တိုက်ဂါးကစားနေသည့်ပြိုင်ပွဲများ

တိုက်ဂါးက သူအိမ်ရှင်အဖြစ်ကျင်းပသည့် Hero World Challenge ဂေါက်သီးပြိုင်ပွဲအား တစ်ရက်စော၍ ကျင်းပခဲ့သည်။ ပုံမှန်အားဖြင့် ကြာသပတေးနေ့တွင်စတင်ပြီး တနင်္ဂနွေနေ့တွင်ပြီးရမည့်ပွဲအား ဗုဒ္ဓဟူးနေ့တွင်စတင်၍ စနေနေ့တွင် အဆုံးသတ်ခဲ့သည်။ ၂၀၁၉ ခု နှစ်၊ ဒီဇင်ဘာလ ၄ ရက်မှ ၇ ရက်အထိ ဖြစ်ပါသည်။ အကြောင်းမှာ ဒီဇင်ဘာလ ၁၂ ရက်တွင် သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ကျင်းပမည့် သမ္မတများဖလားပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် ကြိုတင်ပြင်ဆင်ရန် အချိန်တစ်ရက်ပိုရလိုသောကြောင့်ပါ။ တိုက်ဂါးက အမေရိကန်လက်ရွေးစင်အသင်း၏ လက်ရွေးစင်အဖြစ်သာမက လူ ထွက်မှု၊ လူတွဲမှုစသည်များကိုစီစဉ်ရသူ အသင်းကပ္ပတိန်အဖြစ်ပါ တာဝန်ယူထားရပါသည်။ သမ္မတများဖလားသည် အမေရိကန်လက်ရွေးစင် ၁၂ ဦးနှင့် ဥရောပမပါဝင်သော အပြည်ပြည်ဆိုင်ရာ လက်ရွေးစင် ၁၂ ဦးတို့ အသင်းလိုက်ယှဉ်ပြိုင်ရသော ပြိုင်ပွဲဖြစ်ပါသည်။

တိုက်ဂါးအိမ်ရှင်လုပ်သည့် Hero World Challenge ပြိုင်ပွဲသည် Tiger Woods Foundation ဟု ခေါ်သော လူမှုရေးအဖွဲ့အစည်း၏ ရန်ပုံငွေရှာဖွေသည့် ပွဲဖြစ်ပါသည်။ ဤဖောင်ဒေးရှင်းအား တိုက်ဂါး၏ဖခင်ဖြစ်သူနှင့် တိုက်ဂါးတို့ ၁၉၉၆ ခုနှစ်ကတည်းကတည်ထောင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးများတိုးတက်စေရန် ဆောင်ကြဉ်းပေးနေသော အဖွဲ့အစည်းပါ။

အဆိုပါ ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေရှာသည့် ပွဲအား ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်ကျင်းပလာခဲ့ပါ သည်။ ပြိုင်ပွဲအမည်မှာ အဓိကစပွန်ဆာလုပ်သူ ကုမ္ပဏီအမည်ကို ရှေ့ကခံပေးလေ့ရှိရာ ပထမဆုံးနှစ်က Williams World Challenge အမည်နှင့် ဖြစ်ခဲ့ပါသည်။ ယင်းနောက် Target World Challenge ၊ Chevron World Challenge ၊ North Western Mutual World Challenge စသော အမည် များဖြင့် ကျင်းပခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှစ၍ အိန္ဒိယမှ မော်တော်ဆိုင်ကယ်ကုမ္ပဏီ Hero က အဓိကစပွန်ဆာ တာဝန်ယူကာ ံHero World Challenge ဟူသောအမည်ဖြင့် ကျင်းပလျက်ရှိပါသည်။

