချုပ်လုပ်ငန်းကဏ္ဍအတွင်းက New Normal Norms များ

စက်ရုံတွင်းမှာ အလုပ်ရှင်နဲ့ဝန်ထမ်း ပိုပြီးနားလည်မှုရလာတယ်။ ပိုပြီးစည်းလုံးမှုတွေရလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရှင်တွေကလည်း ကိုယ့်အခက်အခဲတွေကိုဝန်ထမ်းတွေကိုချပြတယ်။ ပြောပြတဲ့အခါကျတော့လည်း ဝန်ထမ်းတွေအကုန်လုံးကလည်း လက်ခံကြတယ်။ ကျွန်မတို့နိုင်ငံရဲ့ ထုတ်လုပ်မှုစွမ်းအားက တခြားတိုင်းပြည်တွေနဲ့ယှဉ်ရင် အများကြီးလျော့နည်းနေတယ်။ အဲဒီတော့ ဒါလေးတွေကိုလည်း သူတို့ကိုရှင်းပြတယ်။ ရှင်းပြတဲ့အခါကျတော့ ရတဲ့ချုပ်ခတွေလည်း အခုဆိုရင် အရင်နှုန်းထက်ကို ၁၀ ကနေ ၅၀ ရာခိုင်နှုန်းထက်ကို လျော့နည်းလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကမ္ဘာလုံးမှာ ဒီလိုမျိုးဖြစ်နေတဲ့အတွက်ကြောင့် သူတို့တွေရဲ့ချုပ်ခကလည်း လျော့နည်းလာတယ်။ ဟိုဘက်ကရောင်းအားတွေ မကောင်းတာ လည်းပါတယ်။ ဟိုဘက်မှာလည်း စတိုးဆိုင်တွေအများကြီးပိတ်ကြတယ်။ ဈေးလျှော့ပေးမှရမယ့် အော်ဒါအခက်အခဲတွေဖြစ်လာတဲ့အခါကျတော့ ကိုယ်တွေက အဲဒါတွေကိုရှင်းပြတယ်။ ပြောပြတယ်။ ဒီတော့ ကလေးတွေကနားလည်တယ်။ ပိုပြီးတော့ ကြိုးစားလာတယ်။ အလုပ်ရှင်နဲ့ ဝန်ထမ်းပိုပြီးပူးပေါင်းမှု စည်းလုံးမှုပိုရလာတယ်။ ဒါကကျွန်မတို့အတွက်အကျိုးအမြတ်တစ်ခုပါ။

ကုမ္ပဏီအနေနဲ့ လက်တလောနဲ့ အနာဂတ်အတွက် ပြင်ဆင်နေမှုအပိုင်း

ကိုဗစ်ကြောင့် ပြဿနာတွေအမျိုးမျိုး ရင်ဆိုင်နေရတဲ့အချိန်မှာ ကျွန်မတို့ကလည်း အော်ဒါတွေကိုမရရအောင်ရှာရတယ်။ ကိုယ့်ဆီမှာတဲ့အော်ဒါတွေကိုလည်း ဘယ်လောက်ပဲပေးပေး ဘယ်လောက်ဈေးပဲ လျှော့လျှော့ကိုယ်ကယူကိုယူနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်းတွေကို အရှုံးခံပြီးတော့ ဒီအချိန်မှာလုပ်ပေးလိုက်ရင် နောက်ပိုင်းပြီးသွားလို့ ပြန်ကောင်းလာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ အရှုံးခံပြီးတော့ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီးလုပ်တယ်။ ဝန်ထမ်းတွေကိုလည်း ပြောပြရတယ်။ ဒီအချိန်မှာ လစာတိုးဖို့တွေမမျှော်လင့်ပါနဲ့။ ခုချိန်မှာ ဘယ်လိုမှတော့လစာမတိုးပေးနိုင်ဘူး။ ရတဲ့ချုပ်ခနဲ့ ကြာကြာလေး တောင့် ခံနိုင်ဖို့ ကိုယ်တွေလည်းရုန်းကန်နေရတဲ့အတွက် သူတို့ ကိုလည်းဒါတွေကို ဝိုင်းပြီးကူညီပေးဖို့ပြောပြပြီး အားလုံးရေရှည်သွားနိုင်အောင် စီစဉ်ထားပါတယ်။

အထည်ချုပ် CMP တွေပိတ်လိုက်တဲ့အတွက် လက်ရှိဈေးကွက် အခြေအနေဘယ်လိုရှိပါသလဲ။

နှစ်ပတ်ရပ်နားလိုက်တာနဲ့ပတ်သက်ပြီး ကျွန်မတို့ Meeting တော့လုပ်နေတယ်။ ၂၄ ရက်ထွက်မယ့်အထည်တွေကတော့ ကျွန်မတို့ ၂၂၊ ၂၃ ပြီးနိုင်အောင်လုပ်နေတယ်။ ၂၈ ရက်ထွက်မယ့် အထည်တွေကတော့ မပြီးသေးပေမယ့် အမြန်ထွက်ခိုင်းနေရတယ်။ အစကတော့ ၂၈ ရက်မှအကုန်ထွက်မယ်။ ဒါပေမဲ့ အခုတော့ပြီးသလောက်အကုန်ထွက်ခိုင်းနေပါတယ်။ ကျန်တဲ့ Buyer တွေနဲ့က ညှိနှိုင်းနေတုန်းပါပဲ။ အကုန်လုံးတော့မသိရသေးပါဘူး။ အခုက အထည်ချုပ်အသင်းအနေနဲ့လည်း Meeting တွေလုပ်နေတယ်။ ကိုယ့် Buyer တွေနဲ့လည်းဆွေးနွေးနေကြတုန်းပါ။ ကိုယ့် Buyer တွေအနေနဲ့ကျတော့လည်း ဒါကို ဘယ်လိုလုပ်ပေးမလဲ။ ဒါပေမဲ့ စိတ်ပူတာကကျတော့ ကိုယ့်ဆီကိုနောက်ပိုင်းလာမယ့် Order တွေမလာတော့ဘဲနဲ့ တရုတ်ပြည်ဘက်မှာချုပ်လိုက်တာတို့ဆိုရင် စက်ရုံတွေဒုက္ခရောက်ကုန်မှာပါ။

