ငွေကြေးပညာရှင်မဟုတ်သူ မန်နေဂျာများအတွက် ငွေကြေးပညာ

ယခင်လမှအဆက်

၁၆။ PPE များအရေးကြီးရသည့်အကြောင်းကိုကြည့်ပါ (Why PPE Is Important)

ပုံသေရင်းနှီးပိုင်ဆိုင်မှုများဟုလည်းသိကြသည့် အဆောက်အအုံနှင့်မြေ (Property)၊ စက်ရုံ (Plant) နှင့် ကိရိယာများ (Equipment)၊ အတိုကောက်အားဖြင့် PPE သည် လုပ်ငန်းလုပ်ဆောင်စဉ်ကာလတစ်လျောက်လုံး ကုမ္ပဏီများကပိုင်ဆိုင်၊ အသုံးပြုသည့် ရုပ်ဝတ္ထုရင်းနှီးပိုင်ဆိုင်မှုများ ဖြစ်ကြသည်။ ယင်းတို့တွင်မော်တော်ကားများ၊ ခုံစက်များ၊ စက်ရုံများနှင့် ရည်ရွယ်ချက်တစ်ခုအတွက် အသုံးမပြုရသေးသော မြေစသည်တို့ပါဝင်သည်။

PPE များသည် တစ်နှစ်ထက်ပို၍တာရှည်ခံသဖြင့် ယင်းတို့အား နှစ်ရှည်ရင်းနှီးပိုင်ဆိုင်မှုများဟု မှတ် ယူကြသည်။ သို့သော်လည်း စက်များနှင့်ကိရိယာများကို သုံးစွဲနေရသဖြင့် ယင်းတို့၏တန်ဖိုးများကျဆင်းလာသည်။ ယင်းကဲ့သို့တန်ဖိုးကျခြင်းကို Depreciation ဟုခေါ်သည့် တန်ဖိုးဖြန့်ကြက်သည့်နည်းလမ်းဖြင့် ကိုယ်စားပြုဖော်ပြသည်။ Depreciation နည်းလမ်းက ယင်းစက်ကိရိယာများ၏ အလုပ်လုပ်နေသည့် သက်တမ်းတစ်လျောက်တန်ဖိုးကို နှစ်များအကြားဖြန့်ကြက်ဖော်ပြပေးသည်။

PPE တို့ကို ဝယ်ယူသည့်နှစ်တွင်ပင် စာရင်းမှပယ်ဖျက်ပစ်၍မရ၊ ပယ်ဖျက်လိုက်ပါက အဓိပ္ပာယ်မရှိသည့် အသားတင်အမြတ်များ ဖြစ်ပေါ်လာမည်ဖြစ်ပြီး စက်များအလုပ်လုပ်နေသည့် အခြေအနေနှင့် မကိုက်ညီ သည့် အခြေအနေဖြစ်လိမ့်မည်။ ထို့အတွက် PPE များအား တန်ဖိုးဖြန့်ကြက်၍စာရင်းသွင်းရခြင်းဖြစ်သည်။ ဤအခြေအနေကို နားလည်ရန်အတွက် အောက်ပါသာဓကကို ကြည့်ပါ။

နစ်ကိုကော်ပိုရေးရှင်းက စက်ကိရိယာထုတ်လုပ်သောစက်ကို အသစ်ဖြင့်အစားထိုးရန် ဆုံးဖြတ်လိုက်သည်။ စက်အသစ်သည် ဒေါ်လာငါးသောင်းကျမည်ဖြစ်ပြီး စက်ကိရိယာများကို နောင်ငါးနှစ်ကြာသည်အထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ ယင်းစက်ကို ဝယ်ယူသောနှစ်တွင် နစ်ကို၏ဝင်ငွေမှာ ဒေါ်လာနှစ်သိန်းဖြစ်ပြီး နောက်တစ်နှစ်တွင် ဒေါ်လာ ၂၅၀,၀၀၀ ဖြစ်သည်။

