မန်နေဂျာများအတွက် ဆွန်ဇူးရဲ့ စစ်ဆင်ရေးပညာ

ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါတယ်။

ကျွမ်းကျင်တဲ့ ဗိုလ်ချုပ်ကြီးရဲ့ ဦးဆောင်ညွှန်ကြားမှုကို ခံယူရတဲ့စစ်တပ်ဟာ Shuai-Jan လို့ခေါ်တဲ့ မြွေလိုပါပဲ။ ဒီမြွေဟာ Ch’ang Mountains ဆိုတဲ့ တောင်ကုန်းတွေပေါ်မှာတွေ့ရတတ်တဲ့ မြွေမျိုးဖြစ်တယ်။ သူ့ရဲ့ခေါင်းကိုရိုက်လိုက်ရင် အမြီးနဲ့ပြန်ချတယ်။ အမြီးကိုရိုက်ရင် ခေါင်းနဲ့တုံ့ပြန်တယ်။ ခါးလယ်ကိုရိုက်ရင် အမြီးရောခေါင်းပါသုံးပြီးတုံ့ပြန်တယ်။ ဒီမှာ စစ်တပ်များဟာ ဒီမြွေလိုချက်ချင်း တညီတညွတ်တည်း တုံ့ပြန်လုပ်ကိုင်နိုင်ပါ့မလားလို့တော့ မေးစရာရှိတယ်။ ရပါတယ်လို့ ဖြေချင်တယ်။ တရုတ်ပြည်မှာ Wu က ပြည်ကလူတွေနဲ့ Yue ပြည်က လူတွေဟာရန်သူတွေဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့ဟာ လှေတစ်စင်းနဲ့ အတူသွားနေကြတုန်းမုန်တိုင်းကျလာတယ်ဆိုရင် သူတို့ဟာ ရန်သူတွေဖြစ်ကြပေမယ့် အချင်းချင်းကူညီကြတယ်။ ဘယ်ဘက်လက်က ညာဘက်လက်ကို ကူညီသလိုပါပဲ။

ဒါကြောင့် စစ်ရေးအရစီမံအုပ်ချုပ်ခြင်းဆိုတဲ့ သဘောတရားရဲ့ရည်ရွယ်ချက်က သတ္တိရှိတဲ့စိတ်ဓာတ်ကို တညီတညွတ်တည်း ရရှိထိန်းသိမ်းထားနိုင်ရေးဖြစ်တယ်။

စစ်ဗိုလ်ချုပ်ကြီးက ကျွမ်းကျင်စွာ စစ်တပ်ကို ဦးဆောင်တိုက်ခိုက်နိုင်တယ်ဆိုတာ သူ့တပ်သားတွေကို သူတစ်ယောက်တည်း ကြိုက်ကြိုက် မကြိုက်ကြိုက်လက်ကိုအတင်းဆွဲ ဦးဆောင်သွားနိုင်သလိုမျိုးဖြစ်တယ်။

ရန်သူ့နယ်မြေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ လုပ်ကိုင်ရတဲ့ ယေဘုယျသဘောတရားတွေ ရှိတယ်။ အဲဒါကတော့ ရန်သူ့နယ်မြေထဲ အတွင်းဘက်ကို များများထိုးဖောက်နိုင်လေလေ မိမိရဲ့ တပ်တွေ စည်းလုံးရေးဟာ ပိုမိုခိုင်မာလေလေဖြစ်တယ်။ ဒါကြောင့် ရန်သူဟာ မိမိကို ပြန်လှန်ခုခံတိုက်ခိုက် နိုင်ခြင်းမရှိတော့ဘူး။

စုပေါင်းလုပ်ကိုင်ရင် အောင်မြင်တယ်…

ပြင်သစ်သမိုင်းပညာရှင် ဗိုလ်မှူးကြီး Ardant du Picq က စုပေါင်းလုပ်ကိုင်ခြင်းနဲ့ပတ်သက်တဲ့ အခြေခံမူကို အကျဉ်းချုပ် ပြောဆိုထားတာရှိတယ်။

”ရဲစွမ်းသတ္တိရှိကြတဲ့ လူလေးယောက်က တစ်ဦးကိုတစ်ဦး ကောင်းကောင်းမသိကြဘူးဆိုရင် ခြင်္သေ့တစ်ကောင်ကို တိုက်ခိုက်ရဲမှာမဟုတ်ဘူး။ သူတို့ လောက် သတ္တိမရှိကြတဲ့ လူလေးယောက်ဟာ အချင်းချင်း သိကျွမ်းနားလည်ကြကာ၊ အပြန်အလှန်ယုံကြည်အား ထားကြလို့ အပြန်အလှန်လည်းကူညီရိုင်းပင်းကြတဲ့အခါ ခြင်္သေ့ကို ပြတ်ပြတ်သားသား တိုက်ခိုက်နိုင်မှာဖြစ်တယ်” တဲ့။ဒါဟာ စစ်တပ်တွေကို စည်းလုံးညီညွတ်အောင် ဖွဲ့စည်းဆောင်ရွက်ရတဲ့ သိပ္ပံနည်းကျ လုပ်နည်းလုပ်ဟန်ရဲ့ အကျဉ်းချုပ်ဖြစ်တယ်။ဗိုလ်မှူးကြီးက ဆက်လက်ပြောဆိုတယ်။