ဈေးကွက်အခြေအနေကတော့ လောလောဆယ် Order တွေက ဆယ်လပိုင်း ၁၁ လပိုင်းနဲ့ တချို့အထည်တွေဆိုရင် တစ်လပိုင်းထိလက်ခံထားတဲ့ Order တွေရှိတယ်။ အဲဒါက နှစ်ပတ်နောက်ဆုတ်လိုက်ရင်လည်း ပြန်ညှိနှိုင်းလို့ရမယ်။ ဒါပေမဲ့နှစ်ပတ်ပြီးရင်မဖွင့်ဘဲနဲ့ ထပ်ပြီးပိတ်မှာစိတ်ပူကြတယ်။ ဒါကြောင့် တချို့ Buyer တွေက ဒီဘက်ကိုမလာတော့ဘဲနဲ့ တရုတ်တို့ကမ္ဘောဒီးယားတို့ ဘက်သွားထားမှာကို စိတ်ပူတယ်။ တချို့ Buyer တွေကတော့ ဒီဘက်ကိုမလာတော့ဘဲနဲ့ ဟိုဘက်မှာပြောင်းချုပ်ဖို့စဉ်းစားနေကြပြီ။ ဘာဖြစ်လာမလဲတော့ သေချာမသိသေးပါဘူး။

ဒေါ် ခိုင်စံပယ်စိုး
Director
Myanmar GF Co Ltd

မြန်မာ့အထည်ချုပ်လုပ်ငန်းအခြေအနေနဲ့ လက်ရှိစိန်ခေါ်မှုများ

မြန်မာနိုင်ငံရဲ့လက်ရှိ Garment Industry ဟာ ကိုဗစ်-၁၉ ကာလအတွင်း အထူးသဖြင့် ဧပြီ၊ မေလတွေမှာ အထည်ချုပ်စက်ရုံတွေ၊ အထည်ချုပ်လုပ်ငန်းတွေရပ်တန့်သွားတာ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိလို့ ကုန်ကြမ်းပြတ်လပ်သွားတာ၊ တချို့သော နိုင်ငံခြားသားလုပ်ငန်းရှင်တွေ တိမ်းရှောင်သွားတာ၊ အလုပ်ရှင်အလုပ်သမားအငြင်း ပွားမှုတွေ ဖြစ်ပေါ်လာတာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအချိန်အထိ လုပ်ငန်းရပ်ဆိုင်းလိုက်တဲ့ စက်ရုံပေါင်း (CMP (Cut-Make-Pack) နှင့် အခြား) ၁၁၅ ရုံရှိပါတယ်။ ဒါအပြင် အလုပ်လက်မဲဖြစ်တဲ့ ဝန်ထမ်းတွေလည်းရှိပါတယ်။

ဇွန်၊ ဇူလိုင်လတွေမှာလည်း လုပ်ငန်းတွေတချို့ ပြန်လည်ပတ်နေပေမယ့် အရင်ကထက် အမှာ/အပ်ထည်တွေနည်းသွားပြီး၊ လမ်းပန်းဆက်သွယ်ရေးတွေလည်း ခက်ခဲနေသေးတဲ့အတွက် Accessories (Poly အိတ်၊ Hand Tag) တွေဆိုလည်း Export အမီရောက်နိုင်ဖို့ Courier Services (DHL ?၊ OCS) စတာတွေကိုသုံးပြီး ပို့နေ ရတာမျိုးရှိပါတယ်။ကိုဗစ်-၁၉ စဖြစ်ချိန်ကစပြီး ဇူလိုင်လအထိ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းကလည်း တဖြည်းဖြည်းကျဆင်းလာတာကလည်း လက်ရှိအချိန်မှာ လုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့ စီးပွားရေးဖိစီးမှုတစ်ခုဖြစ်နေပါတယ်။ ငွေလဲလှယ်နှုန်းက ကိုဗစ်-၁၉ မဖြစ်မီနဲ့ ယခုကာလမှာ ၁၀ ရာခိုင်နှုန်းလောက် ကွာခြားကျဆင်းသွားတာဖြစ်ပါတယ်။ အခုလက်ရှိစိန်ခေါ်မှုဆိုရင်တော့ ဝန်ထမ်းတွေကို လစဉ်ပုံမှန် လစာပေးနိုင်ဖို့နဲ့ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့ကသာအဓိကဖြစ်နေပြီး ဒါကိုပဲ ကြိုးစားနေရပါတယ်။

