စီမံခန့်ခွဲမှုတာဝန်မှာပါဝင်နေသူတစ်ဦးအနေနဲ့ ဘယ်အချိန်မှာကိုယ့်ရဲ့ပညာရေးနဲ့ Skill လိုအပ်ချက်ပိုင်းထပ်မံဖြည့်ဆ

စီမံခန့်ခွဲမှုတာဝန်မှာပါဝင်နေပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဟာ အဆင့်တစ်ခုထိရှိနေပြီဆိုတာသေချာပါတယ်။ ဒီအချိန်မှာပဲ ပိုတိုးတက်တဲ့အရည်အချင်းနဲ့ စွမ်းရည်တွေရှိနေချင်တယ်ဆိုတာကချီးကျူးရမယ့်အချက်ဖြစ်သလို လိုအပ်မှုတွေလည်းရှိနိုင်တော့ စဉ်းစားသင့်ပါတယ်။

မေးခွန်းရှင်အတွက် ဖြေပေးချင်တာက ကိုယ့်ရဲ့သင်ယူလေ့လာမှုတိုင်းမှာ အဓိကအကျိုးရှိဖို့ကတော့ ကိုယ့်လုပ်ငန်းတွင်းနဲ့ လုပ်ငန်းရဲ့အနီးကပ်အခြေအနေကို မျက်ခြေမပြတ် သိနေဖို့လိုသလိုတစ်ဖက်မှာလည်း အပြောင်းအလဲတွေ၊ အသစ်အဆန်းတွေကို ရင်ဆိုင်နိုင်ဖို့အဆင်သင့် ဖြစ်နေဖို့ပါပဲ။

ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်ပြင်ပကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေနဲ့ရင်းနှီဖို့ ဆွေးနွေးပွဲ တွေ၊ Forum တွေ၊ နည်းလမ်းသစ်တွေမှာ ပါဝင်နားစွင့်နေဖို့၊ လိုအပ်ရင်ရင်ဆိုင်နိုင်ဖို့ အတွေးသစ်အမြင်သစ် စိတ်ကူးသစ်တွေရှိရတော့မှာပါ။ ဒီလိုစိတ်ကူးမျိုးတွေ၊ အတွေးအမြင်တွေ ရှိသင့်သလောက်မရှိဘဲ ခေတ်ရဲ့ပြောင်းလဲမှုအလိုက် ကိုယ့်လုပ်ငန်းခွင်၊ ကိုယ့်သက်မွေးမှုပညာရပ်နဲ့ ပတ်သက်ရာတွေမှာ မျက်ခြေပြတ်တာတွေများနေပြီဆိုတာကိုယ်ကိုယ့်ကိုယ် ကိုယ်သိနေပြီဆိုရင်ထပ်မံသင်ယူလေ့လာဆည်းပူးရမှာတွေအတွက် အချိန်ပေးသင့်ပြီလို့ သိရမှာဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာခေတ်စားနေတဲ့ အသုံးအနှုန်းဖြစ်တဲ့ New normal ဆိုတာ အရင်နဲ့မတူတော့တဲ့အခြေအနေကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေဖို့ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း ဒီသဘောကိုနားလည်လက်ခံအဆင်သင့်ဖြစ်နေဖို့ပါပဲ။

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်)