ဗီဒီယိုဇာတ်လမ်းများ စဉ်ဆက်မပြတ်ထုတ်လွှင့်ခြင်းလုပ်ငန်း တရုတ်နိုင်ငံ၏ Netflix ဟုခေါ်ဆိုရမည့် iQiyi

ရဲညွန့် (မဟာဝိဇ္ဇာ၊နိုင် – ဆက်)

iQiyi ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယင်းကိုပြည်ပစာနယ်ဇင်းများက’တရုတ်ပြည်၏ Netflix’ ဟုခေါ်ကြသည်။ (Netflix) ဆိုသည်မှာ ရုပ်မြင်သံကြားဇာတ်လမ်းများ၊ ရုပ်ရှင်များကိုကြော်ငြာမပါ၊ စဉ်ဆက်မပြတ်ထုတ်လွှင့်ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။ Netflix သို့ လစဉ်ကြေးပေး၍အသင်းဝင်ထားခြင်းဖြင့် ယင်း၏ဝန်ဆောင်မှုများဖြစ်သည့် ရုပ်မြင်သံကြားနှင့်ဗီဒီယိုဇာတ်လမ်း ထုတ်လွှင့်မှုများကို အဆက်မပြတ်ကြည့်နိုင်လေသည်။)

မစ္စတာကုန်းယု (Mr Gong Yu)

ယင်းဝန်ဆောင်မှုကို တရုတ်နိုင်ငံတွင် ပထမဦးဆုံးစတင်လုပ်ကိုင်ခဲ့သည့် iQiyi သည် ယခုအခါအောင်မြင်မှုများရနေသဖြင့် ယင်းအား Netflix ဟုခေါ်ဆိုကြခြင်းမှာမှားသည်ဟုမဆိုနိုင်။ သို့သော်လည်း iQiyi ကို တည်ထောင်သူလည်းဖြစ်ပြီး အကြီးအကဲတစ်ဦးလည်းဖြစ်သော မစ္စတာကုန်းယု (Mr Gong Yu) ကသူ၏ဝန်ဆောင်မှုလုပ်ငန်းသည် Netflix ထက်ပို၍သာသဖြင့် Netflix Plus ဟုခေါ်တွင်မှသာ ပိုမိုတိကျမည်ဖြစ်သည် ဟုဆိုလေသည်။ ဤကဲ့သို့ဆိုခြင်းမှာအလွန်ရဲတင်းသောကြွေးကြော်မှုတစ်ခုဖြစ်သည်။

အရှုံးဖြင့်လုပ်ရသည့် ထိုလုပ်ငန်း၏တန်ဖိုးသည် အမေရိကန်နိုင်ငံရှိ ဝင်ငွေကောင်းသော Netflix ၏ ဈေးကွက်တန်ဖိုးဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၁၄ ဘီလီယံ၏ ငါးပုံတစ်ပုံသာရှိသည်။ သို့သော်လည်း မစ္စတာကုန်းယုကထိုကဲ့သို့ကြွေးကြော်ရခြင်းမှာ အကြောင်းရင်းရှိလေသည်။ iQiyi သည် Netflix ကဲ့သို့ပင် လိုင်စင်ရထားပြီး မူလထုတ်လုပ်ထားသည့် (ရုံမတင်ရသေးသည့်) ရုပ်ရှင်ဇာတ်လမ်းများကို ကြည့်ရှုသူအသင်းဝင်များသို့ စုံစုံလင်လင်တင်ဆက်သည်။

လစဉ်ကြေးများအပေါ်တွင် လုံးဝနီးပါးမှီခိုနေရသည့် Netflix နှင့်မတူညီသည့်အချက်မှာ iQiyi တွင်ဝင်ငွေ၊ ရပေါက်ရလမ်းများစွာရှိသည်။ တစ်လလျင် ၁၉.၈ ယွမ် (၂.၈၇ ဒေါ်လာ) ပေးရသည့် အသင်းဝင်ကြေး (လစဉ်ကြေး)မှရရှိသော ဝင်ငွေသည် ဒုတိယသုံးလပတ်တွင်ရရှိသည့် ဝင်ငွေ ၇.၄ ဘီလီယံ ယွမ်၏ထက်ဝက်သာရှိသည်။ ကျန်သောဝင်ငွေတစ်ဝက်မှာ အွန်လိုင်းစတိုးဆိုင်မှရလေသည်။ ယင်းအွန်လိုင်းစတိုးသည် ဖြေဖျော်မှုနှင့်ပတ်သက်သောပစ္စည်းများကို ရောင်းချသည်။ မိုဘိုင်းဂိမ်းများ၊ အီလက်ထရောနစ်စာအုပ်များရောင်းချပြီး ကြော်ငြာများကိုလည်းတင်သော အလားအလာကောင်းသည့်လုပ်ငန်းတစ်ခုဖြစ်သည်။