နိုင်ငံတော်ရဲ့ ကူညီပံ့ပိုးမှုအပိုင်း
ကျွန်မတို့အနေနဲ့တော့ ပြီးခဲ့တဲ့ဧပြီလတုန်းက ထုတ်ပေးတဲ့ လူမှုဖူလုံရေးထဲက ခံစားခွင့် ၄၀ ရာခိုင်နှုန်းကိုတော့ ရခဲ့ပါတယ်။
တစ်ခုရှိတာက အခုကာလကလုပ်ငန်းရှင်တွေက ဧပြီလကတည်းကစလို့ ဝန်ထမ်းလစာအပါအဝင် အထွေထွေစရိတ်စကတွေကို တောင့်ခံကျားကန်ထားရတာပါ။ ကိုဗစ်-၁၉ ဒုတိယလှိုင်းပြန်စလာရင်တော့ အတော်လေးခက်ခဲသွားမှာဖြစ်ပါတယ်။
ဒါအပြင် ကျွန်မတို့လိုနိုင်ငံခြားနဲ့ဖက်စပ်လုပ်ကိုင်နေတဲ့ကုမ္ပဏီက နိုင်ငံတော်အစိုးရကထောက်ပံ့တဲ့ချေးငွေကိစ္စမှာလည်း မပါပါဘူး။ ဘာပဲပြောပြော ကျွန်မတို့ကတော့ နိုင်ငံတော်အစိုးရဘက်က ဘယ်လိုအထောက် အပံ့တွေများရနိုင်မလဲဆိုတာကိုတော့ မျှော်လင့်မိပါတယ်။

ကုမ္ပဏီအနေနဲ့ လက်တလောနဲ့ အနာဂတ်အတွက် ပြင်ဆင်နေမှု အပိုင်း
Myanmar GF Company အနေနဲ့ Myanmar GF Company ရဲ့ CMP စနစ်မှာမှ Cut ၊ Manufacture လုပ်ပြီးတဲ့ကုန်ကြမ်း အထည်တွေကို Quality စစ်ဆေးပြီးရလာတဲ့ ကုန်ချောအထည်တွေကိုHand Tag တပ်၊ Poly ထည့်၊ Needle စစ်၊ Packingလုပ်ပြီး Export ထွက်တဲ့အထိ တာဝန်ယူဆောင် ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ကိုယ်တိုင်က အထည်စစ်လုပ်ငန်းဖြစ်တဲ့အတွက် စက်ရုံတွေပေါ်မှီပြီးလုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်မတို့လည်းကိုးလပိုင်း၊ ဆယ် လပိုင်းအတွက် အမှာရှာနေရတာမျိုးအခက်အခဲတွေလည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကျွန်မ ဂျပန်ဈေးကွက်အတွက် ၁၀ဝ ရာခိုင်နှုန်းအထည်စစ်ပေးတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ တော်တော်လေးကျဆင်းသွားတယ်ဆိုပေမယ့် ဒီအတိုင်းပဲ မှေးပြီးဆက်သွားနေမယ်လို့ထင်ပါတယ်။ ကိုဗစ်အလွန်မှာတော့ ပြန်ပြီးဈေးကွက်ကောင်းလာမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
Garment Industry က လူသားအရင်းအမြစ် အများဆုံးသုံးထားတာဖြစ်ပါတယ်။ ကျွန်မလုပ်ငန်းဆိုရင်လည်း ၉၀ ရာခိုင်နှုန်းက လူသားအရင်းအမြစ်ကို သုံးပါတယ်။ ကိုဗစ်-၁၉ ကာလမှာတော့ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းကြား ပိုမိုရင်းနှီးမှုတွေလည်းရရှိခဲ့ပါတယ်။ ပြီးတော့ ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့အတွက်၊ အခြားသော လုပ်ငန်းတူပြိုင်ဘက်လည်းများတဲ့အတွက် ကိုယ်ကအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မှ ဝယ်သူတွေဆီက အမှာတော်တော်များများကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အမှာများများရဖို့ လိုက်နေတဲ့အချိန်မှာ ဝန်ထမ်းတွေအနေနဲ့လည်း ကြိုးစားပြီးအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ကို ပြင်ဆင်ထားတယ်။ ဝန်ထမ်းတွေကိုယ်တိုင်လည်းနားလည်ပြီး ကြိုးစားလာတာတွေ့ရပါတယ်။ အခုအချိန်မှာတော့ အလုပ်ရှင်အလုပ်သမားဆိုတာထက် မိသားစုစိတ်ထားပြီးအတူလက်တွဲပြီး ဒီကာလမှာ လစဉ်ပုံမှန်လစာပေးနိုင်ဖို့ကို အဓိကထားပြီးလုပ်နေကြရပါ တယ်။ကိုဗစ်-၁၉ အလွန်မှာတော့ Effective Sales & Marketing Strategy နဲ့ ဈေးကွက်ချဲ့တွင်ပြီးပိုကောင်းတဲ့ Customer Service တွေနဲ့ လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။ နောက်ပြီးJapan GF Company နဲ့ Logistics လုပ်ငန်း၊ Garment Repair လုပ်ငန်းတွေကို အတူတိုးချဲ့ကာဆက်လက်လုပ်ကိုင်ဖို့လည်း အစီအစဉ်ရှိပါတယ်။

