စစ်မြေပြင်အနေအထား ၉ မျိုး (မန်နေဂျာများအတွက်ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ)

ပထမဦးဆုံးတိုက်ခိုက်ချက်တစ်ချက်ဟာ တိုက်ခိုက်ချက်နှစ်ချက်လိုပဲ အကျိုးသက်ရောက်မှုတွေရှိတယ်လို့ ရှေးဟောင်းစကားပုံတစ်ခုကဆိုတယ်။ ကိုယ်ကအရင်တိုက်ခိုက်တဲ့အခါ ရန်သူဟာဒုတိယတန်းနေရာအနေအထားကို ရောက်သွားတယ်။ တိုက်ခိုက်ရသူဟာတော့ စိတ်ဓာတ်ခွန်အားတက်ကြွသွားပါတယ်။

အဲဒီလို စတင်တိုက်ခိုက်တဲ့ထိုးစစ်ကို ဆက်ပြီးလုပ်သွားဖို့လိုတယ်။ ဒါမှလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားလုပ်ကိုင်သွားနိုင်မှာဖြစ်တယ်။ မျော်လင့်မထားတဲ့ဖြစ်ရပ်တွေကိုလည်း ရင်ဆိုင်ဖြေရှင်းသွားနိုင်တယ်။ ရှေ့ကိုဘယ်လိုဆောင်ရွက်ရမလဲဆိုတာကိုလည်း ဆုံးဖြတ်ချက်ချနိုင်သွားမှာဖြစ်တယ်။

နည်းဗျူဟာဆိုင်ရာ စဉ်းစားရတဲ့အချက်များက မဟာဗျူဟာစီမံချက်များကို လွမ်းမိုးတယ်။ ထိုးစစ်ကို မဟာဗျူဟာအရ သင်လိုလားတဲ့နေရာမှာလုပ်မယ့်အစား နည်းဗျူဟာအရ လက်တွေ့လုပ်ကိုင်နိုင်တဲ့နေရာမှာ လုပ်ဖို့လိုအပ်တာမျိုးရှိတတ်တယ်။ ဥပမာအားဖြင့် တန်ဖိုးကြီးကြီးပစ္စည်းတွေကိုထုတ်လုပ်ဖို့ မဟာဗျူဟာချမှတ်ထားတဲ့ ကုမ္ပဏီတစ်ခုဟာ တန်ဖိုးအလယ်အလတ်သာရှိတဲ့ ကုန်ပစ္စည်းကို ထုတ်လုပ်သွားရင် ပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်ရာမှာ အောင်မြင်မှုအလွယ်တကူ ရနိုင်ပါတယ်။

စီးပွားရေးလုပ်ရာမှာ အောင်မြင်ဖို့အရေးကြီးတဲ့ အချက်နှစ်ချက်ကတော့ မိမိနဲ့ဆက်သွယ်ရတဲ့ ဖောက်သည်တွေ သဘောကျနှစ်သက်နေရေးနဲ့ ပြိုင်ဘက်ရဲ့အားသာချက်တွေနဲ့ အားနည်းချက်တွေကိုသိထားရေးတို့ပဲဖြစ်တယ်။ အဲဒီလို ပြိုင်ဘက်နဲ့ယှဉ်ပြိုင်ရာမှာ ပြိုင်ဘက်ရဲ့အားသာချက်ကိုရှောင်ရှားပြီး အား နည်းချက်ကိုသာတိုက်ခိုက်ဖို့လိုတယ်။

မိမိရဲ့ပစ္စည်းဈေးကွက်မှာ အချိန်မှန်ရပ်တည်နေရေးနဲ့ ဈေးကွက်အပိုင်းအခြားအလိုက် ပစ္စည်းကိုအမျိုးမျိုးအဖုံဖုံ ပြောင်းလဲထုတ်လုပ်ခြင်းနဲ့ပတ်သက်တဲ့ အယူအဆများဟာ ဈေးကွက်ကိုထိုးဖောက်ရာမှာ အလွန်ကောင်းမွန်တဲ့အခွင့်အလမ်းများကို ရရှိစေနိုင်တယ်။

