မန်နေဂျာများအတွက် ဆွန်ဇူးရဲ့ စစ်ဆင်ရေးပညာ

ယခင်လမှအဆက်

ရရှိထားတဲ့‌အောင်မြင်မှုတွေကိုခိုင်အောင်လုပ်ပါ။

ညွန့်သောင်း

ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါတယ်။

“တိုက်ပွဲတွေကိုတိုက်ပြီး မြို့တွေ၊ နယ်တွေကို သိမ်းပိုက်နိုင်ပေမယ့် အဲဒါတွေကို ခိုင်မာစွာထိန်းမထားနိုင်ရင်တော့ ဒါဟာမိမိတို့မှာရှိတဲ့ လူ၊ လက်နက် စတဲ့အရင်းအမြစ်တွေနဲ့ အချိန်စတာတွေကို အလဟဿဖြုန်းတီးပစ်ရာကျတယ်။ ဒါကြောင့် ဉာဏ်ပညာအမြော်အမြင်ရှိတဲ့ စစ်တပ်၊ ဗိုလ်ချုပ်၊ ဘုရင်၊ အုပ်စိုးသူစသူများဟာ စစ်တိုက်ရေးအစီအစဉ်များ ကို စိစစ်သုံးသပ်ကြရမယ်။ စစ်ဗိုလ်ချုပ်တွေကလည်း သေချာဂရုစိုက်ပြီး အကောင်အထည်ဖော်လုပ်ကိုင်ကြရမယ်။

မန်နေဂျာရှုထောင့်မှသုံးသပ်ချက်

အောင်မြင်ရင်ပြီးရောဆိုတဲ့ ရည်မှန်းချက်မျိုးကမဖြစ်သင့်ဘူး။ အောင်မြင်ပြီးသားကို ရေရှည်ဆက်ထိန်းထားနိုင်ဖို့လိုတယ်။ အဖွဲ့အစည်းတစ်ရပ်ဟာ ဒီအဖွဲ့အစည်းထဲမှာ ပါဝင်ပတ်သက်နေတဲ့သူများကို ထိုက်သင့်အားလျော်စွာ ချီးမြှောက်ခြင်းဆိုတဲ့လိုအပ်ချက်ပေါ်မှာ အာရုံစိုက်တန်ဖိုးထားကာ လုပ်ကိုင်သွားရင် လုပ်ငန်းအောင်မြင်မှာသေချာပါတယ်။ ရောင်းတော့ရောင်းရပါရဲ့။ ဒါပေမဲ့ ဖောက်သည်တွေမြဲအောင် ထိန်းမထားနိုင်ရင်စစ်ပွဲမှာ ဆုံးရှုံးခြင်းမျိုးဖြစ်သွားမယ်။ ရောင်းထွက်ရေးက အရေးကြီးပေမယ့် ဒါဟာဖောက်သည်တွေနဲ့ နောင်အခါဆက်လက်ဆက်ဆံသွားနိုင်ရေးအတွက်အခြေခံမျှသာဖြစ်တယ်။

ကုန်ပစ္စည်းတွေ ထည့်သွင်းသယ်ဆောင်သွားဖို့ ကုန်တင်သေတ္တာကြီးတွေ ထုတ်လုပ်တဲ့လုပ်ငန်းရှင်တစ်ဦးက သူ့ရဲ့လုပ်ငန်းအောင်မြင်မှုရဲ့ ၅၈ ရာခိုင်နှုန်းဟာ သူတွဲဖက်လုပ်ကိုင်နေသူတွေ၊ ဖောက်သည်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် အစီအစဉ်တွေ ချမှတ်လုပ်ကိုင်ခဲ့လို့ဖြစ်တယ်လို့ပြောတယ်။ သူ့ကုမ္ပဏီဟာ ဖောက်သည်တွေအတွက်ပဓာနကျတဲ့လုပ်ငန်းဖြစ်အောင် ဆောင်ရွက်ပေးခဲ့တယ်။ ဒီလိုလုပ်ကိုင်ခဲ့လို့လည်း ဖောက်သည်တွေကို ရေရှည်ထိန်းထားနိုင်ခဲ့တာဖြစ်တယ်။ အဲဒီလို တစ်ခေါက်လောက်ဆက်ဆံရုံနဲ့တော့ မအောင်မြင်နိုင်ဘူး။ အချိန်ကာလကြာလာတာနဲ့အမျှ အလားတူဆက်လက်ဆောင်ရွက်မှုတွေများစွာပြုလုပ်မှသာ အောင်မြင်တယ်လို့ ဆိုရမှာဖြစ်တယ်။