အထည်ချုပ် CMP တွေပိတ်လိုက်တဲ့အတွက်လက်ရှိဈေးကွက် အခြေအနေဘယ်လိုရှိပါသလဲ။

ဈေးကွက်ကတော့ လုံးဝပျောက်သွားတာမျိုးမဟုတ်ဘူး။ ဈေးကွက်ကတော့ ရှိနေတယ်။ ဒါပေမဲ့ ပုံမှန်ထက်နည်းသွားပြီ။ အခုအဓိကကြုံနေရတဲ့ပြဿနာက ဈေးကွက်၊ နောက်တစ်ခုကတော့ Exchange Lost ပါ။ ခုဆိုရင် ၂၀ ရာခိုင်နှုန်းနီးပါးလောက် Lost ဖြစ်သွားတယ်။ ကျွန်မတို့က လက်ခံပြီးလုပ်ထားရပြီးတော့ အဆိုင်းတွေနဲ့ရတယ်။ အဆိုင်းတွေက Export ထွက်ပြီးမှရတာဆိုတော့ ခုအချိန်မှာ Exchange Lost တွေကအများကြီးရှိတယ်။ ကိုဗစ်ကြောင့် တစ်နေ့တစ်နေ့ဝန်ထမ်းတွေကို Control လုပ်ရတာတွေရှိတယ်။ အခုလည်း နှစ်ပတ်ပိတ်မယ့် ပြဿနာတွေလည်းရှိပါတယ်။ ပိတ်မှလည်းရမယ်။ စက်ရုံတစ်ရုံနဲ့တစ်ရုံကူးသွားရင် အများကြီးဖြစ်ကုန်မယ်။ ပိတ်ချင်တယ်။ ဒါပေမဲ့ပိတ်ပြီးတဲ့အခါမှာ ဖြစ်လာမယ့် Cosequence တွေကရှင်းရမှာများပါတယ်။ Payment အနေနဲ့ လူမှုဖူလုံရေးကပေးမယ်လို့ပြောပါတယ်။ ဒီနှစ်ပတ်မှာလုပ်မယ့် အလုပ်တွေအကုန်လုံးက နောက်ကျသွားပြီ။ အောက်တိုဘာလကုန် အပြီးပို့ရမှာတွေ ရှိတယ်။ ပိတ်သွားတဲ့အတွက်ရှေ့ထွက်မယ့်ကိစ္စတွေမှာ ကျွန်မတို့ တော်တော်ပြဿနာတက်ပါတယ်။ ဒါပေမဲ့ ဖြစ်အောင် တော့ လုပ်နေရပါတယ်။

ထိန်းညှိတယ်ဆိုတဲ့နေရာမှာလည်း တစ်ဖက်က Customer ကိုနားလည်အောင်ရှင်းပြရပါတယ်။ကျွန်မတို့ခုသွားနေတဲ့ဦးတည်ချက်က အရှုံးမကြီးအောင် အရှုံးနည်းနည်းနဲ့ တောင့်ခံနေရတဲ့သဘောပါ။ ကိုယ့်ဝန်ထမ်းတွေကိုလည်း ဆက်ပြီးတော့ လစာပေးနိုင်ဖို့၊ Customer တွေအနေနဲ့ကလည်း ဈေးကွက်မပျောက်သွားဖို့ရော၊ Exchange Lost တွေရော၊ Pandemic ကြောင့်ဖြစ်တဲ့ Crisis တွေကိုရော ကျွန်မတို့ကလက်ရှိတောင့်ခံနေရပါတယ်။

ဒေါ်ဌေးဌေးအေး
President
Thiri Sandar Garment & General Trading CO-OP Society LTD

မြန်မာ့အထည်ချုပ်လုပ်ငန်းအခြေအနေနဲ့ လက်ရှိစိန်ခေါ်မှုများ

အခုလက်ရှိ Garment Industry အခြေအနေကတော့ တော်တော်လေး ခက်ခဲနေတာဖြစ်ပါတယ်။ ကိုဗစ်စဖြစ်ကတည်းက တရုတ်နှစ်သစ်ကူးအပြီးမှာ စဖြစ်လိုက်တော့တရုတ်နှစ်သစ်ကူးအတွက် တရုတ်ကစက်ရုံတွေကရပ်တယ်။ Garment Industry က ကုန်ကြမ်းကများသောအား ဖြင့် ဘယ်သူကပဲအပ်အပ်၊ ဘယ်နေရာပဲအပ်အပ်ကုန်ကြမ်းကို တရုတ်နိုင်ငံကပဲဝယ်ကြရတာဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးနဲ့ ကိုဗစ်နဲ့ဆက်သွားတဲ့အခါကျတော့ ကုန်ကြမ်းပြတ်တောက်မှုစဖြစ်ပါတယ်။ ကုန်ကြမ်းပြတ် တောက်မှုဖြစ်ပြီး နောက်ကုန်ကြမ်းကတဖြည်းဖြည်းနဲ့ ပြန်ဝယ်လို့ရခဲ့ပါတယ်။ တရုတ်နိုင်ငံကပြန်ကောင်းလာတဲ့အချိန်မှာ ကျွန်မတို့နိုင်ငံကစဖြစ်ပါတယ်။ ကိုဗစ်ကလည်းဝင်လာတယ်။ သင်္ကြန်နဲ့လည်းတိုက်သွားတဲ့အခါကျတော့ လေးလပိုင်းတစ်လလုံးကကုန်ကြမ်းမရှိတာကြောင့် ဘာမှမလုပ်လိုက်ရပါဘူး။ နောက်ပြန်ပြီးတော့ လုပ်တဲ့အချိန်ကျတော့ ပစ္စည်းလက်ခံတဲ့ဥရောပနေရာတွေမှာ ကိုဗစ်တအားဖြစ်နေတဲ့အတွက် ကုန်ကြမ်းရလည်းပို့တဲ့အခါမှာ ခဏနေပါဦး။ ထားစရာမရှိသေးဘူးတွေ ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးကုန်ထုတ်လုပ်မှုအပိုင်း ကျတော့လည်း ကုန်ကြမ်းတွေကမရောက်တဲ့အခါကျတော့ သင်္ကြန်မှာ ပုံမှန်ထက်စာရင် တစ်ပတ်လောက်စောပိတ်လိုက်ရပါတယ်။ စောပိတ်ပြီးကလေးတွေကို ဆန်တွေ၊ ဆီတွေပေးပြီး ပြန်ခိုင်းလိုက်ပါတယ်။ ပြန်စနိုင်တဲ့အခါကျတော့ စစချင်းမှာမြန်မာနိုင်ငံမှာကပိတ်ရမယ်ဆိုတဲ့ ဧပြီ ၂၀ မှာ ပြန်လွှတ်ဆိုတော့ကလေးတွေကို ပြန်လွှတ်လိုက်ရပါတယ်။ နောက်နိုင်ငံတော်က စခိုင်းတဲ့အချိန် မေလကျမှပဲပြန်စပြီးတော့ ထုတ်လုပ်မှုပြန်လုပ်ပါတယ်။ အဲဒီ အချိန်မှာပဲ ဟိုဘက်ကကုန်လက်ခံတဲ့သူတွေကလည်း နေပါဦးတို့၊ ဈေးကွက်အခြေအနေကဘယ်လိုဖြစ်တယ်တို့ ၊ အဲဒီလိုမျိုးတွေ စပြီးဖြစ်လာတဲ့အချိန်ကျတော့ ကုန်ထုတ်လုပ်မှုရော၊ Marketing ရောအကုန်ကျလာခဲ့ပါတယ်။ အခုလက်ရှိမှာလည်း Second Wave ကပြန်ဖြစ်လာတဲ့အခါ ကျွန်မတို့ဆိုရှေ့အော်ဒါကို သူတို့ဘယ်လိုမျိုးအပ်မယ်ဆိုတာတောင် မပြောနိုင်ပါဘူး။ ကျွန်မတို့ Customer တွေလည်း အလုပ်ရဖို့သူတို့လည်းရှာနေကြရပါတယ်။ သူတို့နဲ့ကျွန်မတို့က ၂၀၁၁ – ၂၀၁၂ ခုနှစ် လက်တွဲလာတာဖြစ်တဲ့အတွက် ဒီလိုစက်ရုံတွေကိုလက်မလွှတ်ချင်ကြပါဘူး။ ဒါပေမဲ့သူတို့ကလည်း ရောက်ပြီးသားကုန်တွေရောင်းစရာနေရာမရှိတဲ့အခါမှာ နောက်ထပ်အထည်အသစ်ချဖို့ဆိုတာ အခက်အခဲတွေအများကြီးရှိပါတယ်။ ဒါကြောင့် ရှေ့လည်းဘယ်လိုလာမလဲမသိပါဘူး။ အခုချိန်အထိတော့ ပုံမှန်လေးနဲ့ တစ်ခါတလေကျရင် OT (Overtime) လေး တစ်နာရီ၊ နှစ်နာရီလောက်အထိလုပ်နေပါတယ်။ ကလေးတွေကလည်း အခုဆိုရင်တော်တော်လေးကိုမှ ကြိုးစားပမ်းစားလုပ်ကြပါတယ်။ ဒီမှာမရလို့ ထွက်လည်း တခြားစက်ရုံမှာလည်း မရနိုင်တဲ့အခါကျတော့ သူတို့တွေလည်း ရွေးချယ်စရာသိပ်မရှိပါဘူး။

