စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်က အခြေခံယူဆချက်

စေ့စပ်ညှိနှိုင်းရာမှာပါဝင်ကြတဲ့ လူတွေအကြောင်းကျွန်တော်တို့ အတော်များများပြောခဲ့ကြပါပြီ။ ဒါတွေကလည်း အရေးကြီးပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မရောက်ခင်၊ ပွဲမဝင်ခင်အပြင်မှာကျင်းပဆိုသလို စေ့စပ်ညှိနှိုင်းရေးနဲ့ပတ်သက်ပြီး ပြင်ဆင်ထားသင့်ပြင်ဆင်ထားထိုက်တဲ့ အတတ်ပညာတွေပါပဲ။ ဒီအတတ်ပညာတွေမပါဘဲ စေ့စပ်ညှိနှိုင်းရေးစားပွဲဆီကို ကျွန်တော်တို့မသွားသင့်ဘူးဆိုတာ ထင်ရှားပါတယ်။

အခုတော့ ဒီထက်ပိုအရေးကြီးတဲ့ ဗဟိုစက်ဝန်းတစ်ခုအနားကိုရောက်လာကြပါပြီ။ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်တစ်ခုမှာ အခြေခံရမယ့်အချက်တွေအကြောင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်လိုလုပ်ငန်းအမျိုးအစားမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်း၊ ဒါမှမဟုတ် ဌာနဆိုင်ရာလုပ်ငန်းမှာပဲဖြစ်ဖြစ် ပါဝင်နေကြပါစေ၊ ဘယ်လိုထုတ်လုပ်မှု၊ ဒါမှမဟုတ်ဝန်ဆောင်မှုပေးနေကြသည်ဖြစ်ပါစေ၊ အခုကျွန်တော်ဆွေးနွေးတင်ပြမယ့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ရဲ့အခြေခံရမယ့်အချက်တွေကတော့ အမြဲတမ်းလိုလို ထည့်သွင်းစဉ်းစားကြရမှာဖြစ်ပါတယ်။

ပထမဦးဆုံး ကျွန်တော်တို့စဉ်းစားရမှာကတော့ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်ရောက်တဲ့အချိန် ကျွန်တော်တို့မှာ ဘယ်လိုအခြေခံယူဆချက်တွေ (Assumptions) ပါလာသလဲ။ ဒါတွေကို ဘယ်လိုအကျိုးများအောင် ကိုင်တွယ်ထိန်းကျောင်းရမလဲဆိုတာပါပဲ။ ယူဆချက်ဆိုတာ အမည်နာမကိုယ်နှိုက်က အစစ်အမှန်မဟုတ်သေးဘူးဆိုတာ ထင်ရှားပြီးသားပါ။ ကိုယ့်စိတ်ထဲမှာ ထင်နေတာ၊ မှန်းဆထားတာက ဒီလိုများဖြစ်နေမလားဆိုတဲ့ အယူအဆတစ်ခုသာလျင်ဖြစ်ပါတယ်။ အစစ်အမှန်သိရှိခြင်းဆိုတဲ့ အခြင်းအရာတစ်ခုမျ မပါဝင်ပါဘူး။ စာရှုသူတွေကိုယ်တိုင် စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ရဲ့ စိတ်အထင်တွေဘယ်လောက်များများ လွဲခဲ့ကြသလဲ။ အမှန်တကယ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ကြိုတင်ပြီး မသိခဲ့ကြတာများပါတယ်။ အဲဒီလိုမမှန်ကန်တဲ့၊ မတိကျတဲ့ ယူဆချက်တွေကို အသုံးပြုခဲ့ခြင်းရဲ့ အကျိုးသက်ရောက်မှုတွေဟာ ကျွန်တော်တို့ဘဝမှာ ဘယ်လောက်တောင်ဆိုးဆိုးရွားရွား ဖြစ်စေခဲ့သလဲ။ ဒါပေမဲ့လည်း လူသားမျိုးနွယ်တစ်ရပ်လုံးမှာ တစ်ဦးအပေါ်တစ်ဦး၊ တစ်ဖွဲ့အပေါ်တစ်ဖွဲ့၊ ဖြစ်စဉ်တစ်ခု၊ အကြောင်းအရာတစ်ခုအပေါ်မှာ အခြေခံယူဆချက်တွေက အမြဲရှိနေကြပါတယ်။ ဒီလိုရှိနေကြတာကလည်း ထောင်စုနှစ်ပေါင်းများစွာကြာမြင့်လှပြီ ဖြစ်ပါတယ်။ လူအချင်းချင်းဆက်သွယ်စကားပြောနိုင်ကြတဲ့ အချိန်မတိုင်မီကတည်းက ရှိခဲ့ကြတာဖြစ်နိုင်ပါတယ်။