iQiyi ကငွေကြေးချွေတာသည့်သူများအား ကြော်ငြာများညှပ်ထည့်ထားသည့် ရုပ်ရှင်ကားများကိုအခမဲ့တင်ဆက်ပေးသည်။ ထိုပုံစံကို ”လစဉ်ကြေးအခမဲ့ပုံစံ”(Freemium Model) ဟု ခေါ်လေသည်။ ပြည်တွင်းဈေးကွက်မှ ပြည်ပဈေးကွက်သို့ မထွက်သည့် iQiyi အတွက် အဆင်ပြေစရာအကြောင်းအချက်တစ်ခုမှာ တရုတ်နိုင်ငံက Netflix အားအဝင်မခံခြင်းဖြစ်သည်။ နိုင်ငံခြားအကြောင်းအရာများပိတ်ပင် ခြင်းဥပဒေများအရ ပိတ်ထားခြင်းဖြစ်သည်။ သို့သော် လည်း တရုတ်နိုင်ငံသည်တခြားဗီဒီယိုထုတ်လွှင့်သည့် နိုင်ငံခြားဝန်ဆောင်မှုလုပ်ငန်းများနှင့် ယှဉ်ပြိုင်ရခြင်းမှ ကင်းလွတ်သည်ဟုမဆိုနိုင်။

iQiyi သည် Netflix နှင့်ယှဉ်ပြိုင်ဘက်များဖြစ်သည့် Disney ၊ AT&T ကပိုင်ဆိုင်သော HBO နှင့် Comcast ကပိုင်ဆိုင်သော NBC Universal တို့အကြား ‘ဇာတ်လမ်းထုတ်လွှင့်မှုစစ်ပွဲများ’ မှကင်းလွတ်၍မနေပါ။ လက်ရှိတွင် iQiyi သည် Tencent Video နှင့်ရင်ဆိုင်ယှဉ်ပြိုင်နေရသည်။ Tencent Video ၏မိခင်ကုမ္ပဏီဖြစ်သော တရုတ်နိုင်ငံ၏အကြီးမားဆုံးသော နည်းပညာကုမ္ပဏီများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် Tencent ဟူသောကုမ္ပဏီကြီး၏အမည်ကို တိုက်ရိုက်ယူထားခြင်းဖြစ်သည်။ Tencent Video သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအကုန်တွင် လစဉ်ကြေးပေးသူ ၁၁၄ သန်းဖြင့် iQiyi ကိုကျော်တက်သွားသည်။

ထိုအချိန်တွင် iQiyi သို့ လစဉ်ကြေးပေးသူအရေအတွက်မှာ ၁၀၅ သန်းရှိသည်။ Tencent Video သည်လည်း Freemium Model ကိုအသုံးပြုပြီး လစဉ်ကြေးကိုတစ်လလျင် ၂၀ ယွမ်သာကောက်သည်။ ပြီးခဲ့သည့်သုံးလပတ်က Tencent Video ကလစဉ်ကြေးပေးကြည့်သူနှစ်သန်းထပ်မံရရှိနေချိန်တွင် မစ္စတာကုန်းယု၏ iQiyi သည် လစဉ်ကြေးပေးသူ ၁၄ သန်းခန့် ဆုံရှုံးခဲ့ရသည်။ ဤကဲ့သို့ ဆုံးရှုံးမှုများမှာ ဗိုင်းရပ်စ်ပိုးကြောင့် ထုတ်လွှင့်မှုပြတ်တောက်ခြင်းကဲ့သို့သော အလွန်ဖြစ်ခဲသည့်အကြောင်းများကြောင့်သာဖြစ်ရသည်ဟု iQiyi က ဆိုသည်။ တဲင်းဆင့်ဗီဒီယို Tencent Video က လူကြိုက်များသည့် ဇာတ်လမ်းတွဲများဖြစ်သည့် Chernobyl နှင့် Silicon Valley တို့ ကဲ့သို့သော အင်္ဂလိပ်ဘာသာစကားပြောသည့် ဇာတ်ကားများကို ပိုမိုများပြားစွာထုတ်လွှင့်သည်။