မိမိကိုအသာရစေနိုင်တဲ့ စစ်မြေပြင်ကိုရွေးပါ။

ဆွန်ဇူးက အောက်ပါအတိုင်းမိန့်ကြားပါတယ်။

မိမိရဲ့တပ်များကို တာဝန်ပေးနေရာချထားရေးနဲ့ပတ်သက်လာရင် ရွေးချယ်စရာ မြေပြင်အနေအထားအမျိုးမျိုးရှိတယ်။ တချို့မြေပြင်များဟာ နေရာအနှံ့အပြားမှာ ပျံ့နှံ့တည်ရှိနေကြတယ်။ တချို့က နယ်မြေနီးစပ်နေကြတယ်။ တချို့က အဓိကကျတဲ့ နယ် မြေများဖြစ်တယ်။ ရန်သူရော မိမိပါနှစ်ဖက်စလုံး ဝင်ထွက်သွားလာနိုင်တဲ့ မြေပြင်တွေရှိတယ်။ မိမိတို့နှင့်သာမက တခြားနိုင်ငံ သုံးနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်မြေတွေလည်း ရှိကြသေးတယ်။ တချို့ အဲဒီနယ်မြေမျိုးကို ဦးစွာထိန်းချုပ်နိုင်ရင် အိမ်နီးချင်းနိုင်ငံအများစုရဲ့ ပံ့ပိုးထောက်ခံမူကိုရနိုင်တယ်။ စစ်တပ်ကရန်သူရဲ့နယ်မြေထဲ အတော်ကြီးထိုးဖောက်ဝင်ရောက်သွားကာ ရန်သူရဲ့မြို့ရွာနယ်ပယ်တွေက နောက်မှာကျန်ရစ်သေးတယ်ဆိုရင် ဒါဟာအလွန်အရေးထားရမယ့်နယ်မြေပဲဖြစ်တယ်။

တောင်ပေါ်သစ်တောတွေ၊ ကြမ်းတမ်းမတ်စောက်တဲ့ကုန်းတွေ၊ စိမ့်တော၊ ရွှံ့တော၊ နွံတောတွေ စတာတွေဟာ သွားရလာရခက်ခဲလှတဲ့အတွက် ခက်ခဲတဲ့ နယ်မြေတွေဖြစ်ကြတယ်။ ဝင်ရောက်ဖို့ခက်တဲ့ နေရာမှာကျတော့ ရန်သူတပ်သားနည်းနည်းလေးက တပ်သားအများကြီးရှိတဲ့တပ်ကို ဖြိုခွင်းနိုင်တဲ့အတွက် ဒါမျိုးကိုတော့ ဝိုင်းပတ်ပိတ်မိနေတဲ့ နယ်မြေလို့ခေါ်တယ်။ သေရင်မြေကြီး ရှင်ရင်ရွှေထီးလို့ သဘောထားကာ အပြင်းအထန် ခုခံတိုက်ခိုက်ပါမှ အပြတ်ချေမှုန်းမခံရမယ့် နယ်မြေအနေအထားလည်းရှိနေသေးတယ်။

ဒါကြောင့် ဟိုနည်းနည်းဒီနည်းနည်း ပြန့်ကျဲနေတဲ့ နယ်မြေမှာဆိုရင်မတိုက်ပါနဲ့။ နယ်ချင်းထိစပ်နေတဲ့ မြေပြင်အနေအထားမှာလည်း ချေမှုန်းမခံရမယ့် နယ်မြေအနေအထားမှာပဲ ရပ်တန့်နားနေခြင်း မနေပါနဲ့။ သော့ချက်ကျမယ့်နယ်မြေကို သိမ်းပိုက်ထားတဲ့ ရန်သူကိုမတိုက်ပါနဲ့။ ရန်သူရော မိမိပါအလွတ်တကူသွားလာနိုင်တဲ့ မြေပြင်မှာဆက်သွယ်ရေးကို အပိတ်အဆို့မခံပါနဲ့။

တိုင်းပြည်တွေ နယ်စပ်ချင်းထိစပ်နေတဲ့ မြေပြင်အနေအထားမှာ အဲဒီအိမ်နီးချင်းနိုင်ငံတွေနဲ့ မဟာ မိတ်ဖွဲ့ပါ။ မဆုတ်သာမတတ်သာဖြစ်နေရင်တော့ ရသမျလူယုံလေတော့။ ခက်ခဲတဲ့မြေပြင်မှာဆိုရင် ဆက်လက်ချီတက်ပါ။ ပိတ်မိနေပြီဆိုရင်တော့ ရန်သူကိုလှည့်စားတဲ့နည်းသုံးပါ။ နောက်ဆုံးအဖြစ် အ သက်လုတိုက်ရတော့မယ်ဆိုရင် သတ္တိရှိရှိတိုက်ပါ။

