စတော့ရှယ်ယာဈေးကွက် (၂)

ယခင်လမှအဆက်

New York Stock Exchange (NYSE)

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်ခန့်ဖြစ်သော ၁၇၉၂ ခုနှစ်၊ မေလ ၁၇ ရက်တွင် New York Stock Exchange ကို ကုန်သည် ၂၄ ဦးကသဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် ”The Buttonwood Agreement ” ဖြင့်စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းသဘောတူညီချက်တွင် စတော့ရှယ်ယာရောင်းဝယ်ခြင်းအတွက် စည်းမျဉ်းများနှင့် ဈေးကွက်အဖွဲ့ဝင်နေရာဈေးနှုန်း(Seat Price) သတ်မှတ်သည့်စည်းမျဉ်းများပါဝင်သည်။ ကာလရှည်ကြာလာသည်နှင့်အမျှ NYSE ၏ စည်းမျဉ်းများအဆင့်ဆင့် ပြောင်းလဲပြင်ဆင်ခဲ့ကြသော်လည်း မူလစည်းမျဉ်းများမှာ ယနေ့ NYSE ၏ အခြေခံစည်းမျဉ်းမူဘောင်အဖြစ်ဆက်လက်ရှိနေသည်။

NYSE သည် New York City ၊ Wall Street တွင်တည်ရှိသည့် အမေရိကန်စတော့အိတ်ချိန်းဖြစ်သည်။ NYSE သည် ကမ္ဘာ့အကြီးဆုံးစတော့အိတ်ချိန်းဖြစ်ပြီး ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်၏ ၂၅ ရာခိုင်နှုန်းရှိသည်။ ၂၀၁၈ ခုနှစ်ကိန်းဂဏန်းများအရ NYSE တွင် ရောင်းဝယ်သည့် ကုမ္ပဏီကြီးများ၏ ဈေးကွက်တင်စတော့ရှယ်ယာ တန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၁.၁ ထရီလီယံရှိသည်။ ၂၀၁၃ ခုနှစ် ကိန်းဂဏန်းများအရ နေ့စဉ်ရောင်းဝယ်သည့်တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆၉ ဘီလီယံခန့်ရှိပြီး ရှယ်ယာခုရေပေါင်း ၄၅၀ ဘီလီယံ အထက်တွင်ရှိသည်။

NYSE ကို အတွင်းလူများ ”The Big Board” ဟုခေါ်ဆိုကြသည်။ လုပ်ငန်းကြီးကုမ္ပဏီကြီးများ၏ စတော့ရှယ်ယာများသာ ရောင်းဝယ်သည့်နေရာဟု သတ်မှတ်ခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုသည် NYSE တွင် Seat ရရန်၊ သို့မဟုတ် Member ဖြစ်ရန် စည်းမျဉ်းအရ သတ် မှတ်ချက်များ ပြည့်စုံရန်လိုအပ်သည်။ အဓိကလို အပ် ချက်မှာ စတော့အိတ်ချိန်းတွင် ရောင်းဝယ်မည့်ကုမ္ပဏီ၏ စတော့ရှယ်ယာတန်ဖိုးမှာ အနည်းဆုံးအမေရိကန်ဒေါ်လာ ၁.၁ သန်း ရှိရမည်ဖြစ်ပြီး ကုမ္ပဏီ၏ဈေးကွက်တန်ဖိုးမှာ အနည်းဆုံးအမေရိကန်ဒေါ်လာ သန်းတစ်ရာရှိရန်လိုအပ်သည်။ ကုမ္ပဏီ၏ လက်ရှိအမြတ်ခွန်မဆောင်မီ တစ်နှစ်ဝင်ငွေပမာဏသည် အမေရိကန်ဒေါ်လာ ဆယ်သန်းအထက်တွင် အနည်းဆုံးသုံးနှစ်ဆက်တိုက်ရှိနေဖို့ လိုအပ်ပြီး အမြတ်ငွေ အမေရိကန်ဒေါ်လာ နှစ်သန်းအထက်တွင် နှစ်နှစ်ဆက်တိုက်ရှိဖို့လိုအပ်သည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလအထိ စတော့ရှယ်ယာကုန်သည်များ (Traders) နှင့် စတော့ရှယ်ယာပွဲစားများ (Brokers)သည် NYSE တွင် Seat တစ်နေရာရဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းကြရသည်။ NYSE တွင် Seat ရှိလျင် ဂုဏ်ရှိသည်၊ ကံကောင်းသည်ဟု သတ်မှတ်ကြသည်။ NYSE တွင် Seat ပေါင်း ၁,၁၀၀ ရှိသည်။ NYSE ၏ Seat တစ်ခုပေါက်ဈေးမှာ ၂၀၀၅ ခုနှစ်တွင် အမြင့်ဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃.၃၇၅ သန်း ရှိခဲ့သည်။ ၂၀၀၆ ခုနှစ်နောက်ပိုင်း NYSE ကို အများပိုင်ကုမ္ပဏီ (Public Corporation) အဖြစ်ပြောင်းလဲဖွဲ့စည်းသည့်အခါ ယင်း Seat များသည် NYSE ၏ အစုရှယ်ယာဝင် (Equity Membership) အဖြစ်ပြောင်းလဲသွားသည်။ NYSE ၏စည်းမျဉ်းများ မူလအတိုင်းဆက်ရှိနေပြီး NYSE တွင် ရောင်းဝယ်ခွင့်လိုင်စင်တစ်နှစ်တစ်ကြိမ် ထုတ်ပေးသည်။ ယခု NYSE ကို Intercontinental Exchange (ICE) American Holding Company ကပိုင်ဆိုင်သည်။