ပထမနှစ် (နှစ် ၁) နှင့် ဒုတိယနှစ် (နှစ် ၂)တို့၏ ကုန်ကျစရိတ်များအပေါ် စက်ဝယ်ယူလိုက်ခြင်း၏ သက်ရောက်မှုကို ကြည့်ကြပါစို့။ အကယ်၍ စက်တစ်ခုလုံးကို နှစ် ၁ တွင် စာရင်းမှ ပယ်ဖျက်လိုက်သည်ဆိုပါစို့။ နစ်ကို၏ အသားတင်ဝင်ငွေကို အောက်ပါအတိုင်း သက်ရောက်မှုရှိမည်။

စက်တစ်ခုလုံးကုန်ကျစရိတ်အား ပထမနှစ်တွင်ပင် ဖော်ပြလိုက်ခြင်းဖြင့် နှစ်နှစ်စလုံးအတွက် အသားတင်ဝင်ငွေ ဖော်ပြမှုမှာမှားယွင်းသွားသည်။ ထိုဇယားအရ ယင်းစက်အား ပထမနှစ်တွင်အသုံးပြုလိုက်ပြီး ဒုတိယနှစ်တွင် အသုံးမပြုတော့သည့်သဘော သက်ရောက်နေသည်။ ယခုနှစ်က စက်၏တန်ဖိုးကို ငါးနှစ်သက်တမ်းတောက်လျောက် ဖြန့်ကြက်တန်ဖိုးချခြင်းပြုလုပ်လိုက်ပါက မည်ကဲ့သို့အဖြေထွက်မည်နည်း။

ယခုဒုတိယဇယားတွင် နှစ်နှစ်အတွင်း တန်ဖိုးချကုန်ကျစရိတ်က နှစ်နှစ်စလုံးအတွက် အသားတင်ဝင်ငွေကို ပြောင်းလဲသွားစေသည်။ တန်ဖိုးချဖြန့်ကြက်ကုန်ကျ စရိတ်ဒေါ်လာတစ်သောင်းစီကို နှစ် ၃ မှ နှစ် ၅ (စုစု ပေါင်းငါးနှစ်အကြာ) အထိနုတ်သွားမည်ဖြစ်သည်။ရင်းနှီးပိုင်ဆိုင်မှုနှင့်ပတ်သက်သော နောက်ထပ်အကြောင်းများကို အောက်တွင်ဖော်ပြထားပါသည်။

– လက်ကျန်ငွေစာရင်း (Balance sheet)

PPE ဆိုသည်မှာ နှစ်ပေါင်းအတော်ကြာ တန်ဖိုးဖြန့်ကြက်သွင်းလာပြီးနောက် လက်ကျန်စာရင်းတွင် ပေါ်သည့် ရင်းနှီးပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။

– စာမျက်နှာအောက်ခြေမှတ်ချက်များ (Footnotes)

စာမျက်နှာအောက်ခြေမှတ်ချက်များသည် PPE ၏ အစိတ်အပိုင်းဖြစ်သော ရင်းနှီးပိုင်ဆိုင်မှုများအ သေးစိတ်ကို ဖော်ပြပေးသည်။

– လျင်မြန်သောကုန်ကျစရိတ်ဖော်ပြခြင်း (Expensed immediately)

သေးငယ်၍တန်ဖိုးမကြီးသော ပစ္စည်းများသည် နှစ်ပေါင်းအတော်ကြာလာသည့်အခါ ခြေရာခံလိုက်ရန် မလွယ်ကူသဖြင့် စည်းမျဉ်းအရ ယင်းတို့အား ဝယ်ယူသောနှစ်တွင်ပင် ရှင်း လင်းဖော်ပြရသည်။

The bottom line (အခြေခံကျသောအချက်)

တန်ဖိုးဖြန့်ကြက်ခြင်းနည်းလမ်းသည် ပစ္စည်းတစ်ခု၏တန်ဖိုးကို ယင်း၏သက်တမ်းနှစ်များ တောက်လျောက် ဖြန့်ကြက်ပေးသည်။

၁၇။ Good will အကြောင်းထပ်မံရှာဖွေပါ (Find Out More About Goodwill)