တစ်ခါတုန်းက ဒီကမ္ဘာကြီးကိုပြားတယ်လို့ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းလိုလိုကယူဆခဲ့ကြပါတယ်။ ဒါဟာမမှန်ဘူးဆိုတာ အခုခေတ်မှာတော့ လူတိုင်းလိုလိုကသိနေကြပါပြီ။ ဒါဆိုဟိုတုန်းကလူတွေမှာ ဘာကြောင့်ကမ္ဘာပြားတဲ့ယူဆချက်ရှိခဲ့ကြသလဲ။ သူတို့ရှေ့ကလူတွေရဲ့အတွေ့အကြုံအရ သူတို့ကိုအဲဒီလိုပဲပြောခဲ့ကြတော့ ‘အတိတ်ကအဖြေ’ ဟာ သူတို့အတွက် လက်ငင်းယူဆချက် ဖြစ်လာစေခဲ့တာပဲလို့ ပြောရမှာပါ။ ဒါပေမဲ့ လူတွေကဒီအတိုင်းမနေကြဘူး၊ စူးစမ်းရှာဖွေကြတယ်၊ ပြုပြင်ပြောင်းလဲကြတယ်၊ ဖွံ့ဖြိုးတိုးတက်လာကြတယ်။ ဒီလိုနဲ့စစ်မှန်မှုကို ရှာဖွေတွေ့ရှိလာရတယ်။ အတိတ်တုန်းကမှန်တယ်လို့ ထင်ခဲ့တာဟာ ယနေ့လည်းဒီအတိုင်းပဲ မှန်နေတုန်းပဲလို့ ယူဆနေကြမယ်ဆိုရင်တော့ အသစ်ဖြစ်နိုင်ခြေရှာဖွေမှုကို အကြီးအကျယ်ထိခိုက်စေပါလိမ့်မယ်။ အမှန်တရားနဲ့အသုံးဝင်မှုကိုလည်းဆုံးရှုံးစေနိုင်ပါတယ်။

ဒါကြောင့် လူ့ဘဝတစ်ခုလုံးအတွက်သော်လည်းကောင်း၊ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာသော်လည်းကောင်း အခြေခံယူဆချက်နှင့်ပတ်သက်ပြီး ကျွန်တော်တို့အလေးအနက်ထားရမယ့်အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်ကတော့ ကျွန်တော်တို့ကအစစ်အမှန်ကို မသိသေးဘူးဆိုတာသတိပြုမိဖို့ပါပဲ။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ရဲ့အခြေခံယူဆချက်ကို အမြဲစစ်ဆေးနေဖို့ပါ။ အခြေခံယူဆချက်ကတော့ ရှိနေမှာပါပဲ။ အဲဒါကို မှန်ကန်တယ်ဆိုရင်လည်း မှန်ကန်ကြောင်း၊ ကျိုးကြောင်းညီညွတ်ကြောင်း အထောက်အထားရှိဖို့နဲ့ မမှန်ကန်ဘူးဆိုရင်လည်း မမှန်ကန်တဲ့အကြောင်းဖော်ထုတ်နိုင်ဖို့ပဲလိုပါတယ်။ ဒါကိုရှာဖွေတဲ့နေရာမှာ မေးခွန်းတွေမေးတဲ့ နည်းလမ်းဟာအသုံးဝင်ဆုံးနည်းလမ်းပါ။ ဆွေးနွေးဖက်အခြားအဖွဲ့အစည်းမှာလည်း သူတို့ဘက်ကကြည့်ရင် မှန်ကန်တဲ့ယူဆချက်တစ်ခုရှိနေမှာပါ။ ဒါကိုလည်း ကျွန်တော်တို့က နားလည်ထားရပါမယ်။

သာဓကအနေနဲ့ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တစ်ခုမှာ တစ်ဖက်အဖွဲ့အစည်းဟာ အမြဲတမ်းတင်းမာတဲ့ သဘောထားရှိတယ်၊ အချိန်ဆွဲတတ်တယ်ဆိုတဲ့ အခြေခံယူဆချက်ရှိတဲ့အတွက် ကျွန်တော်တို့ဟာစေ့စပ်ညှိနှိုင်းရေးစားပွဲကို မျော်လင့်ချက်သိပ်မထားဘဲရောက်လာခဲ့တယ်။ အခုတစ်ခေါက် ဆွေးနွေးပွဲကျမှတစ်ဖက်အဖွဲ့အစည်းဟာ အတော်များများလိုက်လျောလိုတဲ့ဆန္ဒ တွေဖော်ပြခဲ့ပေမယ့် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားမှုမရှိတာကြောင့် သဘောတူညီချက်မထုတ်ပြန်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ခဲ့ရသလဲ။ တစ်ဖက်အဖွဲ့အစည်းရဲ့ခေါင်းဆောင်မှု ပြောင်းလဲသွားတဲ့အပေါ်မှာ မိမိအဖွဲ့အစည်းရဲ့ မူလယူဆချက်ကို မှန်တယ်၊ မမှန်ဘူးမဖော်ထုတ်နိုင်ခဲ့တာကြောင့် ရှားရှားပါးပါးရနိုင်တဲ့ အခွင့်အရေးတစ်ရပ် လက်လွတ်သွားခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်တစ်ခုမှာ ကျွန်တော်တို့ဟာအတိတ်ကအဖြေကို အသေမှတ်ထား ပြီး ”သူ့အကြောင်း ငါကအံတိုနေပါပြီ၊ သူ့ပါးစပ်ကဟလိုက်တာနဲ့ အူဘယ်နှခွေဆိုတာ ငါသိပြီးသားပါ” ဆိုတဲ့အခြေခံယူဆချက်ကို ဘယ်တော့မှအသုံးမပြုသင့်ပါဘူး။ အရင်မှန်းဆချက်တွေကို လုံးဝရပ်တန့်ပစ်ရမှာဖြစ်ပြီး အခြေခံယူဆချက်အသစ်ကို အစစ်မှန်နဲ့နီးကပ်နိုင်သမျ နီးကပ်ရအောင် ပြုလုပ်ရမှာဖြစ်ပါတယ်။ အခြေခံယူဆချက်တွေကို နောက်ဆုံးအခြေအနေနဲ့အညီ မွမ်းမံပြင်ဆင်နိုင်ဖို့ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်ရောက်ပြီးတဲ့တိုင် ဆက်လက်စူးစမ်းရှာဖွေနေရမှာဖြစ်ပါကြောင်း ဖော်ပြအပ်ပါတယ်။

မင်းဗထူး