ဤပြိုင်ပွဲသည် ပီဂျီအေတိုးအမည်ပေါက်သော ပြိုင်ပွဲတော့မဟုတ်ပါ။ ပြိုင်ပွဲဝင်ဦးရေလည်း ၁၈ ဦးသာရှိသည်။ တိုက်ဂါး၏ပွဲဖြစ်သဖြင့် လူတိုင်းက ပါဝင်ကစားလိုကြသည်။ ပါဝင်ကစားခွင့်ပြုသောမူများချမှတ်ထားပါသည်။ မေဂျာဂေါက်သီးပြိုင်ပွဲကြီးများ၏ လက်ရှိချန် ပီယံလေးဦး၊ ကမ္ဘာ့ဂေါက်သီးသမားအဆင့်ဇယားအရ ပါဝင်ကစားနိုင်သူ ထိပ်ဆုံး ၁၁ ဦး၊ ဤပြိုင်ပွဲ၏ ယမန်နှစ်က ချန်ပီယံတစ်ဦးနှင့် ပြိုင်ပွဲကျင်းပသူက ရွေးချယ်သောအခြားနှစ်ဦးတို့ဖြစ်ကြပါသည်။ ပီဂျီအေတိုးအမည်ပေါက်သော ပြိုင်ပွဲမဟုတ်သော်လည်း ကမ္ဘာ့အဆင့်သတ်မှတ်သည့်အမှတ်ကိုမူပေးပါသည်။ လူကောင်းလူတော် များပါဝင်သည့် ပွဲဖြစ်သဖြင့် ဗိုလ်စွဲသူက ကမ္ဘာ့အဆင့် အမှတ် ၄၆ မှတ်ရရှိပါမည်။ လူ ၁၅၆ ဦးပါဝင်ယှဉ်ပြိုင် သော မေဂျာပွဲကြီးများတွင် ဗိုလ်စွဲသူက အမှတ်တစ်ရာ၊ ပီဂျီအေတိုး ပုံမှန်ပွဲဗိုလ်စွဲသူက အမှတ် ၆၀ ခန့်ရလေ့ရှိရာ ၁၈ ဦးသာ ပါဝင်သော ဤပြိုင်ပွဲ၌ ဗိုလ်စွဲသူအား ၄၆ မှတ် ပေးခြင်းမှာ နည်းတော့မနည်းလှပါ။

တိုက်ဂါးပွဲ၌ပေးသည့် ဆုကြေးစုစုပေါင်းက ဒေါ်လာ ၃.၅ သန်းဖြစ်ပြီး ဗိုလ်စွဲသူက ဒေါ်လာတစ်သန်းရပါမည်။ ပြိုင်ပွဲသို့ လက်ရှိမေဂျာချန်ပီယံတစ်ဦးဖြစ်သော ပီဂျီအေချန်ပီယံကမ္ဘာ့နံပါတ်တစ် ဘရွတ်စ်ကက်ပ်ကာ မဝင်နိုင်ခဲ့ပါ။ လက်ကောက်ဝတ်ဒဏ်ရာ မပျောက်ကင်းသေး၍ပါ။ သမ္မတများဖလားပြိုင်ပွဲမှလည်း သူနုတ်ထွက်ခဲ့ရပါသည်။ သူ့အစား ရစ်ကီဖောင်လာကို အစားထိုးရွေးချယ်ထားပါသည်။ ဗြိတစ်ရှ်အိုးပင်းချန်ပီယံ ရှိန်းလော်ရီလည်း တိုက်ဂါးပြိုင်ပွဲသို့ မပါဝင်နိုင်ခဲ့ပါ။ ကမ္ဘာ့အဆင့်ဇယားအရ ပါဝင်ကစားနိုင်သူများက စာရင်းပေးလာကြရာတွင် ဒပ်စ်တင်းဂျွန်ဆင် ၃၊ ဂျပ်စ်တင်ရိုစ့် ၄၊ ဂျပ်စ်တင်တွမ်မတ်စ် ၅၊ ဂျွန်ရမ်း ၆၊ ပက်ထရစ်စ်ကင့်တ်လီ ၇၊ ဇန်ဒါရှောင်ဖ လီ ၉၊ ဘရိုင်ဆန်ဒီရှမ်းဘော ၁၀၊ တိုနီဖီးနောင်း ၁၂၊ ဝက်ဘ် ဆင်မ်ဆင် ၁၄၊ ပက်ထရစ်ခ်ရိဒ် ၁၆၊ ရစ်ကီဖောင်လာ ၁၉၊ မက်တ်ကူချာ ၂၀၊ ဘတ်ဘာဝပ်တ် ဆင် ၂၅ နှင့် ကယ် ဗင်ကစ်စ်နာ ၂၇ တို့ပေါ်ထွက်လာပါသည်။ ကမ္ဘာ့အဆင့်နှစ်မက်ကဲလ်ရွိုင်းလည်း ပါဝင်မကစားနိုင်ခဲ့ပါ။ ကွင်းထဲကပြထားသော ဂဏာန်းများသည် လူဖြတ်သည့် စက်တင်ဘာလလယ်ကပေါက်သော ကမ္ဘာ့အဆင့်များဖြစ်ပါ သည်။