အရေးကြီးသည့်အချက်တစ်ချက်မှာ Tencent Video နှင့် iQiyi တို့အကြားကိုယ်စားပြုတိုက်ပွဲ (Proxy War) ကို ဆင်နွှဲနေကြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ Tencent Video သည် ယင်း၏ မိခင်နည်းပညာကုမ္ပဏီကြီး Tencent ကိုကိုယ်စားပြုနေပြီး iQiyi က ယင်း၏ရှယ်ယာအများစုပိုင်ဆိုင်သည့် Baidu ကိုကိုယ်စားပြုခြင်းဖြစ် သည်။ Baidu သည် ပညာရှင်အဆင့်အလုပ်သမားရှာဖွေရေးကုမ္ပဏီကြီးဖြစ်သည်။ ”ယှဉ်ပြိုင်ဘက်များထဲတွင် မတည်ရင်းနှီးငွေကြီးမားပြီး အရည်အသွေးရှိသူများအား လျော်ကြေးငွေများစွာပေးနိုင်သည့် ကုမ္ပဏီများလည်းပါဝင်သည်” ဟု iQiyi ကယင်း၏ နောက်ဆုံးထုတ်ဝေသည့် နှစ်ပတ်လည်အစီရင်ခံစာတွင်ဝန်ခံထားသည်။ ဗီဒီယိုကားများစဉ်ဆက်မပြတ် ထုတ်လွှင့်ခြင်းလုပ်ငန်းသည် ချိန်ခွင်လျာတည့်နေသည့်၊ ညီမျမည့်လုပ်ငန်းမဟုတ်ဟု လစဉ်ကြေးပေးကြည့်သူ အနောက်တိုင်း သားအချို့ကဆိုကြသည်။

တရုတ်ဈေးကွက်သည် iQiyi နှင့် Tencent Video တို့ဆက်လက်ရှင်သန်ဖို့ ကြီးမားလာဦးမည်ဟု BOCOM International မှ မစ္စကီကီကျိုး (Gigi Zhou) ကတွက်ဆသည်။ လစဉ်ကြေးပေး၍ ကြည့်သူများအရေအတွက်သည် ၂၀၁၉ ခုနှစ်တွင်သန်းသုံးရာရှိ ရာမှ ၂၀၂၃ ခုနှစ်တွင် သန်းလေးရာသို့ မြင့်တက်လာလိမ့်မည်ဟု မစ္စကျိုးကမျော်လင့်ထားသည်။ နောက်ထပ်ယှဉ်ပြိုင်ဘက် အသစ်မပေါ်မချင်း ဤကုမ္ပဏီနှစ်ခုအနက်တစ်ခုစီသည် အမြတ်ပေါ်လာစေရန် ကြည့်ရှုသူ သန်း ၁၅၀ ခန့်ကို ဆွဲဆောင်နိုင်လိမ့်မည်။ ဗီဒီယိုထုတ်လွှင့်ခြင်းလုပ်ငန်းများ ငြိမ်းချမ်းရေးဖြစ်မလာမီ iQiyi က အခြားထိုးနှက်မှုတစ်ခုကိုရင်ဆိုင်နေရသည်။

ငွေကြေးသက်သေခံလက်မှတ်ရောင်းဝယ်သူတစ်ဦးက (Short Seller) iQiyi သည် အရောင်းကိန်းဂဏန်းများကို ဖောင်းပွအောင်လုပ်နေသည်ဟု စွပ်စွဲပြောဆိုပြီးနောက်ပိုင်းအမေရိကန်နိုင်ငံ၏ ငွေကြေးသက်သေခံလက်မှတ်များနှင့် ငွေကြေးလဲလှယ်မှုကော်မရှင် (Securities and Exchange Commission) ၏ စစ်ဆေးမှုများခံခဲ့ရကြောင်း iQiyi က ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၃ ရက်တွင်ပြောကြားခဲ့သည်။ သို့သော်လည်း iQiyi က ထိုစွပ်စွဲချက်ကို ငြင်းပယ်ထားသည်။ အပြစ်ရှိကြောင်းတွေ့ရှိပါက iQiyi အား အမေရိ ကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Nasdaq Exchange တွင် စာရင်းသွင်းထားခြင်းမှပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် iQiyi ၏ ရှယ်ယာဈေးနှုန်းများသည် တည်ငြိမ်နေသဖြင့် ယင်းတွင်လာရောက်ရင်းနှီးမြှုပ်နှံသူများ၏ မစ္စတာကုန်းယုအပေါ်ယုံကြည်မှုမှာ မယိမ်းမယိုင်ရှိနေသေးသည်။

မှတ်ချက် ။ ။ (ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် (ရှယ်ယာ၊ စတော့တို့ကဲ့သို့သော) ငွေကြေးသက်သေခံလက်မှတ်တစ်ခုအားဝယ်ယူပြီး ဈေးကွက်တွင်ရောင်းချသည်။ ထိုလက်မှတ်၏တန်ဖိုးကျသွားမှသာပြန်ဝယ်သည်။ ထိုသို့ အမြတ်အစွန်းရှာဖွေခြင်းကို Short-selling ဟု ခေါ်သည်။ )

Ref : A big-sum game, The Economist, August 22, 2020