နိုင်ငံတော်ရဲ့ ပံ့ပိုးမှုအပိုင်းများကိုလည်း ပြောပြပေးပါ။

နိုင်ငံတော်က ပံ့ပိုးပါတယ်။ ဖြစ်ဖြစ်ချင်း ကျွန်မတို့စိတ်တွေညစ်နေတဲ့အချိန်မှာပဲ Covid Loan တွေချပေးမယ်လို့ ပြောပါတယ်။ ကျွန်မတို့လည်းတကယ်ပဲကြုံတွေ့နေရတဲ့အတွက် လျှောက်ပါတယ်။ လျှောက်ပြီးတော့ Covid Loan လည်းရခဲ့ပါတယ်။ အဲဒီဟာကြောင့်လည်းလည်ပတ် နေတဲ့အချိန်မှာ နည်းနည်းလေး အသက်ဆက်နိုင်တာဖြစ်ပါတယ်။ Covid Loan ကျတော့ တကယ်လည်း ကျွန်မတို့ကလိုအပ်နေတဲ့ Industry ဖြစ်တယ်။ ဒါကြောင့်ကျွန်မတို့က ဒီထက်နည်းနည်းလေးပိုပြီးတော့လိုချင်ခဲ့ပါတယ်။ တကယ်လည်ပတ်နေပြီး၊ တကယ်လိုအပ်နေတဲ့အတွက်ကြောင့် ရတာနည်းတယ်လို့ထင်မိပါတယ်။ ကျွန်မတို့ Industry တစ်ခုလုံးမှာရတဲ့သူတွေလည်း ရကြပါတယ်။ ကျွန်မတို့ကုမ္ပဏီအနေနဲ့တော့ နည်းနည်းနည်းပါတယ်။ ဒါပေမဲ့ ဒီဟာကတော့ အထိုက်အလျောက်တော့အထောက်အပံ့ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့က ၂၆ နှစ်ရှိသွားပြီဆိုတော့ ဒီဟာလေးက နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အထောက်အကူဖြစ်ပါတယ်။ ကျေးဇူးလည်းတင်ပြီး အားလည်းရှိခဲ့ပါတယ်။ ငါတို့ တစ်လစာ နှစ်လစာလောက်ရှိတယ်ပေါ့ဆိုပြီးအားရှိခဲ့ပါတယ်။ အဓိကတော့ ဝန်ထမ်းလခပဲ ဖြစ်ပါတယ်။ ဝန်ထမ်းလခမပေးနိုင်မှာ စိုးခဲ့ပါတယ်။ နောက်ဝန်ထမ်းတွေကို လူမှုဖူလုံရေးတွေထောက်ပံ့တာကလည်း သူတို့အတွက်အထောက်အကူဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ တချို့စက်ရုံတွေကျတော့ အပြည့်အဝမရသေးတာတွေလည်းရှိပါတယ်။ ဘာဖြစ်လို့ ကြန့်ကြာနေလဲဆိုတာတော့ မသိပါဘူး။ ကျွန်မတို့စက်ရုံကတော့ရတယ်။ တခြား စက်ရုံတစ်ရုံကတော့ သူတို့ လူမှုဖူလုံရေးကြေးတစ်ရာကျော် နှစ်ရာဆောင်ပေမယ့် တစ်ရာကျော်ပဲရပြီးတော့ ကျန်တဲ့တစ်ရာကျော်ကမရသေးတဲ့အခါ ဝန်ထမ်းတွေကို ပြန်ပေးရတဲ့အခါခက်ခဲပါတယ်။ ဒါပေမဲ့ အားလုံးကို ခြုံကြည့်ရင်တော့ နိုင်ငံတော်ရဲ့အထောက်အပံ့ကအထိုက်အလျောက် ဒီအကျပ်အတည်းကာလကို လည်ပတ်စေပါတယ်။