တိုက်ဂါးကဖြည့်စွက်ရမည့် နှစ်နေရာအတွက် ဂျော်ဒန်စပိသ်နှင့် ဟင်းန်ရစ်ခ်စတန်ဆင်တို့ကို ရွေးချယ် ဖိတ်ခေါ်ခဲ့ပါသည်။ မေဂျာသုံးပွဲချန်ပီယံ စပိသ်သည် ကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့ဖူးပြီး စတန်ဆင်သည်လည်း ဗြိတစ်ရှ်အိုးပင်းမေဂျာပွဲကြီး ဗိုလ်စွဲဖူးကာ ၂၀၁၄ ခုနှစ်က ကမ္ဘာ့အဆင့်နှစ် နေရာအထိရောက်ခဲ့သူပါ။ စက်တင်ဘာလလယ်က ကမ္ဘာ့အဆင့်ဇယားတွင် စတန်ဆင်က အမှတ် စဉ် ၃၁ နှင့် စပိသ်က အမှတ်စဉ် ၃၃ တွင် ရှိနေပါသည်။ ထိုအချိန်တွင် ပြိုင်ပွဲဝင်မည်ပြောထားသည့် ဒပ်စ်တင်းဂျွန် စင်က ဤပြိုင်ပွဲသို့ မဝင်တော့ဘဲ ဒူးခွဲပြီးစ၊ ပို၍နားချိန်ရရန် ဤရက်သတ္တပတ်၌ အနားယူကာ သမ္မတများဖလားအတွက် ပြင်တော့မည်ဟု နုတ်ထွက်သွားပါသည်။ ထို့ ကြောင့် သူ့နေရာ၌ ကမ္ဘာ့အဆင့်ဇယားအရ ကပ်လျက်နောက်တစ်ဦးဖြစ်သော ချက်ဇ်ရေးဗီးကို ရွေးချယ်ခဲ့ပါသည်။

သမ္မတများဖလားအပြည်ပြည်ဆိုင်ရာ လက်ရွေးစင်များဖြစ်ကြသော အဒမ်စကော့ ၁၅၊ လူးဝစ်စ်အူစ် သေဇင် ၂၂၊ ဂျေဆင်ဒေး ၂၃၊ မတ်ခ်လိရှ်မင် ၂၄၊ ဟိဒဲခိ မာဆူယားမား ၂၇ တို့မှာ ဘတ်ဘာဝပ်တ်ဆင်ထက် ကမ္ဘာ့အဆင့် ပိုမြင့်ကြသော်လည်း သမ္မတများဖလားပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ဤတိုက်ဂါးပွဲသို့ မဝင်ခဲ့ကြပါ။ ထို့ ကြောင့် ဤတိုက်ဂါး၏ပွဲတွင် အပြည်ပြည်ဆိုင်ရာ သမ္မတများဖလား လက်ရွေးစင်တစ်ဦးမှ မပါတော့ဘဲ အမေရိကန်လက်ရွေးစင် ၁၁ ဦးပင် ပါဝင်နေပါသည်။ ရေပန်းအစားဆုံးမှာ ပူပူနွေးနွေး Race to Dubai ဥရောပတိုးချန်ပီယံ စပိန်မှဂျွန်ရမ်း (Jon Rahm) ဖြစ်ပါသည်။ သူက ဤ တိုက်ဂါးပွဲတွင် ယမန်နှစ်ချန်ပီယံလည်းဖြစ်သည်။ ဥရောပတိုး၏နှစ်ပိတ်ပြိုင်ပွဲဖြစ်သော DP World Tour Championship ကို နိုဝင်ဘာလ ၂၄ ရက်က ဗိုလ်စွဲပြီး နောက် သူသည် ကမ္ဘာ့အဆင့်တွင် တတိယနေရာသို့ရောက်နေပြီဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု အာရီဇိုးနားပြည်နယ်တက္ကသိုလ်၌ ပညာသင်ကြားခဲ့ပြီး အပျော်တမ်း သမားဘဝက ကမ္ဘာ့နံပတ်တစ်နေရာကို ရခဲ့ဖူးသောသူ့အား များမကြာမီ မက်ကဲလ်ရွိုင်းနှင့်ကက်ပ်ကာတို့ကို ကျော် ဖြတ်ကာ ကမ္ဘာ့နံပတ်တစ်ဖြစ်မည့်သူဟု အများကမှန်းဆထားကြပါသည်။

