ဇိမ်ခံပစ္စည်းအမှတ်တံဆိပ်များ အရောင်းပြန်လည်နာလန်ထူမည့်အရိပ်အယောင် တွေ့လာရ

Cie Financiere Richemont SA (ဆွစ်ဇာလန်အခြေစိုက် ဇိမ်ခံပစ္စည်းအမျိုးမျိုးထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီ၊ Richemont ဟု အခေါ်များသည်။) က အားလပ်ရက်ရာသီအတွင်း အမြန်ဆုံးနှုန်းနဲ့ ရောင်းအားသွက်ခဲ့ တက်ခဲ့သလို၊ Burberry Group Plc (လန်ဒန်အခြေစိုက် တန်ဖိုးကြီးဖက်ရှင်ထုတ်ကုန်ကုမ္ပဏီ) အနေနဲ့လည်း ဒီနှစ်မှာ ဝင်ငွေ ၃၅ ရာခိုင်နှုန်းတက်ခဲ့ပါတယ်။ ဒါကြောင့် ဇိမ်ခံပစ္စည်းဈေးကွက်အနေနဲ့ တစ်ဖန်ပြန်လည် လည်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ဆိုတဲ့သဘောကို တွေ့ရပါတယ်။

Richemont က ဒီဇင်ဘာမှာအဆုံးသတ်ခဲ့တဲ့ တတိယသုံးလပတ်အတွက် ဝင်ငွေဟာ ၃၂ ရာခိုင်နှုန်း ၅.၆၅၈ ဘီလီယံယူရို (အမေရိကန်ဒေါ်လာ ၆.၄၁ ဘီလီယံ) တက်လာခဲ့ပြီး Cartier လက်ဝတ်ရတနာတွေနဲ့ Chole ဖက်ရှင်ထုတ်ကုန်တွေဘက်မှာဆိုရင် ကပ်ဘေးမတိုင်မီကာလကတုန်းထက်တောင် ဝင်ငွေတက်ခဲ့တာလို့ဆိုပါတယ်။

Burberry ဟာဆိုရင်တော့ ၂၀၁၉ ခုနှစ်တုန်းက အရောင်းနဲ့ဝင်ငွေပမာဏကိုမှီဖို့ လိုသေးတယ်ဆိုပေမယ့် ကုတ်အင်္ကျီရှည်တွေက ဈေးမလျှော့ထားဘဲ မူရင်းဈေးနဲ့တင်တောင် အရောင်းလိုက်တယ်လို့ဆိုပါတယ်။

လတ်ဝတ်ရတနာ၊ နာရီ၊ ဖက်ရှင်ပစ္စည်းတွေရဲ့ ဝယ်လိုအားဟာ ပြန်လိုက်လာပြီး အဓိကကတော့ ကမ္ဘာတစ်ဝှမ်း လူတွေက လည်ပတ်သွားလာမှုနဲ့ပွဲလမ်းသဘင်တွေ ပြန်လုပ်လာကြတာ၊ ခရီးပြန်ထွက်လာကြတာတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
Prada S.p.A. (အီတာလျံဇိမ်ခံဖက်ရှင်ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီ)ကတော့ သူတို့ရဲ့ အရောင်းဟာလည်း COVID-19 ကပ်ဘေးမတိုင်ခင်ကာလနီးပါး အရောင်းနှုန်းပြန်ဖြစ်လာဖို့မြင်နေရပြီလို့ဆိုပါတယ်။ အရောင်းဝင်ငွေက ၄၁ ရာခိုင်နှုန်းတက်လာပြီး ယူရို ၃.၃၆ ဘီလီယံ(ဒါ်လာ ၃.၈၃ ဘီလီယံ) ဖြစ်လာလို့ အရင်က မှန်းထားတဲ့ ပျမ်းမျှဝင်ငွေထက် ပိုလာတာကိုတွေ့ရတယ်ကြောင်း ကုမ္ပဏီကထုတ်ပြန်ပါတယ်။


လက်ဝတ်ရတနာတွေကတော့ အဓိကအရောင်းအသွက်ဆုံးဖြစ်တယ်လို့ Richemont ကထုတ်ပြန်ပြီး ဖက်ရှင်၊ ဆက်စပ်ပစ္စည်းတွေ၊ သရေထုတ်ကုန်တွေကလည်း တိုးတက်လာတဲ့အနေအထားဖြစ်ြ့ီး Chole နဲ့ Montblanc တို့လို ကုန်အမှတ်တံဆိပ်တွေအတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တာက ဝင်္ယသူတွေစိတ်ကိုဆွဲဆောင်နိုင်ခဲ့တဲ့တာမျိုးလည်းပါလိမ့်မယ်လို့ ကုမ္ပဏီကဆိုပါတယ်။