Goodwill သည် ဘဏ္ဍာရေးအစီရင်ခံစာတွင်မပေါ်ပါ။ သို့သော် ပေါ်လာသည့်အခါတွင် ဘာကြောင့်ပေါ်ရသည်ကိုနားလည်ဖို့သင့်သည်။လူအများစုသည်လုပ်ငန်းနှင့်ဆက်နွှယ်၍ Goodwill ဟူသောစကားလုံးကိုကြားရသည့်အခါ လုပ်ငန်းတစ်ခု၏ Customer များနှင့်ဆက်နွှယ်၍ ကောင်းသောဂုဏ်သတင်းမှဖြစ်လာသည့် ကိုင်တွယ်၍မရသောရင်းနှီး ပိုင်ဆိုင်မှုဟုထင်ကြသည်။

သို့သော်လည်း ငွေစာရင်းပညာရှင်များအတွက် ယင်းစကားလုံးမှာ အနည်းငယ်မတူညီသောအဓိပ္ပာယ်ကိုဆောင်သည်။ ယင်းစကားလုံးသည် ဘဏ္ဍာရေးအစီရင်ခံစာတွင်ပေါ်လာပါက ကိုင်တွယ်၍မရသော ရင်းနှီးပိုင်ဆိုင်မှုဖြစ်သော်လည်း ထိုဘဏ္ဍာရေးအစီရင်ခံစာထုတ်သည့် ကုမ္ပဏီ၏ဂုဏ်သတင်း၊ သို့မဟုတ် လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်းတို့နှင့် မသက်ဆိုင်ပါ။ အခြားကုမ္ပဏီတစ်ခုအတွက်မျှတသောဈေးကွက်တန်ဖိုးပေါ် ကုမ္ပဏီကပေးရသောအပိုဈေးနှုန်းပင်ဖြစ်သည်။

Goodwill ဖြစ်လာပုံကို သာဓကအနေဖြင့် ကြည့်ကြပါစို့။ Nicko Corporation က ကော်ဖီစေ့လှော်သောပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် Caffé D’Oro ကို ဝယ်ယူချင်သည်။ ရောင်းချချိန်တွင် Caffé D’Oro တွင် ရင်းနှီးပိုင်ဆိုင်မှု ဒေါ်လာလေးသိန်းနှင့် ပေးရန်တာဝန်များ ဒေါ်လာသုံးသိန်းရှိသည်။ Nicko နှင့် Caffé D’Oro တို့ အကြိတ်အနယ် ဆွေးနွေးပြီးနောက် Caffé D’Oro အား ဒေါ်လာငါးသိန်းဖြင့် ရောင်းချရန် သဘောတူကြသည်။ Caffé D’Oro ၏ ပေးရန်တာဝန်များကိုလည်း နစ်ကိုက တာဝန်ယူလိုက်သည်။ ဤဆွေးနွေးပွဲပြီးသည့်နောက် ထွက်ပေါ်လာသော ကိန်းဂဏန်းများကို အောက်တွင်ကြည့်ပါ။

အထက်ပါဇယားတွင် Goodwill သည် ကုမ္ပဏီဝယ်ဈေး (ဒေါ်လာငါးသိန်း)မှ စာရင်းပြတန်ဖိုး (ဒေါ်လာဆယ်သိန်း) ကို နုတ်ထားသည့် ရလဒ်ဖြစ်သည်။ စာရင်းပြတန်ဖိုးမှာ ရင်းနှီးပိုင်ဆိုင်မှုများ (ဒေါ်လာလေးသိန်း) မှ ပေးရန်တာဝန်များ (ဒေါ်လာသုံးသိန်း) ကိုနုတ်ထားသည့်ရလဒ်ဖြစ်သည်။

(မှတ်ချက် – ရင်းနှီးပိုင်ဆိုင်မှုများမှ ပေးရန်တာ ဝန်များကို နုတ်လိုက်ပါက ဒေါ်လာတစ်သိန်းသာကျန်သဖြင့် Caffé D’Oro ကုမ္ပဏီ၏တန်ဖိုးမှာ ဒေါ်လာတစ်သိန်းသာဖြစ်သည်။ သို့သော်လည်း Nicko က ဒေါ်လာလေးသိန်းကို အပိုထပ်ပေးလိုက်သဖြင့် စုစုပေါင်းရောင်းဈေးမှာ ဒေါ်လာငါးသိန်းဖြစ်သွားသည်။ အပိုထပ်ပေးသော ဒေါ်လာလေးသိန်းကို Goodwill ဟုဆိုသည်။ ထိုသို့ Goodwill ကို Nicko က လိုလိုလားလားပေးသည့် ဖြစ်ဖွယ်ရာအကြောင်းများကို ဆက်လက်ဖော်ပြထားပါသည်။)