Hero World Challenge ပြိုင်ပွဲအား ဗဟားမားကျွန်းစုနိုင်ငံ Albany ဂေါက်ကွင်း၌ ဒီဇင်ဘာလ ၄ ရက် တွင် စတင်ခဲ့ပါသည်။ တိုက်ဂါးသည် ဒုတိယကော်နာအစပိုင်းတွင် အီဂယ်တစ်ကျင်းအပါအဝင် ငါးကျင်းအတွင်း ငါးချက်လျော့ရခဲ့သေးသော်လည်း နောက်ဆုံး နှစ်ကျင်းတွင် ဘိုဂီ၊ ဒပ်ဘယ်ဘိုဂီများပါသွားကာ အီးဗင်းပါ ၇၂ ချက်ကွင်းပတ်ကိုသာ ရခဲ့ပါသည်။ လေပြင်းတိုက်နေသောနေ့ဖြစ်၍ ရိုက်ရခက်ခဲ့သော်လည်း ဂယ်ရီဝွဒ်လန်းနှင့် ပက်ထရစ်စ်ရိဒ်တို့က ခြောက်ချက်လျော့စီရခဲ့ကြကာ ပူး တွဲဦးဆောင်ခဲ့ကြသည်။ ယမန်နှစ်ချန်ပီယံ ဂျွန်ရမ်းက နှစ်ချက်လျော့သာရခဲ့သည်။

နောက်တစ်နေ့ ဒုတိယကွင်းပတ်တွင် လေပြင်း အစား လေနုအေးသာတိုက်နေသဖြင့် ရိုက်ရလွယ်ခဲ့ပါ သည်။ တိုက်ဂါးက ယင်းနေ့အတွက် အကောင်းဆုံးစကိုး ဖြစ်သော ခြောက်ချက်လျော့ကိုရခဲ့သည်။ ရိဒ်နှင့် ရမ်းတို့ လည်း ခြောက်ချက်လျော့ ရကြသည်။ ဝွဒ်လန်းက သုံး ချက်လျော့သာရသည်။ ရိဒ်က ပထမ ရှစ်ကျင်းအပြီးတွင် ပူးတွဲဦးဆောင်သူအဖြစ်သာရှိခဲ့သေးသော်လည်း ကျန် ဆယ်ကျင်း၌ ခြောက်ချက်လျော့ရခဲ့ပြီး ပေါင်း ၁၂ ချက် လျော့ဖြင့် တစ်ဦးတည်း ဦးဆောင်သူဖြစ်လာသည်။ ဝွဒ် လန်းက ပေါင်း ကိုးချက်လျော့ဖြင့် ဒုတိယနေရာတွင်ရှိနေ ပြီး ရမ်းနှင့် ဟင်းန်ရစ်ခ်စတန်ဆင် (Henrik Stenson) တို့ က ပေါင်းရှစ်ချက်လျာ့၌ ရှိနေကြသည်။ ပထမနေ့က သုံးချက်လျော့ရခဲ့သော စတန်ဆင်သည် ဤနေ့တွင် ငါးချက် လျော့ထပ်ရခဲ့သည်။ တိုက်ဂါးက အနီးကပ်ရိုက်ချက်များ တွင် ကောင်းနေခဲ့သည်။ ဂရင်းလွဲခဲ့သော ကျင်း ခုနစ် ကျင်းစလုံး၌ ‘ပါ’ ပြန်ရအောင် ဆယ်ယူနိုင်ခဲ့သည်။ ကွင်း ပတ်အပြီးတွင်လည်း ပစ်ချင်းဝက်ဂျ်ဖြင့် အနီးကပ် ရိုက် ချက်ပေါင်းများစွာ ဆက်ကျင့်နေခဲ့သည်။ သြဂုတ်လက ဒူးခွဲစိတ်မှုလုပ်ပြီးနောက် ပိုင်းကစားနိုင်မှုအခြေအနေကို သတင်းထောက်ကမေးခဲ့ရာ ခန္ဓာကိုယ်အားပိုလှည့်နိုင်လာသဖြင့် ဒရိုက်ဗ်များပိုကောင်းလာပြီး ငုံ့ကာလိုင်းကြည့်နိုင်သဖြင့် ကျင်းစိမ်ချက်များ ပိုဝင်လာကြောင်း သူကပြောပြခဲ့သည်။

