မကြီးမငယ်အရွယ်တို့၏ ဆယ်စုနှစ်စတင်ခြင်း

၂၀၂၀ ပြည့်နှစ်ဟာ မကြီးမငယ်အရွယ်ပြည်သူတွေရဲ့ ဆယ်စုနှစ်စတင်တဲ့နှစ်ဖြစ်ပါလိမ့်မယ်။ ‘မကြီးမငယ်’အရွယ်ဆိုတာ ဂျပန်လူမျိုးတွေကအသက် ၆၅ နဲ့ ၇၅ နှစ် ကြား အရွယ်တွေကိုခေါ်ဆိုတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၅ – ၆၀ လွန်နှစ်တွေအတွင်း ချမ်းသာတဲ့နိုင်ငံတွေမှာမျိုးအောင်နှုန်းမြင့်တက်ပြီး ကလေးတွေအမြောက်အမြားမွေးဖွားတဲ့ Baby Boom ခေတ်ဆိုတာပေါ်ပေါက်ခဲ့ပါတယ်။

လာမယ့်နှစ်တွေအတွင်း အဲဒီခေတ်မှာမွေးဖွားခဲ့သူတွေအငြိမ်းစားယူတဲ့ဦးရေက အများဆုံးဖြစ်မယ်လို့ မျော်မှန်းကြပေမဲ့ သူတို့အငြိမ်းစားယူဦးကြမှာမဟုတ်ပါဘူး။ Baby Boomer လို့ခေါ်တဲ့အဲဒီလူတွေဟာ မကြီးမငယ်အသွင်ဖြင့်အလုပ်ဆက်လုပ်ကာ လူမှုဆက်ဆံရေးတွေဆက်ရှိပြီး သူတို့သက်တမ်းတလျောက်အကြိမ်ကြိမ် ပြုလုပ်ခဲ့တဲ့အတိုင်း ကမ္ဘာကြီးကိုပြောင်းလဲပေးကြပါလိမ့် မယ်။

မကြီးမငယ်တွေကို(Young နဲ့ Old ) ဝေါဟာရနှစ်လုံးပေါင်းပြီး ‘Yold’ လို့ခေါ်ပါတယ်။ သူတို့တွေဟာ သူတို့ထက်အသက်ပိုကြီးတဲ့ ယခင်မျိုးဆက်တွေထက် ပိုကျန်းမာ၊ ပိုချမ်းသာပြီး ဦးရေပိုများပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာ ၂၀၂၀ ပြည့်နှစ်ကျရင် ၆၅ – ၇၄ နှစ်အရွယ် လူဦးရေ ၁၃၄ သန်းရှိပါမယ်။ ၂၀၀၀ ပြည့်နှစ်က ၉၉ သန်း ရှိခဲ့တာမို့ကမ္ဘာ့လူဦးရေရဲ့ ၈ ရာခိုင်နှုန်းမှ ၁၁ ရာ ခိုင်နှုန်းတိုးလာတာဖြစ်တယ်။ ဒါဟာ တခြားကြီးမားတဲ့ အုပ်စုတွေအားလုံးထက်အမြန်ဆုံးနှုန်းဖြစ်တယ်။

အသက်ကြီးလာရင် ကျန်းမာရေးချွတ်ယွင်းလာလေ့ရှိပေမဲ့ မကြီးမငယ်တွေက အများစုထက်ပိုပြီး တောင့်ခံနေကြပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေမှ ၂၀၀၀-၂၀၁၅ ခုနှစ်အတွင်း လူ့သက်တမ်းဟာ ၃.၇ နှစ်တိုးလာပြီး ၃.၂ နှစ်ကျော်ကြာကျန်းမာကြကြောင်း WHO ခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုထားပါတယ်။ ဒီလူတွေဟာ စီးပွားရေးလည်းပိုကောင်းကြတယ်။ တခြားအသက်အရွယ်အုပ်စုတွေ အားလုံးစီးပွားရေးကျပေမဲ့ အမေရိကန်နိုင်ငံမှအသက် ၆၂ နှစ်အထက် အိမ်ထောင်ဦးစီးရှိတဲ့မိသားစုတွေရဲ့ အလယ်အလတ်ဥစ္စာဓနဟာ ၆၀ ရာခိုင်နှုန်းတိုးလာလို့ ဒေါ်လာ ၂၁၀,၀၀၀ ဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ်က ချမ်းသာတဲ့နိုင်ငံတွေမှာ အသက် ၆၅ – ၆၉ နှစ်ကြားလူဦးရေ ၅ ပုံ ၁ ပုံက အလုပ်လုပ်ကြတယ်။ အလုပ်လုပ်ခြင်းကြောင့် လူတွေပိုပြီးကျန်းမာအသက်ရှည်ကြသတဲ့။