Nicko က ဒေါ်လာလေးသိန်းအပိုပေးရသည့် အကြောင်းများရှိနိုင်သည်။ သာဓကအားဖြင့် ယင်းတွင်စွဲစွဲမြဲမြဲဝယ်သောခိုင်မာသည့် Customer အခြေရှိနိုင်သည်။ ကော်ဖီရောင်းချရာတွင်ဆန်းသစ်သောအရောင်းနည်းလမ်းတစ်ခုရှိနိုင်သည်။ မည်သည့်အကြောင်းကြောင့်ပဲဖြစ်ဖြစ် Nicko အနေဖြင့် ဈေးနှုန်းပေးရသည်မှာတန်သည်ဟု ယူဆသည်။Goodwill နှင့်ပတ်သက်၍ အောက်တွင် ထပ်မံဖော်ပြထားသည်။

– စုပေါင်းထားသောဘဏ္ဍာရေးအစီရင်ခံစာများ (Combined financial statements)

အရောင်းအဝယ်ကိစ္စ ပြီးဆုံးသည့်အခါ ဝယ်ယူသည့်ကုမ္ပဏီက ကုမ္ပဏီနှစ်ခုစလုံး၏ဘဏ္ဍာရေးအစီရင်ခံစာများကို ပေါင်းစည်းသည်။

– ပြောင်းလဲနေသောစည်းမျဉ်းများ (Changing rules)

၂၀၀၂ ခုနှစ်အထိ အမေရိကန်ကုမ္ပဏီများသည် Goodwill ကို Amortize လုပ်နိုင်ခဲ့သည်။ Amortize လုပ်သည်ဆိုသည်မှာ Goodwill တန်ဖိုးကို နှစ်ပေါင်း ၄၀ အကြာဖြန့်ကြက်ဖော်ပြနိုင်ခြင်း (တန်ဖိုးချခြင်း) ကိုဆိုလိုသည်။ ယခုအခါတွင်ကုမ္ပဏီများသည် Goodwill သည် မှန်ကန်မျှတသော တန်ဖိုးရှိ-မရှိ စိစစ်ကြရမည်ဖြစ်သည်။ Goodwill တန်ဖိုးလျော့ကျသွားပါက ကုန်ကျစရိတ်နှင့်ပတ်သက်၍ ရှင်းလင်းချက်ပေးရမည် ဖြစ်သည်။

– ကုမ္ပဏီ၏ တန်ဖိုးပြန်လည်သတ်မှတ်ခြင်းမူဝါကို ကြည့်ပါ (Check the Company’s revaluation policy)

Goodwill တန်ဖိုးကို ထည့်သွင်းခြင်းဖြင့် ကုမ္ပဏီ၏အမြတ်အစွန်းကျဆင်းသွားမည်။ ထို့အတွက် Goodwill တန်ဖိုးကိုမှတ်တမ်းများတွင် ထည့်သွင်းရမည်ကိုကုမ္ပဏီများ တုံ့ဆိုင်းမှုဖြစ်ကြသည်။

The bottom line (အခြေခံကျသောအချက်)

ကုမ္ပဏီတစ်ခုကအခြားကုမ္ပဏီတစ်ခုကို ဝယ်ယူသောအခါ Goodwill ဆိုသည့် စကားလုံးကိုဖန်တီးလာကြသည်။ ယင်းစကားလုံးသည် Goodwill တန်ဖိုးဈေးကွက်တွင်ကျဆင်းသွားသည်အထိ မှတ်တမ်းများပေါ်တွင်ရှိနေမည်။

ရဲညွန့် (မဟာဝိဇ္ဇာ၊ နိုင်-ဆက်)