သောကြာနေ့၌ တတိယကွင်းပတ်ကစားခဲ့ရာ ဝွဒ်လန်းက လေးချက်လျော့ရခဲ့ပြီး ပေါင်း ၁၃ ချက်လျော့ ဖြင့် ဦးဆောင်သူဖြစ်လာသည်။ စတန်ဆင်ကလည်း လေး ချက်လျော့ပင်ရကာ ပေါင်း ၁၂ ချက်လျော့ဖြင့် ဒုတိယနေ ရာကိုရနေသည်။ ရိဒ်သည် အီးဗင်းပါသာ ရိုက်နိုင်သည်ဟု ထင်ပြီး ၁၂ ချက်လျော့ဟု မှတ်ထားရာမှ ကျင်း ၁၁ ပါ ဖိုက်၌ Waste Area တွင် ဖရီးဆင်းလွှဲစဉ် နောက်အဆွဲ၌ သဲကိုထိကာညှိသလိုမျိုး ဖြစ်ခဲ့သောကြောင့် ပြစ်ဒဏ် နှစ်ချက်ထိခဲ့ပါသည်။ ထိုကျင်း၌ ဘိုဂီစကိုးအစား၊ ထရစ် ပယ်ဘိုဂီဟု ပြောင်းပေးခဲ့ရသည်။ ကွင်းပတ်အတွက် နှစ်ချက်ပိုစကိုးသာရခဲ့ပြီး ပေါင်းဆယ်ချက်လျော့သို့ ကျသွား ပါသည်။

တိုက်ဂါးသည် ဤတတိယနေ့တွင်လည်း အ ကောင်းဆုံးစကိုးဖြစ်သော ငါးချက်လျော့ကို ရခဲ့ပြန်ပါ သည်။ ထို့ကြောင့် စုစုပေါင်း ၁၁ ချက်လျော့ဖြင့် ပူးတွဲ တတိယနေရာသို့ရောက်လာသည်။ ဦးဆောင်သူနှင့် နှစ် ချက်သာ ကွာတော့သည်။ ဂျပ်စ်တင်တွမ်မတ်စ်နှင့် ရမ်း တို့လည်း ပေါင်း ၁၁ ချက်လျော့၌ရှိနေကြသည်။

စနေ့နေ့တွင် နောက်ဆုံးကွင်းပတ်ကစားခဲ့ကြ သည်။ ဦးဆောင်သူဝွဒ်လန်းသည် ကျင်းအမှတ် နှစ်၊ သုံး၊ လေးတို့တွင် ဘိုဂီ၊ ဒပ်ဘယ်ဘိုဂီ၊ ဘိုဂီများပါသွားပြီး ထိပ်ဆုံးမှ ပြုတ်ကျသွားပါသည်။ တိုက်ဂါး၊ တွမ်မတ်စ်၊ ရမ်းနှင့် စတန်ဆင်တို့သည် ဦးဆောင်သူနေရာများကို ကွင်းပတ်အတွင်း ရယူနိုင်ခဲ့ကြသည်။ တိုက်ဂါးက ကျင်း သုံး၊ ခြောက်၊ ခုနစ်တို့တွင် ဘာဒီများရကာ ၁၄ ချက် လျော့ဖြစ်လာသည်။ သူနှင့် တစ်တွဲတည်းကစားနေသော တွမ်မတ်စ်လည်း ကျင်းခြောက်၊ ခုနစ်၊ ကိုးတွင် ဘာဒီ များရကာ ၁၄ ချက်လျော့သို့ရောက်လာသည်။ ကျင်း ၁၁ ၌ တိုက်ဂါးကဘာဒီ၊ တွမ်မတ်စ်က အီဂယ်ရလိုက်ရာ တွမ်မတ်စ်က ၁၆ ချက်လျော့၊ တိုက်ဂါးက ၁၅ ချက်လျော့ ဖြစ်ခဲ့ကြသည်။ သို့သော် ယင်းနောက်ပိုင်းတွင် သူတို့ ဘာဒီမရကြတော့ဘဲ တိုက်ဂါးက ဘိုဂီတစ်ကျင်းပါသွား ကာ တွမ်မတ်စ်က ဘိုဂီ တစ်ကျင်း၊ ဒပ်ဘယ်ဘိုဂီ တစ် ကျင်းပါသွားသဖြင့် တိုက်ဂါးက ပေါင်း ၁၄ ချက်လျော့၊ တွမ်မတ်စ်က ပေါင်း ၁၃ ချက်လျော့ဖြင့်သာ ပွဲသိမ်းနိုင် ခဲ့ကြသည်။