ပုံမှန်အတိုင်း အငြိမ်းစားယူပြီးနောက် အလုပ်ဆက်လုပ်တဲ့လူတွေဟာ အိုမင်းခြင်းနဲ့ဆက်စပ်တဲ့သိသာ မြင်လွယ်တဲ့လျော့နည်းမှုကို နှေးကွေးစေပြီး သူတို့ထက် အသက်တစ်နှစ်ခွဲပိုငယ်သူထက် သိသာတဲ့စွမ်းဆောင်ရည် ပိုရှိကြောင်း ဂျာမန်လေ့လာချက်တစ်ခုက ဖော်ပြခဲ့ပါတယ်။ တိုတိုပြောရရင် သူတို့ဟာ သမားရိုးကျဇရာအိုတွေမဟုတ်ဘူး။ သူတို့ဟာ ခြေစွပ်ဖိနစ်စီးပြီးမြေးတွေထိန်းတဲ့ အငြိမ်းစား သက်ကျားအိုတွေရဲ့ ပုံစံဟောင်းကိုစိန်ခေါ်ကြတယ်။ အဲဒါက စားသုံးမှု၊ ဝန်ဆောင်မှုနဲ့ ငွေကြေးဈေးကွက်တွေ ကိုဖြိုခွဲလိမ့်မယ်။ ၆၀ ကျော်အရွယ်တွေဟာ လေကြောင်းလုပ်ငန်းမှာ အမြန်ဆုံးကြီးထွားလာတဲ့ ခရီးသည်အုပ်စု တစ်စုဖြစ်တယ်။ သူတို့ဟာ ပြည်ပအပန်းဖြေခရီးသွားတဲ့ အခါလူငယ်တွေထက် ပိုသုံးစွဲနိုင်တာကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် သိပ်အရေးပါတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့ အငြိမ်းစားနဲ့သက်ကြီးပညာရေးဌာနခွဲမှာ တစ်ကျောင်းလုံးရဲ့ကျောင်းသားဦးရေ ထက် ပိုများတယ်။ အရေးပါတဲ့ ပင်စင်လစာငွေတွေကြောင့် မကြီးမငယ်တွေဟာ ပုံသေနှစ်စဉ်ရန်ပုံငွေတွေဖြန့်ချီခံသူ ဘဝကနေ ငွေကြေးဝန်ဆောင်မှု ပံ့ပိုးဖြည့်ဆည်းသူတွေ ဘဝရောက်အောင် အာမခံလုပ်ငန်းတွေကိုအသွင်ပြောင်းပေးနေကြတယ်။ ဒါဟာ ပင်စင်ရန်ပုံငွေတွေကို ပိုပြီးတက် ကြွစွာစီမံခန့်ခွဲလိုတဲ့ ဖောက်သည်တွေအတွက်ဖြစ်ပါတယ်။

မကြီးမငယ်အရွယ်ဦးရေတွေတိုးပွားလာခြင်းဟာ စီးပွားရေးလောကမှအစ လူ့အဖွဲ့အစည်းတွေအထိ သူတို့ကို အကျိုးရှိစေပါလိမ့်မယ်။ အလုပ်ရှင်တွေနဲ့လူ့စွမ်းအား အရင်းအမြစ်ဌာနတွေဟာ အသက်ကြီးလာရင် ကုန်ထုတ်စွမ်းအားကျဆင်းတယ်လို့ထင်ကြပေမယ့် ဂျာမနီနိုင်ငံရှိ ကုန်ကားထုတ်လုပ်မှုနဲ့အာမခံလုပ်ငန်းတွေက သက် ကြီးလုပ်သားတွေဟာ ပျမ်းမျကုန်ထုတ်စွမ်းရည်ထက် အနည်းငယ်ပိုထုတ်လုပ်နိုင်ကြပြီး အသက်အရွယ်မျိုးစုံ ပါဝင်တဲ့လုပ်သားအဖွဲ့တွေကတော့ ကုန်ထုတ်စွမ်းအား အများဆုံးရှိကြတယ်လို့ ဆိုပါတယ်။