‘တစ်ချိန်ချိန်မှာ လက်နက်အသစ်အဆန်း ပေါ်လာရင်တော့ စစ်ပွဲအောင်နိုင်ပါတယ်။ ဒါဖြစ်နိုင်တယ်။ ဒါပေမဲ့ သုံးလို့ရတဲ့ လက်နက်တွေဆိုတာ နေ့စဉ်တီထွင်လို့ရတာ မဟုတ်ဘူး၊ အဲဒီတော့ အဓိကအချက်က ဘာလဲဆိုတော့ ပါရမီရှင်ထူးချွန်တဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ကံကောင်းထောက်မမှုတွေ ဆိုတာတွေကို အသာထားဦး၊ အရေးကြီးတာတွေက စစ်တပ်များရဲ့ အရည်အသွေးပဲဖြစ်တယ်။” ဒီအရည်အသွေးက ဘာလဲဆိုရင် တပ်တွင်းအချင်းချင်း သစ္စာရှိရှိ ရဲဘော်ရဲဘက်စိတ်ရှိခြင်း၊ အချင်းချင်းအားထားနိုင်ခြင်း၊ ယုံကြည်မှုရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း စတာတွေဖြစ်တယ်။

မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်

ညီညီညွတ်ညွတ်လုပ်ရင် ခွန်အားရှိလာတယ်။ အလုပ်တွေ ကို ညှိနှိုင်းလုပ်ကိုင်တဲ့ နည်းလမ်းတွေ အမျိုးမျိုးရှိတယ်။ Coca-Cola ကုမ္ပဏီဟာ မိမိထက်ကြီးမားကာ အင်အား တောင့်တင်းတဲ့ စီးပွားဘက်များကိုဗဟိုပြုကာ မိမိရဲ့ ကမ္ဘာအနှံ့ ပုလင်းသွတ်လုပ်ငန်းတွေကို အချင်းချင်း ပိုမို အချိတ်အဆက်မိအောင် ဆောင်ရွက်ခဲ့တယ်။

စီးပွားရေးလုပ်ငန်းများကို အပြီးအပိုင်လွှဲပြောင်း ဝယ်ယူလုပ်ကိုင်ခြင်းများဟာလည်း နောက်တစ် နည်းဖြစ် တယ်။ Disney ကုမ္ပဏီဟာ Marvel ကုမ္ပဏီရဲ့ ကာတွန်း ဇာတ်လမ်းများကို ဒေါ်လာ လေးဘီလီယံနဲ့ ဝယ်ယူရာမှာ ဇာတ်လမ်းသရုပ်ဆောင်ပေါင်း ငါးထောင်ကိုပါ ဝယ်ယူလိုက်ခြင်းဖြစ်တယ်။ ဒီဇာတ်ကောင်တွေကို အသုံးချပြီး သူ့ရဲ့လက်ရှိလုပ်ငန်းဖြစ်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ၊ ကာ တွန်းရုပ်ရှင်တွေနဲ့ Disney Land ပန်းခြံတွေမှာ အကျိုးပိုရှိအောင် သုံးစွဲသွားနိုင်တယ်။

ဦးပိုင်ကုမ္ပဏီအများအပြားဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်း ဖွဲ့စည်းပုံကို ပြန်လည်ပြုပြင်ခြင်းနဲ့ ဗဟိုချုပ်ကိုင်မှုတွေလျော့ချခြင်းများကို ပြုလုပ်ခဲ့တယ်။ အဓိကလုပ်ငန်းများကို ပိုင်ဆိုင်မှုကို တိုးမြှင့်ပေးတယ်။ တာဝန်ယူမှုကိုလည်း ပိုလုပ်တယ်။ အားလုံးဟာ ရှယ်ယာဝင်များအတွက် ပိုအကျိုးရှိစေဖို့ဖြစ်တယ်။

အောင်မြင်တဲ့ကုမ္ပဏီများဟာ ပူးပေါင်းလုပ်ငန်းအဖွဲ့များကို အချိန်ယူဖွဲ့စည်းလုပ်ကိုင်ကြတယ်။ Tool-works ဆိုတဲ့လုပ်ငန်းဟာ ဗဟိုချုပ်ကိုင်မှုကင်းတဲ့ စုပေါင်းလုပ်ငန်းအဖွဲ့ပေါင်း ၃၆၅ ဖွဲ့ ဖွဲ့ပြီး လုပ်ကိုင်တယ်။ စုပေါင်းလုပ်ကိုင်မှုကို ထိပ်ပိုင်းကစပြီး ဦးဆောင်ဖို့လည်း အရေးကြီးပါတယ်။

ညွန့်သောင်း