ရမ်းက ကျင်းနှစ်နှင့် ကျင်းကိုးတွင် ဘာဒီများရ ပြီး ၁၃ ချက်လျော့သို့ ရောက်လာသည်။ စတန်ဆင်က ကျင်း တစ်ဆယ်အပြီးတွင် ဘိုဂီတစ်ကျင်း၊ ဘာဒီလေး ကျင်းရကာ ၁၅ ချက်လျော့ဖြင့် ဦးဆောင်သူဖြစ်လာသည်။ ရမ်းက ကျင်း ၁၄၊ တွင်ဘာဒီ ကျင်း ၁၅ တွင် ဘီဂယ်နှင့် ကျင်း ၁၆ တွင် ဘာဒီများရသည့်အခါ ၁၇ ချက်လျော့ဖြင့် ဦးဆောင်ခဲ့ပြန်သည်။ ကျန်နှစ်ကျင်းတွင် ‘ပါ’ များရကာ ၁၇ ချက်လျော့ဖြင့် ပွဲပြီးခဲ့သည်။ စတန်ဆင်က ကျင်း ၁၃ တွင် ဘာဒီရသည့်အခါ ၁၆ ချက်လျော့သို့ရောက်လာပြီး ရမ်းနှင့်တစ်ချက်သာကွာတော့ပါသည်။ ကျင်း ၁၅ ပါ ဖိုက်၌စတန်ဆင်က ဒုတိယအချက်ကို ၂၅၉ ကိုက်အကွာမှ ဝွဒ်ဖိုက်ဖြင့် ရိုက်ခဲ့ပါသည်။ သဲကုန်းငယ်ခံနေသောကြောင့် သူ့ဂေါက်သီး ဂရင်းပေါ်တက်သွားသည်ကို သူ မမြင်လိုက် ရပါ။ သူဂေါက်သီးသည် သဲကုန်းငယ်ကို ကျော်ထောက် ကာ ဂရင်းပေါ်လိမ့်တက်သွားပြီး ကျင်းပေါက်နှင့် ရှစ် လက်မအကွာ၌ ရပ်သွားပါသည်။ အီဂယ်ကို အလွယ်တကူ သူရခဲ့ပါသည်။ ပေါင်း ၁၈ ချက်သို့ရောက်လာပြီး တစ် ချက် နောက်ရောက်နေရာမှ ရမ်းအပေါ်တစ်ချက်ပြန်အ သာရခဲ့ပါသည်။ ကျန်သုံးကျင်းစလုံးအားသူ ‘ပါ’ မလွတ် အောင် ကစားနိုင်သည့်အခါ သူဗိုလ်စွဲသွားပါတော့သည်။