ဝန်ထမ်းလုပ်ခတွေကို စက်ရုံတွေအနေနဲ့ လစာပေးဖို့ အခက်အခဲရှိနေတဲ့အကြောင်းတစ်ကြောင်းကတော့ Exchange Rate က အလွန်ကျနေတာလည်းပါတယ်။ အနည်းဆုံး ၁၀ ရာခိုင်နှုန်းအထက် ၁၂၊ ၁၃ လောက် ကျနေတဲ့ Exchange Rate ပေါ်မှာပဲ အရှုံးဖြစ်နေတယ်။ နောက်တစ်ခုက Buyer တွေက သူတို့မရောင်းရတဲ့အခါကျတော့ ချုပ်ခလျှော့ပေးရတဲ့အတွက် အလုပ်သမားတွေကို လုပ်အားခပေးနိုင်ဖို့ Industry ရဲ့ အခက်အခဲထဲမှာ တစ်ခုပါဝင်နေတဲ့အတွက်ကြောင့် နိုင်ငံတော်အနေနဲ့ Exchange Rate ကို ပုံမှန်လေးနဂိုရှိခဲ့တဲ့အတိုင်း ၁ç၅၀ဝ လောက်များဖြစ်နိုင်မယ်ဆိုရင်တော့ ဒီအခက်အခဲကို အထိုက်အလျောက်ဖြေလျှော့ပေးနိုင်မယ်ထင်တယ်။ ချေးငွေပေးသလိုမျိုး ဘယ်လိုမျိုးများ လုပ်ပေးနိုင်ဦးမလဲဆိုတာ စဉ်းစားပေး စေချင်ပါတယ်။

ကိုဗစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍအတွင်းက New Normal Norms များ

ကိုဗစ်ကြောင့် Garment Industryက အကျပ်အတည်းတော့ ဖြစ်သွားခဲ့ပါတယ်။ စက်ရုံအတွင်း Mask တပ်တာတို့၊ ခြောက်ပေခြားတာတို့က ပုံမှန်တွေဖြစ်သွားပြီး စည်းကမ်းတွေလည်း ပိုရှိလာကြပါတယ်။ တစ်ယောက်ထိခိုက်ရင် အများကြီးထိခိုက်မှာကို ဝန်ထမ်းလေးတွေကိုသိအောင် ပြောထားတဲ့အတွက် စည်းကမ်းပိုရှိလာကြပါတယ်။ Mask လေးတွေတပ်ကြတယ်။ အခုဆိုရင် တစ်ခါသုံးတွေကလည်း လွယ်လာပြီးတော့ ပြန်လျှော်သုံးလေးတွေနဲ့ စည်းကမ်းတကျတော့ဖြစ်လာပါတယ်။ ဒီလိုမျိုးဖြစ်သွား ပေမယ့် စက်ရုံကတော့စည်းကမ်းတကျနဲ့ ပြန်ပြီးတော့လည်ပတ်လာခဲ့ပါတယ်။ လူကတော့ Normal ဖြစ်လောက်တဲ့အထိ ပြန်ပြီးတော့ မဖြစ်သေးပါဘူး။ အော်ဒါကလည်း ပုံမှန်ပြန်မရဘူး။ ရှေ့မျှော်မှန်းစရာကလည်း မရှိဘူး။ ဒါပေမဲ့လုပ်ရတဲ့လုပ်ငန်းကိုတော့ ပိုစည်းကမ်းတကျလေးနဲ့ ပိုပြီးလုပ်ဖြစ်လာပါတယ်။ ဝန်ထမ်းလေးတွေကလည်း ပိုပြီးတော့ကြိုးစားပမ်းစား လုပ်လာကြပါတယ်။

