ဆင်းရဲချမ်းသာကွာခြားမှု၏ စိန်ခေါ်မှု

ဘောဂဗေဒပညာ၏ အရေးကြီးဆုံးနှင့် အခက်ခဲဆုံးမေးခွန်းမှာ နိုင်ငံအချို့မှာ ဆင်းရဲပြီး နိုင်ငံအချို့မှာ ကြီးပွားတိုးတက်နေရခြင်း၏ အကြောင်းရင်းပင်ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ်များ၏ စစ်တမ်းများအရ ကမ္ဘာ့လူဦးရေ၏ ၃၆ ရာခိုင်နှုန်း၏ တစ်နေ့တာဝင်ငွေမှာ ၁.၉၀ ဒေါ်လာထက် နိမ့်ကျနေခဲ့သည်။ ၂၀၁၅ တွင်တော့ တစ်နေ့တာဝင်ငွေမှာ ၁.၉၀ ဒေါ်လာထက် နိမ့်ကျနေသော ကမ္ဘာ့လူဦးရေရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းသာရှိရာ အခြေအနေကောင်းမွန်တိုးတက်လာသည်ဟု ဆိုနိုင်ပေသည်။ သို့သော် လူဦးရေ သန်းခုနစ်ရာခန့်မှာ အလွန်အမင်းဆင်းရဲလွန်းနေပြီး အဆိုပါပမာဏမှာ အာဖရိကနိုင်ငံအချို့တွင် နေ့စဉ် တိုးပွားလျက်ရှိပါသည်။

လွန်ခဲ့သည့် နှစ်သုံးဆယ်တွင် စီးပွားရေးပါရဂူများအနေဖြင့် အခြေခံအဆောက်အဦများ၏ အကြီးစားပြင်ဆင်မှုကိုအခြေခံပြီး ကျေးလက်ဒေသနှင့် စိုက်ပျိုးရေးလုပ်ဆောင်ခြင်းမှ မြို့ပြဒေသနှင့် စက်မှု လုပ်ငန်းကြီးထွားလာရန် ပြောင်းလဲလုပ်ဆောင်ရန် ကြိုးပမ်းခဲ့ကြပါသည်။ ထို့ပြင် လူ့အရင်းအမြစ်များ ဥပမာ – ရောင်းဝယ်သည့်နှစ် အရေအတွက်နှင့် တစ်ဦးချင်း GDP ဝင်ငွေတို့ ဆက်စပ်မှုအခြေခံ တွက်ချက်ကြပြန်သည်။

၂၀၁၈ ခုနှစ် World Inequality ၏ စစ်တမ်းအရ ဆင်းရဲသည့်နိုင်ငံများမှာ ဆင်းရဲမြဲဆင်းရဲဆဲ ဖြစ်ရသည်ကို တွေ့မြင်နိုင်ပါသည်။ ကမ္ဘာ့အချမ်းသာဆုံး ၁ ရာခိုင်နှုန်း၏ ကြွယ်ဝမှုသည့် ကမ္ဘာ့အဆင်းရဲဆုံး လူဦးရေ ၅၀ ရာခိုင်နှုန်းထက် နှစ်ဆခန့်များနေသေးသည်။ အဆိုပါစစ်တမ်းအရ ဆင်းရဲချမ်းသာကွာခြားမှု ပမာဏမှာ ဥရောပတွင် ၃၇ ရာခိုင်နှုန်း၊ တရုတ်တွင် ၄၁ ရာခိုင်နှုန်း၊ ရုရှားတွင် ၄၆ ရာခိုင်နှုန်း၊ မြောက်အမေရိကတွင် ၄၇ ရာခိုင်နှုန်း၊ အာဖရိက၊ ဘရာဇီးနှင့် အိန္ဒိယတို့တွင် ၅၅ ရာခိုင်နှုန်းနှင့် အဆိုးရွားဆုံးမှာ အရှေ့အလယ်ပိုင်းဖြစ်ပြီး ၆၁ ရာခိုင်နှုန်း ရှိပါသည်။