လူတွေကနှစ်ပိုရှည်ကြာစွာအလုပ်လုပ်ပြီး ဆေးကုသမှုစရိတ်လိုအပ်ချက်လျော့နည်းလာလို့ ကျန်းမာရေးနဲ့ပင်စင်အတွက်ပြည်သူ့အသုံးစရိတ်ဟာ ထင်တာထက်ပို နည်းတာကြောင့် လူ့အဖွဲ့အစည်းတွေအတွက်ပိုကောင်းပါလိမ့်မယ်။ ဒါပေမဲ့ ဒါတွေအားလုံးပြောင်းလဲဖို့ကမကြီး မငယ်တွေရဲ့ ဖိအားအရကြီးမားတဲ့ ကိစ္စသုံးခုပြောင်းလဲဖို့လိုပါမယ်။ အရေးအကြီးဆုံးက သက်ကြီးပိုင်းတွေအပေါ် ထားရှိတဲ့ပြည်သူတွေရဲ့ သဘောထားဖြစ်ပါတယ်။ အထူးသဖြင့် ၆၀ ကျော်တွေဟာ အငြိမ်းစားယူပြီး နောက်တန်းမှာအေးဆေးသွားထိုင်နေကြဖို့ အများပြည်သူတွေက မျော်လင့်ကြပါတယ်။
ကုမ္ပဏီအများအပြားဟာ ပိုငယ်တဲ့လူတွေကိုသာသင်တန်းပေးခြင်းအားဖြင့် သက်ကြီးလုပ်သားတွေကို ခွဲခြားဆက်ဆံကြတယ်။ ဒါမှမဟုတ် အချိန်ပိုင်း အလုပ်ခန့်အပ်မှုနဲ့အလုပ်မျဝေလုပ်ကိုင်ခြင်းဖြင့် ကန့်သတ်ထားပါတယ်။ ကုမ္ပဏီတွေအနေနဲ့ အသက်ကြီးသူတွေကိုပိုပြီး လက်သင့်ခံကြဖို့ မကြီးမငယ်တွေက တောင်းဆိုကြပြီး အသက်ကြီးခြင်းအပေါ် သူတို့ရဲ့သဘောထားတွေပြောင်းလဲပစ်ဖို့ ကူညီကြရပါမယ်။

အစိုးရမူဝါဒတွေကိုလည်း ပြောင်းလဲဖို့လိုနေပါတယ်။ ချမ်းသာတဲ့နိုင်ငံအများအပြားမှာ အငြိမ်းစားယူတဲ့ အသက်အရွယ်ဟာ ဝန်ထမ်းအများအပြား အလုပ်လုပ်ချင်သေးတဲ့ အသက်ထက်ပိုငယ်နေတယ်။ (ဥပမာ ပုံမှန်ပင်စင်ယူတဲ့ အသက် ၆၀ ထက်စောပြီး ပင်စင်ပေးတာမျိုးပါ။) ပြည်သူတွေဟာ လုပ်ငန်းခွင်ကိုအမှန်တကယ်စွန့်ခွာတဲ့ အငြိမ်းစားယူတဲ့ တရားဝင်အသက်အရွယ်ကများသော အားဖြင့် ပိုပြီးငယ်ပါသေးတယ်။ အစိုးရမူဝါဒဟာ ကုန်းလျောမြေလိုဖြစ်ရမယ့်အစား ချောက်ကမ်းပါးအစွန်းလိုဖြစ် စေပါတယ်။

တတိယအချက်က ပိုများပြားတဲ့ ကျန်းမာတဲ့ဇရာအိုဦးရေကြောင့် ကျန်းမာရေးအသုံးစရိတ်တွေကို သိသာစွာပြောင်းလဲစေဖို့လိုပါမယ်။ ရောဂါအများစုကို ကြိုတင်ကာကွယ်ခြင်းနဲ့ ဘဝနေမှု ပုံစံပြောင်းလဲခြင်းတို့ဖြင့် အသက်ကြီးရင်ဖြစ်တတ်တဲ့ ရောဂါဘယတွေကို လျော့နည်းစေနိုင်ပါတယ်။

ဒါပေမဲ့နိုင်ငံအများစုဟာ ကျန်းမာရေးစရိတ်တွေရဲ့ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းခန့်သာ ကြိုတင်ကာကွယ်မှုအတွက် အသုံးပြုပါတယ်။ နောက်ဆယ်စုနှစ်အတွင်း မကြီးမငယ်ပြည်သူတွေဟာ ကျန်းမာရေးနဲ့လှုပ်ရှားမှုတို့သိသာစွာကြီးထွားမှုမှာ ပါဝင်ကြပေမယ့်လည်း အဲဒီရာခိုင်နှုန်းက တိုးလာဖို့လိုနေပါသေးတယ်။ ၂၀၃၀ ပြည့်နှစ်ကျရင် လက်ရှိမကြီးမငယ်အရွယ်လူသားတို့ဟာ အသက် ၇၅ နှစ်ရှိနေမှာဖြစ်ပြီး အဲဒီကာလဟ ကျဆင်းမှုကာလရှည် ဖြစ်နေပါလိမ့်မယ်။ ဒီအတွက်ကိုလည်း ချမ်းသာတဲ့ နိုင်ငံ တချို့သာအဆင့်သင့်ဖြစ်နေကြမှာပါ။

Ref: John Parker ရဲ့ The decade of the “young old” begins ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုသည်။

စိုးညွန့်ဇော်