ဤနေ့၌ ခြောက်ချက်လျော့ရိုက်နိုင်ခဲ့သော ရိဒ် က ပေါင်း ၁၆ ချက်လျော့ဖြင့် တတိယ၊ တိုက်ဂါးက စတုတ္ထ၊ တွမ် မတ်စ်နှင့်ဂျပ်စ်တင်ရိုစ့်တို့က ပူးတွဲပဉ္စမရကြပါသည်။ ဝွဒ်လန်းမှာ ပေါင်း ၁၂ ချက်လျော့ဖြင့် ပူးတွဲသတ္တမသာချိတ် နိုင်ပါသည်။ ပြိုင်ပွဲအား အားလုံးထင်မှတ်မထားသော ဖြည့်စွက်ဖိတ်ကြားခံရ၍သာ ရိုက်ခွင့်ရသူစတန်ဆင်အနိုင် ရခဲ့ပါပြီ။ သူအောင်ပွဲမရသည်မှာ ၂၀၁၇ ခုနှစ်သြဂုတ်လ ကတည်းက ဖြစ်သဖြင့် ၂ နှစ်ကျော်ရှိပါပြီ။ ဤအောင်ပွဲ ကြောင့် သူက ကမ္ဘာ့အဆင့်တွင် အမှတ်စဉ် ၂၆ သို့ တက် ရောက်လာပါသည်။ ဒုတိယရသူ ရမ်းက ကမ္ဘာ့အဆင့် သုံးတွင် မြဲနေဆဲပါ။ တွမ်မတ်စ်လည်း ပဉ္စမမှစတုတ္ထနေရာ သို့ တက်လာပြီး တိုက်ဂါးက သတ္ထမမှ ဆဋ္ဌမနေရာသို့ တက်လာပါသည်။

မဲလ်ဘုန်းသို့ ထွက်ခွာကြပြီ…
ပြိုင်ပွဲပြီးသည့်စနေနေ့တွင် သမ္မတများဖလား အမေရိကန် လက်ရွေးစင်နောက်ဆုံးတစ်ဦးဖြစ်သူ ဒပ်စ်တင်းဂျွန် ဆင်က ဘဟားမားစ်သို့ ရောက်လာပါသည်။ ယင်းနေ့ ည ၈ နာရီအချိန်တွင် အမေရိကန်အသင်း၏ စင်းလုံးငှား လေယာဉ်ကြီးသည် မိုင်ပေါင်းတစ်သောင်းဝေးကွာသည့် သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သို့ စတင်ထွက်ခွာခဲ့ပါ သည်။ လေယာဉ်ကြီးပေါ်တွင် ကစားသမားများအပြင် ကပ္ပတိန်တိုက်ဂါးနှင့်အတူ လက်ထောက်ကပ္ပတိန်များဖြစ် ကြသော ဖရက်ဒ်ကပ်ပဲလ်စ်၊ စတိဗ်စထရစ်ကာနှင့် ဇက်ခ် ဂျွန်ဆင်တို့လည်းပါသည်။ ထိုအပြင်သူတို့၏ ဇနီးသည် များ၊ ဇနီးမရှိသေးသူက ချစ်သူရည်းစားများ၊ ကက်ဒီများ လည်း ပါဝင်ကြသည်။ ဘဟားမားစ်နှင့် မဲလ်ဘုန်းတို့သည် မိုင်ပေါင်းတစ်သောင်းကွာဝေးသည်သာမက အချိန်အား ဖြင့်လည်း မဲလ်ဘုန်းက ၁၆ နာရီစောပါသည်။

လေယာဉ်ကြီးသည် လေးနာရီကြာပြီးနောက် မက္ကစီကိုနိုင်ငံ၊ အက်ကာပူလ်ကိုလေဆိပ်၌ ခေတ္တရပ် နားပြီး လေယာဉ်ဆီဖြည့်တင်းရသေးသည်။ အစစ စစ် ဆေးပြီးနောက် ၅ နာရီခန့်ကြာပြီးမှ ပြန်လည်စတင် ထွက်ခွာခဲ့ရာ မြောက်ပစိဖိတ်ပင်လယ်၊ တောင်ပစိဖိတ် ပင်လယ်တို့ကို ဖြတ်ကျော်ကာ ၁၇ နာရီခွဲကျော်ပျံသန်း ပြီးနောက် မဲလ်ဘုန်းလေဆိပ်သို့ တနင်္လာနေ့ မွန်းတည့်ချိန်သာသာတွင် ဆိုက်ရောက်ခဲ့ပါသည်။ ဘဟားမားစ်မှ လေယာဉ်ထွက်ချိန်မှ စတင်ရေတွက်ပါသော် ၂၆ နာရီ ကျော်ကြာပြီးမှ ရောက်ခဲ့ကြခြင်းပါ။