NYSE တွင် စတော့ရှယ်ကုန်သည်များနှင့် ပွဲစားများစုဝေးရောင်းဝယ်သည့် နေရာအခန်းကို Floor ဟု ခေါ်သည်။NYSE Floor တွင် ရှယ်ယာရောင်းဝယ်သူများက လက်ဟန်ကိုယ်ဟန်အမူအယာများဖြင့် အသံကျယ်ကျယ် အော်ဟစ်ရောင်းဝယ်သည့် အစဉ်အလာ ကာလကြာရှည်တည်ရှိခဲ့သည်။ ရောင်းသူကရောင်းမည့်ဈေးနှုန်းများ (Asking Prices) နှင့် ဝယ်သူများက ဝယ်မည့်ဈေးနှုန်းများ (Bid Prices) နှင့် အနိမ့်ဆုံးရောင်းမည့်ဈေးနှုန်း (Ask Price) ကို ဈေးပြိုင်စနစ်ဖြင့် အပြိုင်အဆိုင်ရောင်းဝယ်ကြသည်။NYSE Floor တွင် ရောင်းဝယ်မှုအစအဆုံး အသေးစိတ်သိရှိရန်မှာ ရောင်းဝယ်မှုတွင် ပါဝင်သူများဖြစ်သည့် Customer များ၊ Broker များ၊ Floor Trader များနှင့် Specialist များအကြောင်း သိရန်လိုအပ်သည်။ ယခင်က အရောင်းအဝယ်များကို NYSE Floor တွင် လူကိုယ်တိုင်ရောင်းဝယ်ခဲ့ကြသော်လည်း နောက်ပိုင်းကွန်ပျူတာကွန်ရက်စနစ် အသုံးပြုရောင်းဝယ်သည့်အခါ လူကိုယ်တိုင်ရောင်းဝယ်သည့်စနစ် ပျောက်ကွယ်သွားသည်။

NYSE Floor တွင် လူကိုယ်တိုင်မျက်နှာချင်းဆိုင်ကာ အပြိုင်အဆိုင် စတော့ရှယ်ယာရောင်းဝယ်သည့်ဖြစ်စဉ်ကို ကြည့်မည်ဆိုပါက …

– စတော့ရှယ်ယာရောင်းဝယ်လိုသူ Customer က ဦးစွာ စတော့ရှယ်ယာပွဲစား (Broker) ကို ဆက်သွယ်သည်။

– စတော့ရှယ်ယာပွဲစား Broker က စတော့ရှယ်ယာကုန်သည် Floor Trader ကို ဆက်သွယ်သည်။

– Floor Trader က Specialist များထံမှ အသင့်တော်ဆုံးဖြစ်မည့် ရောင်းဈေးဝယ်ဈေးနှင့် စတော့ရှယ်ယာအချက်အလက်များ ရယူသည်။

– စတော့အိတ်ချိန်း Specialist များ၏တာဝန်မှာ အရောင်းအဝယ်အဆင်ပြေချောမွေ့အောင် စီစဉ်ပေးခြင်းဖြစ်သည်။ Specialist တစ်ဦးလျင် စတော့ရှယ်ယာ ငါးမျိုးမှ ဆယ်မျိုးအထိ တာဝန်ယူကိုင်တွယ်လေ့ရှိပြီး စတော့ရှယ်ယာပေါက်ဈေး (Quotes) များ၊ ရောင်းဝယ်မည့် စတော့ရှယ်ယာအရေအတွက်နှင့် လက်ကျန်အရေအတွက်စာရင်းများ ပြုစုပေးသည်။ Specialists များကဝယ်သူနှင့်ရောင်းသူကို အရောင်းအဝယ်ဖြစ်အောင် ဆက်သွယ်ချိတ်ဆက်ပေးသူဖြစ်သည်။ တစ်ခါတစ်ရံ ယင်းတို့ကိုယ်တိုင် စတော့ရှယ်ယာများကို ဝယ်ယူရောင်းဝယ်လေ့ရှိသည်။

ယခုနောက်ပိုင်း အီလက်ထရောနစ်စနစ်ဖြင့် စတော့ရှယ်ယာများ ရောင်းဝယ်သည့်အခါ ယခင်ကကဲ့သို့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် ရောင်းဝယ်ရန် မလိုတော့ပေ။ ယခုလက်ရှိရောင်းဝယ်သည့်စနစ်ကို ကြည့်လျင်…

– စတော့ရှယ်ယာရောင်းလိုဝယ်လိုသူ Customer က Broker ကို ဦးစွာတယ်လီဖုန်းဖြင့်လည်းကောင်း၊ အင်တာနက်ဖြင့်လည်းကောင်း ဆက်သွယ်သည်။

– Broker က Floor Trader ကို ဝယ်လိုရောင်းလိုသည့် Order ပို့သည်။

– Floor Trader ကသက်ဆိုင်ရာစတော့ရှယ်ယာ Specialist ထံသို့ Order စာရင်းတင်သည်။

– Specialist က အရောင်းအဝယ်ဖြစ်အောင် ဆောင်ရွက်ပေးသည်။

နည်းပညာတိုးတက်လာမှုကြောင့် ယခင်ကကဲ့သို့ NYSE Floor တွင် အသံဗလံဆူညံပွက်လောရိုက်မှုမရှိတော့ဘဲ အေးဆေးငြိမ်သက်စွာ အရောင်းအဝယ်များ ပြီးမြောက်နေသည်။ စတော့ရှယ်ယာရောင်းဝယ်သူများနှင့် စည်ကားခဲ့သည့် NYSE မှာ စာကြည့်တိုက်တစ်ခုကဲ့သို့ တိတ်ဆိတ်သွားပြီဖြစ်သည်။

ဒေါက်တာခင်စန်းရီ