နှစ်သစ်မျော်လင့်ချက် ရောင်ခြည်

မောင်သာအမေရိကန်နိုင်ငံတွင် ဒီမိုကရက်တစ်သမ္မတအသစ်ဂျိုးဘိုင်ဒင်အနိုင်ရရှိသွားပြီဖြစ်ရာ နောင်လာမည့် ငါးနှစ်တာကာလအတွက် ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအပြောင်းအလဲများ ရှိလာမည်ဖြစ်ပါသည်။ အထူးသဖြင့် သမ္မတဟောင်းဒေါ်နယ်ထရမ့်အနေဖြင့် အာဆီယံနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု၊ အထူးသဖြင့် ၂၀၁၇ အာဆီယံနိုင်ငံများ ညီလာခံမှလွဲ၍ မကြာမီကပြီးသွားသည့် ညီလာခံအပါအဝင် သုံးကြိမ်တိုင်တိုင်တက်ရောက်ခြင်းမရှိသဖြင့် အားနည်းခဲ့ပါသည်။

သို့သော် သမ္မတသစ်ခေတ်တွင်မူ အာဆီယံနှင့်ဆက်ဆံရေးပိုမိုကောင်းမွန်လာဖွယ်ရာရှိပြီး ပါဝါချိန်ခွင်ညှိနိုင်မည်ဖြစ်ပါသည်။ အပြုသဘောများစွာရှိနေပါသည်။ နိုဝင်ဘာလ ၁၅ ရက်တွင် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership (RCEP)) ကို အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်တို့ သဘောတူလက်မှတ်ထိုးလိုက်သည်ဖြစ်ရာ လူဦးရေ၊ ၂.၂ ဘီလီယံနှင့် ကုန်ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၆.၂ ထရီလီယံ တစ်နည်းအားဖြင့် ထုတ်လုပ်မှု၏ ၃၀ ရာ ခိုင်နှုန်းရှိရာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေးစာချုပ်သည် မြန်မာနိုင်ငံအတွက်အရေးပါပြီး အကျိုးရှိမည်မလွဲပေ။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၈ ရက်၌ ပြုလုပ်ကျင်းပပြီးသော ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရအနေဖြင့် အများမျော်လင့်ထားသည့်အတိုင်း အစိုးရဖွဲ့နိုင်ရန် မဲအင်အားအသာနှင့် အနိုင်ရသွားပြီဖြစ်ပါသည်။ ပထမငါးနှစ်၏ အတွေ့အကြုံ၊ ဗဟုသုတများကို အခြေခံ၍ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအဖို့ စိတ်ချစွာဝင်ရောက်လာနိုင်ရန်၊ လက်ရှိစီးပွားရေးနယ် ပယ်အသီးသီးမှ လုပ်ငန်းများရပ်တည်ရှင်သန်နိုင်ရန်၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ တိတိကျကျလုပ်ဆောင်ရန်၊ ပြည်တွင်းလုပ်ငန်းရှင်များ ခိုင်မာစွာရပ်တည်နိုင်ရန်၊ အထူးသဖြင့် COVID ကာလအတွက် အခွန်အခများ ပေါ့လျော့ရန်၊ ထိုက်သင့်သည့်ဘဏ်တိုးများစဉ်းစားရန်တို့ စသဖြင့် လုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ လူမှန်၊ နေရာမှန်ရွေးချယ်တာဝန်ယူစေခြင်းဖြင့် မြန်မာနိုင်ငံမှ ရရှိမည့်အခွင့်အရေးများကို အခွင့်ရေးကောင်းများအဖြစ် ဖန်တီးနိုင်ရန် မျော်လင့်လျက် …။

Ref: CNA, CNN