ဒီဇင်ဘာလ ၁၂ ရက်ကြာသပတေးနေ့တွင် သမ္မတများ ဖလားပြိုင်ပွဲစတင်ပါသည်။ ကြာသပတေး နေ့၌ ဖိုးဘော ငါးပွဲ၊ သောကြာနေ့၌ ဖိုးဆမ်း ငါးပွဲ၊ စနေနေ့တွင် နံနက်ပိုင်း၌ ဖိုးဘောလေးပွဲ၊ မွန်းလွဲပိုင်း၌ ဖိုး ဆမ်း လေးပွဲ၊ တနင်္ဂနွေနေ့တွင် တစ်ဦးချင်း ၁၂ ပွဲကစား ကြရသည်။ ပြိုင်ပွဲရလဒ်များအား ရှေ့စာမျက်နှာတွင် ဇယား ဖြင့် ဖော်ပြထားပါသည်။

ကြာသပတေးနေ့က ယှဉ်ပြိုင်ကြသော ဖိုးဘော ငါးပွဲတွင် အမေရိကန်အသင်းဘက်မှ တိုက်ဂါးနှင့် တွမ်မတ်စ်တို့တစ်တွဲသာနိုင်ပြီး ကျန်လေးပွဲစလုံးရှုံးခဲ့ရာ ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာအသင်းအတွက် အကောင်းဆုံးအနိုင်ဖြင့်တာထွက်ခြင်းဖြစ်ခဲ့ပါသည်။ သောကြာနေ့ဖိုးဆမ်းငါးပွဲတွင် တစ်ဘက်နှစ်ပွဲစီ နိုင်ကြကာ တစ်ပွဲသရေကျခဲ့သဖြင့် အပြည်ပြည်ဆိုင်ရာ အသင်းကသုံးမှတ်ဖြတ်ထားဆဲပါ။ တိုက်ဂါးနှင့် တွမ်မတ်စ်တို့က နိုင်ခဲ့ပြန်သည်။

စနေနေ့နံနက်ပိုင်း ဖိုးဘောလေးပွဲတွင် အပြည် ပြည်ဆိုင်ရာအသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ တစ်ပွဲသရေရခဲ့ သဖြင့် အမေရိကန်အသင်းအပေါ် လေးမှတ်ပင်ဖြတ်ထား နိုင်ခဲ့ပြန်သည်။ သို့သော် ယင်းနေ့မွန်းလွဲပိုင်း ဖိုးဆမ်းတွင်လေးပွဲစလုံး အမေရိကန်တို့ဘက်မှ အရှုံးမရှိခဲ့ပဲ နှစ်ပွဲနိုင် နှစ်ပွဲသရေရလဒ်ကိုရခဲ့သဖြင့် ပွဲပေါင်း ၁၈ ပွဲအပြီး တွင် ၁၀မှတ် ၈ မှတ်ဖြင့် အပြည်ပြည်ဆိုင်ရာအသင်းက နှစ်မှတ်သာ အသာရနေပါတော့သည်။ စနေနေ့တွင် တိုက်ဂါးပါဝင်မကစားခဲ့ပါ။ အပြည်ပြည်ဆိုင်ရာအသင်း အနေဖြင့် ဤသို့သုံးရက်အပြီး အသာရခဲ့ခြင်းမှာ ၁၆ နှစ် တာကာလအတွင်း ပထမဆုံးအကြိမ်ပါ။

တနင်္ဂနွေနေ့တွင် တစ်ဦးချင်းပွဲ ၁၂ ပွဲကစားခဲ့ကြ ရာ ရှေ့ဆုံးမှ ထွက်သည့်တိုက်ဂါးက စတင်အနိုင်ရခဲ့သည်။ တစ်ဦးချင်းပွဲများအပြီးတွင် အမေရိကန်အသင်းက ၆ ပွဲ နိုင်၊ အပြည်ပြည်ဆိုင်ရာအသင်းက ၂ ပွဲနိုင်၊ လေးပွဲက သရေပွဲများဖြစ်ခဲ့သည်။ တစ်ဦးချင်း ၁၂ ပွဲ၌အမေရိကန် အသင်းက ၈ မှတ် ၄ မှတ်ဖြင့် အသာရခဲ့သဖြင့် လေးရက် စုစုပေါင်းတွင် ၁၆ မှတ် ၁၄ မှတ်ဖြင့် သမ္မတများဖလား ကြီးကို အမေရိကန်အသင်းက ၈ ကြိမ်ဆက်တိုက်အဖြစ် အောင်ပွဲရခဲ့ပါသည်။

၀င်းမြင့်သိန်း