မန်နေဂျာရှုထောင့်မှသုံးသပ်ချက်

လက်လီအရောင်းလုပ်ငန်းတွေမှာ ယှဉ်ပြိုင်သူတွေကို သူတို့ရဲ့နယ်မြေမှာသွားယှဉ်ပြိုင်ရရင် အမြဲသတိထားပါ။ Safeway ကုမ္ပဏီဟာ ဆန်ဖရန်စစ္စကိုမှာအခြေစိုက်တဲ့ကုမ္ပဏီဖြစ်တယ်။ ဒီကုမ္ပဏီဟာ မြောက်ကာလီဖိုးနီးယားဒေသမှာ ဈေးကွက်ကို စီမံထိန်းချုပ်ထားနိုင်တယ်။ ဒါပေမဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာရှိတဲ့ သူ့ရဲ့လုပ်ငန်းခွဲတွေကတော့ အလွယ်တကူပဲ တိုက်ခိုက်လို့ရနိုင်နေတယ်။ ဒီကုမ္ပဏီဟာ သူ့ရဲ့သမိုင်းတစ်လျောက်မှာ အဓိကဈေးကွက်တွေကို စွန့်လွှတ်ထွက်ခွာခဲ့ရတာတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့ရဲ့ဌာနေရင်းဈေးကွက်မှာတော့ လွှမ်းမိုးချုပ်ကိုင်ထားနိုင်ဆဲဖြစ်တယ်။ သူကဌာနေရင်း ဖောက်သည်တွေနဲ့ ဆက်ဆံရေးအခိုင်အမာ တည်ဆောက်ထားနိုင်တဲ့အတွက် ပြိုင်ဘက်တွေက ဝင်ရောက်လာရင်လည်း ခုခံတားဆီးထားနိုင်တယ်။ ပြိုင်ဘက်တွေကလည်း ဒီကုမ္ပဏီရဲ့ပင်ရင်းဌာနေကို သွားမပြိုင်ကြတော့ဘူး။

PFizer ကုမ္ပဏီဟာ ဈေးကွက်သစ်နယ်မြေချဲ့ထွင်ရေးအတွက် အဓိကရောဂါအများစုအတွက် ဆေးဝါး များကို သုတေသနပြုရှာဖွေရာမှ မြန်မြန်ဆန်ဆန်ရှာဖွေ ထုတ်လုပ်နိုင်ခဲ့တယ်။ နောက်ပိုင်းသူထုတ်လုပ်နေတဲ့ အယ်လ်ဇိုင်းမားရောဂါကုဆေး ဂျပန်နိုင်ငံကလည်း ထုတ်လုပ်နေပြီဆိုတာသိသွားတော့ ဒီအတွက်သုတေသနဘက် ဆက်မလုပ်တော့ဘဲ ဂျပန်နဲ့ပူးပေါင်းဖက်စပ်လုပ်ကိုင်လိုက်တဲ့အတွက် အောင်မြင်သွားတယ်။

Big Island Candy ကုမ္ပဏီဟာလည်း ဈေးကွက်တွေ ထုနဲ့ထည်နဲ့ရှိနေတဲ့ကုမ္ပဏီတွေနဲ့ မပြိုင်ဘဲခရီးသွား လုပ်ငန်းရှင်များနဲ့ပဲ ဆက်သွယ်ဆောင်ရွက်တယ်။ ခရီးသွားဧည့်သည်တွေကလည်း အဲဒီ Big Island Candy ရဲ့ စတိုးဆိုင်နဲ့ စက်ရုံတွေကို သွားရောက်လည်ပတ်ကာ တခြားနေရာမှာမရနိုင်တဲ့ အတွေ့အကြုံများနဲ့ ရောင်းကုန်ပစ္စည်းများကို ဝယ်ယူကြတယ်။ ဒီလိုလုပ်တာမျိုးကို ကုမ္ပဏီကြီးများကလည်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိကြပါဘူး။

ဒါကြောင့် ယှဉ်ပြိုင်မှုလုပ်ကိုင်ရာမှာ မိမိကသူများတွေနဲ့ မတူတဲ့နည်းနဲ့ လုပ်တတ်ဖို့လိုတယ်။ အဲဒီလိုမလုပ်ရင်တော့ သင်ဟာအမြတ်နည်းနည်းပဲရတဲ့ ဈေးကွက်မှာ ပါဝင်လုပ်ကိုင်နေခြင်းမျသာ ဖြစ်နေမှာပါ။