ကုမ္ပဏီအနေနဲ့ လက်တလောနဲ့ အနာဂတ်အတွက် ပြင်ဆင်နေမှု အပိုင်း

ကုမ္ပဏီအနေနဲ့ ရှေ့မှာ ဘာလာမလဲဆိုတဲ့ အလားအလာသိပ်မရှိပေမယ့် ရပ်နေတဲ့လုပ်ငန်းဆိုရင်တော့ ဆက်ပြီးလည်ပတ်လို့ မရနိုင်ပါဘူး။ ရှုံးပေမယ့် ကျွန်မတို့လည်း အရှုံးနဲ့ပဲ စပြီးလည်ပတ်နေရတာဖြစ်ပါတယ်။ တတ်နိုင်သလောက် ရပ်မသွားအောင် အော်ဒါရရှိရေးအတွက် အတတ်နိုင်ဆုံးပိုင်ရှင်နဲ့တကွ ဝန်ထမ်းတွေအကုန်လုံးပါလာအောင်ဆွဲခေါ် ပြီးတော့လုပ်ပါတယ်။ အချိန်ပိုတွေအများကြီးနဲ့ မနိုင်မနင်းတွေမဟုတ်ဘဲနဲ့ ပုံမှန်အချိန်လေးနဲ့ လုပ်ငန်းမရပ်ဖို့ ရှေ့ဆက်ရေရှည်လေးလုပ်သွားနိုင်ဖို့ကို ကြိုတင်ပြင်ဆင်ထားပါတယ်။ ရနိုင်သမျှကမ်းလှမ်းမှုတွေကိုလည်း အကုန်လုံးကမ်းလှမ်းတယ်။ ဥပမာ- Mask ချုပ်ရမယ်ဆိုလည်း ချုပ်လိုက်တာပဲ။ အင်္ကျီဆိုလည်းမရွေးတော့ဘူး။ အ သက်ရှင်ရပ်တည်နိုင်အောင်တော့လုပ်ရပါတယ်။ လုပ်ထားရင် အဆင်သင့်ဖြစ်နေတဲ့ လုပ်ငန်းတစ်ခုဆိုရင်တော့ အရှိန်အများကြီးယူစရာမလိုဘဲနဲ့ စသွားရမှာဖြစ်ပါတယ်။ လုံးဝရပ်နေတာဆိုရင်တော့ စတင်လည်ပတ်ဖို့ခက်မှာဆိုတဲ့အတွက် မရပ်ဘဲနဲ့ဆက်ပြီးလည်ပတ်နိုင်အောင် အစွမ်း ကုန်ရပ်တည်နိုင်အောင် ကြိုးစားထားပါတယ်။

ကမ္ဘာ့အထည်ချုပ်လုပ်ငန်းရဲ့ အလားအလာကို သုံးသပ် ပြောပြပေးပါ။

အမှန်တကယ် သုံးသပ်ရမယ်ဆိုရင်တော့ အလားအလာက သိပ်ပြီးမကောင်းဘူးလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဝတ်အစားဆိုတာ တခြားစားစရာတွေ ရှိပြီးပိုမှဝယ်တာဖြစ်တယ်။ နောက်ပြီးတော့ ကမ္ဘာမှာဆိုရင် ကိုဗစ်ကဘယ်တော့ပြီးသွားမယ်ဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ ကပ်ရောဂါဖြစ်နေတဲ့အတွက် မပြောနိုင်ပါဘူး။Second Wave တွေကလည်း မထင်မှတ်ထားတဲ့နိုင်ငံတွေမှာ ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် Second Wave ဆိုတာမထင်မှတ်ထားလည်း လာနိုင်တာဖြစ်တဲ့အတွက် ဒီဟာကြောင့် Garment Industry က ရှေ့ခြောက်လတစ်နှစ် လောက်မှာတော့ မကောင်းနိုင်ဘူးလို့ပြောရမှာပဲဖြစ်ပါတယ်။

အထည်ချုပ် CMP တွေရပ်နားလိုက်တဲ့အတွက် လက်ရှိဈေးကွက်အခြေအနေ ဘယ်လိုရှိပါသလဲ။

အပြောင်းအလဲအနေနဲ့ကတော့ လောလောဆယ်မှာ Export တင်ဖို့ရှိတာတို့၊ ပြီးခါနီးလေးတို့၊ လကုန်တင်ဖို့ရှိတာတွေအတွက်ကတော့ နည်းနည်းလေးကသီသွားပါတယ်။ တချို့လည်း စောပြီးအောင်လုပ်နိုင်တယ်။ တချို့လည်း နည်းနည်းကျန်ခဲ့တာရှိတော့ အခက်အခဲနည်းနည်းရှိပါတယ်။တချို့စက်ရုံအကြီးကြီးတွေကျတော့လည်း ဒီ ၁၄ ရက်အတွင်းမှာ ကွန်တိန်နာတွေအများကြီးထွက်ဖို့ရှိပါတယ်။ သူတို့တွေအနေနဲ့တော့ Buyer အတွက် Air နဲ့ထွက်ရတာတို့ ရှိနိုင်ပါတယ်။ အဲဒါတွေကတော့တကယ့် CMP လုပ်ငန်းရှင်တွေတွေ့ရတဲ့အခက်အခဲ ဖြစ်ပါတယ်။

နောက်တစ်ခုကောင်းတာအနေနဲ့တော့ ဒီ ၁၄ ရက်ပြီးရင်တော့ ကွင်းဆက်တစ်ခုဖြတ်လိုက်တဲ့အတွက်ကြောင့် အထည်ချုပ်တွေမှာ CMP လုပ်ငန်းတွေရဲ့ဝန်းကျင်မှာရောဂါအဆက်ပြတ်သွားမှာပဲဖြစ်ပါတယ်။ အမှန်တကယ် ဖြစ်နေတာကတော့အပြင်ကနေ CMP ဝန်ထမ်းတွေကို ကူးတာဖြစ်ပါတယ်။ စက်ရုံတွင်းမှာကူးစက်မှုဆိုတာ မရှိသလောက်ဖြစ်ပါတယ်။ အခုစက်ရုံတွေမှာ တွေ့နေတာကလည်း အပြင်ကနေကူးလာတာတွေပဲ ဖြစ်ပါတယ်။ စက်ရုံမှာ အများကြီး ပြန့်သွားတာမျိုးတွေမရှိပါဘူး။ တွေ့တာနဲ့စက်ရုံပိုင်ရှင် တွေရော၊ ကာယကံရှင်တွေရောက ကြောက်ကြပါတယ်။ သူတို့အနီးအနားတွေကလည်း Q ဝင်ကြတဲ့အတွက် စက်ရုံတွေက အများကြီးတော့ မဖြစ်ဘူးထိန်းနိုင်ပါတယ်။ ဒါပေမဲ့အကြောက် တရားဆိုတာကရှိနေတာဆိုတဲ့အတွက် ၁၄ ရက်ပိတ်လိုက်တဲ့အတွက်အထိုက်အလျောက်တော့ ကူးစက်နှုန်းနည်းသွားမှာဖြစ်ပါတယ်။ ကူးစက်နှုန်းနည်းသွားပြီးတော့ ပြန်ဖွင့်ရင်တော့ အဆင်ပြေနိုင်မယ်လို့ထင်ပါတယ်။