ဒီဆွစ်ဇာလန်အခြေစိုက်ကုမ္ပဏီ Richemont ရဲ့ အာရှပစိဖိတ်ဒေသ ရောင်းအားက ခန့်မှန်းတာထက်များနေပြီး ဇိမ်ခံပစ္စည်းတွေအတွက်အဓိကဈေးကွက်ကြီးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ရောင်းအားကတော့ ၇ ရာခိုင်နှုန်းပဲ တက်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက်တော့ မျက်ခုံးပင့်လောက်စရာအခြေအနေဖြစ်နိုင်ပါတယ်။ အရင်တစ်နှစ်ကဆို တရုတ်ဈေးကွက်ရောင်းအားက ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့အနေအထားပါ။
တကယ်တော့ တရုတ်က ဇိမ်ခံပစ္စည်းဈေးကွက်မှာ ပထမဆုံးပြန်လည်နာလန်ထူနိုင်တဲ့ဈေးကွက်တစ်ခုဖြစ်ခဲ့တာပါ။ အခုတော့ အာဏာပိုင်တွေရဲ့ တစ်နိုင်ငံလုံး လုံး၀ COVID-19 မရှိစေရဆိုတဲ့ နည်းဗျူဟာနဲ့ Lockdown လုပ်မှုတွေကြောင့် အဝယ်အသုံးကျသွားခဲ့တာလည်းဖြစ်ပါတယ်။

Burberry ရဲ့ စတိုးဆိုင်တွေကလည်း ခရစ်စမတ်ကာအပါအဝင် ၃ လတာအတွင်း အရောင်း ၇ ရာခိုင်နှုန်းလောက်တက်လာခဲ့ပြီး မှန်းထားတာထက် ပိုစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ငယ်ရွယ်သူတွေကိုပိုပြီးဆွဲဆောင်နိုင်တာကြောင့် အပေါ်ထပ်ဝတ်တဲ့အထည်တွေနဲ့ သားရေထည်တွေက ပိုရောင်းကောင်းကြောင်း ကုမ္ပဏီကထုတ်ပြန်ပါတယ်။ ဒီလန်ဒန်အခြေစိုက်ကုမ္ပဏီအနေနဲ့ လက်ရှိမှာ CEO အသစ် Jonathan Akeroyd အနေနဲ့ လာမယ့် ဧပြီ ၁ ကစပြီး တာဝန်ထမ်းဆောင်တော့မှာဖြစ်သလို တခြားသော ပြောင်းလဲပြင်ဆင်မှုတွေလည်း လုပ်နေခဲ့တာဖြစ်ပါတယ်။ Akeroyd ရှေ့က CEO Marco Gobbetti အနေနဲ့ third-party distributing လုပ်ခြင်းများလျှော့ချခြင်း၊ Olympia လက်ကိုင်အိတ်တွေနဲ့ စတော့တောင်ပေါ်လူမျိုးရိုးရာဆင်သိုးမွေးလည်စည်း/ခေါင်းစဉ်းပုဝါများကို Discount ချချင်းများ မလုပ်ခြင်းတို့ကို ကျင့်သုံးကာ Burberry ကို တန်ဖိုးမြှင့်တင်ဖို့ဆန္ဒနဲ့ လုပ်ကိုင်ခဲ့ပါတယ်။


ဒီအတွက်အလည်း ဒီထုတ်ကုန်တွေရဲ့အရောင်းက လွန်ခဲ့တဲ့နှစ်နှစ်ကထက်ဂဏန်း၂လုံးလောက်တိုးလာခဲ့နေတာပါ။
ကုမ္ပဏီရဲ့ Chief financial officer Julie Brown က အမေရိကတိုက်ဒေသတွေတွင်းမှာ စွမ်းဆောင်ရည်ပိုကောင်းတာတွေ့ရပြီး အဓိကကတော့ အမျိုးသားဖောက်သည်တွေကြောင့်ဖြစ်ပါတယ်။ သူတို့ရဲ့ Sneaker တွေနဲ့ အပေါ်ထပ်ဝတ်တွေအတွက် ဝယ်လိုအားကလည်း တက်လာပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကထက်စာရင် မူရင်းဈေး(လျှော့ဈေးမပေးဘဲ)နဲ့ရောင်းတာတောင်မှ အရောင်းက ၇၂ ရာခိုင်နှုန်းတက်လာခဲ့တာလို့ဆိုပါတယ်။


Burberry က အာရှပစိဖိတ်ဒေသတွင်းကအရောင်းဆိုင်တွေကတော့ ပြီးခဲ့တဲ့ ၂နှစ်နဲ့ယှဉ်ရင် အရောင်းတန့်နေတုန်းပဲလို့ဆိုပါတယ်။

(ဝင်ငွေနှုန်းဖော်ပြထားတဲ့ ပမာဏက ငွေကြေးဖောင်းပွမှုကြောင့် ငွေလဲလှယ်နှုန်းအတက်အကျတွေကို ဖယ်ပြီးတွက်ထားရာကရလာတဲ့ ဘဏ္ဍာငွေတွက်ချက်ခြင်းပုံစံဖြင့်တွက်ချက် ရာခိုင်နှုန်းထုတ်တင်ပြထားတာဖြစ်ပါတယ်။)

Ref : Bloomberg, BKK Post, Internet