ဖောက်သည်ကျေနပ်အောင် သဘောကျသွားအောင် ဆောင်ရွက်ပေးရင်ဖောက်သည်မြဲမှာဖြစ်တယ်။ ထပ်ခါထပ်ခါဝယ်ယူအားပေးတဲ့ ဖောက်သည်များဟာ ငွေကြေးတွေလည်း ပိုသုံးစွဲကြသူတွေဖြစ်သလို သူတို့ကြောင့်ကုမ္ပဏီမှာ အကျိုးအမြတ်တွေကို ရလာကြတယ်။ အထောက်အထားများအရ သိရတာကတော့ ဖောက်သည်တွေမြဲတဲ့ သဘာဝဓာတ်ငွေ့အရောင်းဆိုင်လုပ်ငန်းတစ်ခုဟာ ဝင်ငွေဒေါ်လာတွေ တော်တော်ကြီး ရသွားခဲ့တယ်။ မော်တော်ကားအရောင်းအဝယ်တစ်ခုဟာလည်း ဒေါ်လာတွေတော်တော်များစွာ ဝင်ငွေရရှိသွားခဲ့တယ်။

အရည်အချင်းပြည့်ဝတဲ့ လုပ်ငန်းဦးစီးခေါင်းဆောင်များဟာ မိမိတို့ရဲ့လုပ်ငန်းမှာ ဝန်ထမ်းတွေမြဲနေရေးဟာ ဖောက်သည်မြဲနေရေးလိုပဲ အရေးကြီးတယ်ဆိုတာ သဘောပေါက်နားလည်ထားကြတယ်။ Heaslett- Packard ကုမ္ပဏီမှာလုပ်နေတဲ့ Lewis Platt ဆိုသူဟာ သူ့ဇနီးကွယ်လွန်သွားတော့ သားသမီးကိုတစ်ဦးတည်း တာဝန်ယူရတဲ့သူတစ်ဦးအဖြစ်ကိုရောက်သွားတယ်။ သူဟာအမှုဆောင်အရာရှိအဖြစ်ရာထူးရလာတဲ့အခါ သူ့ဝန် ထမ်းအမျိုးသမီးတွေဟာ အစုလိုက်အပြုံလိုက်အလုပ်ကထွက်သွားကြတာကြုံရတယ်။ ဒီတော့ သူက သူ့ဝန်ထမ်း တွေရဲ့ အလုပ်ချိန်၊ နေ့ရက်တွေကို သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတာဝန်တွေနဲ့ အဆင်ပြအောင်ပြုပြင်၍ အလုပ်ချိန်နဲ့ မိသားစုအချိန်ကို ညှိနှိုင်းလိုက်တဲ့အတွက် ကုမ္ပဏီရဲ့ယှဉ်ပြိုင်နိုင်မှုစွမ်းအားတွေ မြင့်တက်လာတယ်။ စုပေါင်းလုပ်ကိုင်မှုလည်း ပိုကောင်းလာတယ်လို့ သူကပြောပါတယ်။ သူဟာကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်လာတဲ့အခါ သူ့နေရာကို အမျိုးသမီးတစ်ဦး အစားဝင်ရောက်လာတယ်။ ဒီအမျိုးသမီးဟာ အောင်မြင်တဲ့ကုမ္ပဏီကိုဦးဆောင်တဲ့ တတိယမြောက်အမျိုးသမီးတစ်ယောက်ဖြစ်လာပါတယ်။