နောက်ပြီးတကယ်အကြီးကြီးလုပ်နေကြတဲ့ ကျွန်မတို့အပါအဝင် တချို့ကျတော့လည်း လုပ်ငန်းတစ်ခုစီအလိုက် မတူညီတဲ့အခက်အခဲတွေတော့ ရှိကြပါတယ်။ ကွန်တိန်နာတွေပိတ်တယ်၊ သင်္ဘောလိုင်းတွေမရဘူး။ Custom တွေ၊ Warehouse တွေဖွင့်နေပေမယ့် ကိုယ့်ဝန်ထမ်းလေးတွေကလာဆင်းပေးပြီး ထုပ်ပိုးပေးဖို့ ကျတော့လည်းအဆင်မပြေပါဘူး။ အများနည်းတူပိတ်တယ်ဆိုတော့ သူတို့ကိုလည်း အလုပ်ရှင်တွေကပိတ်ပေးထားကြတာပဲ ဖြစ်ပါတယ်။

မဖြစ်မနေလိုအပ်တဲ့အခါ တချို့ အလုပ်ရှင်တွေကျတော့လည်း စာတွေတင်ပြီးတော့ ၃၀ အောက် ၂၉ ယောက်လောက်ခေါ်ပြီး မပြီးသတ်တာလေး တွေကို လုပ်ချင်ကြပါတယ်။ အဲဒါလေးတွေ လုပ်လို့ ရမလားဆိုပြီး စာတင်ထားတဲ့ရုံတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ လူတော်တော်များများကတော့ နိုင်ငံတော်ရဲ့ MOHS လမ်းညွှန်မှုအောက်မှာပဲ ပိတ်ကြပါတယ်။ ပြန်ဖွင့်လာရင်လည်း ဝန်ထမ်းအင်အားလျော့ရင် လျော့ သလိုကြည့်စီစဉ်ရမှာတွေလည်း အများကြီး ရှိကြပါတယ်။ တချို့စက်ရုံတွေဆိုလည်း အော်ဒါတွေက မမှန်ကြပါဘူး။ တချို့ Buyer တွေက တစ်ဖက်မှာ Online အနေနဲ့ ရောင်းထားတာတွေကလည်း ပြဿနာရှိနိုင်တယ်၊ နောက်အော်ဒါမချပေးတော့တာမျိုးလည်း ရှိနိုင်ပါတယ်။ စက်ရုံတစ်ရုံနဲ့ တစ်ရုံရဲ့ အခက်အခဲချင်းကတော့ မတူနိုင်ကြပါဘူး။

ဒီ ၁၄ ရက်ပိတ်လိုက်တဲ့အတွက် ကျွန်မတို့ဆို လည်း နောက်ပိုင်းမှာ ချုပ်ရမှာတွေ အများကြီးပဲ ဖြစ်ပါ တယ်။ အခုမှ ကျွန်မတို့က ပုံမှန်လေးပဲ သွားနေပါတယ်။ OT လည်း တစ်နာရီပဲခေါ်ပါတယ်။ OT မခေါ်ရင်လည်း ဝန်ထမ်းတွေအတွက် လုပ်ခလစာက နည်းတဲ့အတွက် ကြောင့် OT ကလည်း သူတို့တောင်းတဲ့အတွက် တစ်နာရီ ပဲပေးတာဖြစ်ပါတယ်။ ပြန်ဖွင့်လာလို့ Buyer တွေ ညှိလို့ရရင်တော့ ဒီအတိုင်းပဲ ဆက်သွားမှာဖြစ်ပါတယ်။ မရရင်တော့ အချိန်ပို တစ်နာရီလောက်ထပ်ပြီး ခေါ်ရမှာဖြစ်ပါတယ်။ တော်တော်အခက်အခဲဖြစ်ကြတဲ့ ရုံတွေလည်း ရှိကြပါတယ်။ ဒီလကုန်မှ သင်္ဘောတင်ကြ မယ့်ရုံတွေရှိတယ်။ များသောအားဖြင့် CMP လုပ်ငန်းဆို တော့ အပ်တဲ့သူတွေက လကုန်မှ လွှဲကြပါတယ်။ လကုန်ရက် နောက်ဆုံးအပတ်မှလွှဲပြီးတော့ ပထမအပတ် လောက်မှာ ငွေရောက်၊ ငါးရက်နေ့မှာ လစာပေးပါတယ်။ အခုကျတော့ ထွက်လို့မရကြပါဘူး။ မရဘူးဆိုပေမယ့် အစိုးရကတော့ ခွင့်ပြုပါတယ်။ Custom တွေလည်း ဖွင့်ပါတယ်။ ဒါပေမဲ့ စက်ရုံကပိတ်ထားရတဲ့အတွက် စက်ရုံမှာ ပါကင်လုပ်မယ့်၊ ကွန်တိန်နာတင်မယ့် ကလေးတွေကို ခေါ်ဖို့အတွက်ကျတော့ ပိုင်ရှင်တွေကလည်း မခေါ်ချင်ကြပါဘူး။ တချို့ကလေးတွေကလည်း မဆင်းချင်ဘူး။ တချို့ ငွေကြေးလိုချင်တဲ့ ကလေးတွေကလည်း လုပ်မယ်၊ ဆင်းမယ်ဆိုပြီး အပိုင်းပိုင်းကွဲနေတာတွေလည်း အများကြီးဖြစ်နေပါတယ်။