၂၀၁၈ ခုနှစ်၏ ASEAN တည်ထောင်ခြင်း၏ နှစ် ၅၀ ပြည့်အခမ်းအနားတွင် လူဦးရေ ၆၂၅ သန်း ရှိသော ဒေသတွင်းတွင် နှစ်စဉ် GDP တိုးတက်နှုန်းမှာ ၅ ရာခိုင်နှုန်းဖြစ်သော်လည်း ဆင်းရဲချမ်းသာကွာခြားမှုမှာ ကြီးထွားဆဲဖြစ်ပါသည်။ ဆင်းရဲမှုပပျောက်ရေးနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာရန်မှာ သဘာဝသယံဇာတများကို စနစ်တကျစီမံခန့်ခွဲတတ်ရန်၊ ကုန်ထုတ်လုပ်မှု စနစ်များပြောင်းလဲရန်နှင့် ရေရှည်အကျိုးစီးပွားအတွက် စနစ်တကျပြင်ဆင်ရန်လိုကြောင်း သုံးသပ်ကြလေသည်။ ၁၉၉၀ ပြည့်နှစ်တွင် ဆင်းရဲချမ်းသာကွာခြားမှုမှာ ၄၇ ရာခိုင်နှုန်းရှိခဲ့သော်လည်း၊ ၂၀၁၅ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းသာရှိပြီး လူ့သက်တမ်းမှာ ၅၆ နှစ် မှ ၇၁ နှစ် အထိ တိုးမြှင့်လာခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ADB (Asian Development Bank) အစီရင်ခံစာအရ ၂၀၁၅ ခုနှစ်တွင် သတ်မှတ်ထားသောဝင်ငွေထက် နိမ့်ကျမှုပမာဏမှာ လူဦးရေ၏ ၃၂.၁ ရာခိုင်နှုန်းရှိပြီး ASEAN နိုင်ငံများ အကြား အမြင့်ဆုံးဖြစ်လေသည်။

လောလောဆယ်ဆန္ဒပြမှုများကြုံတွေ့နေရသော ဟောင်ကောင်တွင် အချမ်းသာဆုံး ၁၀ ရာခိုင် နှုန်း၏ လစဉ်ဝင်ငွေမှာ အနိမ့်ဆုံးဝင်ငွေရသူထက် ၄၄ ရာခိုင်နှုန်းကွာခြားလျက်ရှိပါသည်။ အချမ်းသာဆုံးလူ ၂၁ ဦး၏ ပိုင်ဆိုင်မှုမှာ ဟောင်ကောင် ဒေါ်လာ ၁.၈၃ ထရီလီယံဒေါ်လာဖြစ်ပြီး ဟောင်ကောင်၏အရံငွေပမာဏနှင့်အတူတူ ဖြစ်ပါသည်။ ဆန္ဒပြမှုများ၏ အဓိကအကြောင်းတရားတစ်ခုမှာ ဆင်းရဲချမ်းသာကွာဟမှု ကြီးမား ခြင်းကြောင့်လည်း ဖြစ်ပါသည်။

ဆင်းရဲချမ်းသာကွာခြားမှု မြင့်တက်လာခြင်း၏ နောက်ဆက်တွဲ ပြဿနာများအဖြစ် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဝန်းကျင်ကပ်ဘေးများ ကျရောက်လာနိုင်ပါသည်။ စိုးရိမ်ရသည့်အချက်မှာ အများပြည်သူနှင့်သက်ဆိုင်သည့်ကြွယ်ဝမှု (Public Wealth) နည်းပါးလာခြင်းကြောင့် အစိုးရများ၏ ပေါ်လစီများကိုထိခိုက်နိုင်လေသည်။

မောင်သာ

Issue – January 2020