ဂေါက်သီး ဆယ်နှစ်တာထူးခြားအောင်ပွဲများ

ဆယ်စုနှစ်တစ်ခုကတော့ ကုန်ခဲ့ပါပြီ။ ထူးထူးခြားခြား အောင်ပွဲများရှိခဲ့သောနှစ်များပါ။ အဖြေပြောင်းပြန်ဖြစ်သွားသော အသင်းလိုက်ပြိုင်ပွဲများ၊ ထူးချွန်လှသည့် တစ်ဦးချင်းစွမ်းဆောင်မှုများ၊ ရာဇဝင်တွင်သည့် ပြန်လည်နိုးထအောင်ပွဲရမှုများကြောင့် ဖြစ်ပါသည်။

၂၀၁၂ ရိုက်ဒါဖလားပြိုင်ပွဲ

အမေရိကန်လက်ရွေးစင်အသင်းနှင့် ဥရောပလက်ရွေးစင်အသင်းတို့ နှစ်နှစ် တစ်ကြိမ်ယှဉ်ပြိုင်ကစားသော ရိုက်ဒါဖလား (Ryder Cup) ပြိုင်ပွဲသည် ၂၀၁၂ ခုနှစ်က အမေရိကမြေပေါ်တွင် အလှည့်ကျပါသည်။ ယခင်နောက်ဆုံး အကြိမ်က ၁၄ မှတ်ခွဲ ၁၃ မှတ်ခွဲဖြင့်ကပ်၍အနိုင်ရခဲ့သော ဥရောပအသင်းအတွက်မှာ ယခုအမေရိကမြေပေါ်တွင် တော့ သိပ်မလွယ်လှဟုထင်ရပါသည်။ ထိုနှစ်က အမေရိကန်အသင်းတွင် တိုက်ဂါး၊ ဖီးလ်မစ်ကယ်ဆင်၊ ဒပ်စ်တင်း ဂျွန်ဆင်၊ ဂျင်မ်ဖျူးရစ်ခ်၊ စတိဗ်စထရစ်ကာ၊ ဘတ်ဘာ ဝပ်တ်ဆင် မက်တ်ကူချာ၊ ဇက်ခ်ဂျွန်ဆင်၊ ဝက်ဘ်ဆင်မ်ဆင်၊ ဂျေဆင်ဒပ်ဖ်နာ၊ ကီဂင်ဘရက်ဒ်လီ၊ ဘရန့်စနဲ ဒက်ကာတို့ ပါဝင်သလို ဥရောပအသင်းတွင်လည်း လုခ်ဒေါ်နယ်၊ လီးဝက်စ်ဝွဒ်၊ ရော်ရီမက်ကဲလ်ရွိုင်း၊ ဆာဂျီယိုဂါစီယာ၊ ဂျပ်စ်တင်ရို့စ်၊ အီယံပေါ်လ်တာ၊ ဖရန်ချက်စ် ကိုမိုလီနာရီ၊ မာတင်ခိုင်မာ၊ ဂရမ်မက်ဂ်ဒေါလ်၊ ပေါလ်လော်ရီ၊ ပီတာဟန်ဆင်နှင့် နစ်ကလပ်စ် ကိုးလ်ဆတ်စ်တို့ ပါဝင်ကြသည်။ ထိတ်ထိတ်ကြဲတွေချည်း ဖြစ်ပါသည်။

မှန်းဆထားသလိုပင် အမေရိကန်အသင်းက အသာစီးရခဲ့ပါသည်။ ဖိုးဆမ်းနှင့် ဖိုးဘောပွဲများအပြီးတွင် အမေရိကန်အသင်းက ဆယ်မှတ်ခြောက်မှတ်ဖြင့် အနိုင်ရနေပြီး တစ်ဦးချင်း ၁၂ ပွဲသာ ကျန်တော့သည့်အနေအထားပါ။ သို့သော် နောက်ဆုံးနေ့ တစ်ဦးချင်း ၁၂ ပွဲတွင် ဥရောပအသင်းက ရှစ်ပွဲနိုင်တစ်ပွဲသရေ ရလဒ်ကိုရသွားကာ တစ် ဦးချင်းပွဲများအမှတ်တွင် ဥရောပအမှတ် ရှစ်မှတ်ခွဲ၊ အမေ ရိကန်က သုံးမှတ်ခွဲရကြသဖြင့် စုစုပေါင်းတွင် ဥရောပက ၁၄ မှတ်ခွဲ အမေရိကန်က ၁၃ မှတ်ခွဲဖြင့် အံ့အားသင့်စရာ ဥရောပအသင်းက ကပ်၍အောင်ပွဲရရှိသွားပါသည်။ မထင်မှတ်သော အောင်ပွဲဖြစ်ပြီး ဥရောပအသင်းအတွက် အကြီးကျယ်ဆုံး ရိုက်ဒါဖလားအောင်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါသည်။

၂၀၁၅ ဆိုးလ်ဟိုင်းမ်ဖလားပြိုင်ပွဲ
အမေရိကန်လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဥရောပ လက်ရွေးစင် အမျိုးသမီးအသင်းတို့ နှစ်နှစ်တစ်ကြိမ် ယှဉ် ပြိုင်ကြသည့် ဆိုးလ်ဟိုင်းမ်ဖလား(Solheim Cup) ပြိုင်ပွဲ ၂၀၁၅ ခုနှစ်က ဖြစ်ပါသည်။ ထိုနှစ်က ဥရောပမြေပေါ်တွင် ကျင်းပရန်အလှည့်ကျပြီး ဂျာမနီ၌ကျင်းပခဲ့ရာ ဖိုးဆမ်းနှင့် ဖိုးဘောပြိုင်ပွဲများအပြီးဝယ် ဥရောပက ဆယ်မှတ် ခြောက် မှတ်ဖြင့် အသာရနေခဲ့ပါသည်။ တစ်ဦးချင်း ၁၂ ပွဲသာ ကျန်တော့ပေရာ ဥရောပအသင်းက အနိုင်ရတော့မည့် အ နေအထားပါ။ ဒုတိယနေ့ ဖိုးဘောပွဲစဉ်တစ်ပွဲ၌ ပြဿနာ တစ်ရပ် ဖြစ်ပွားခဲ့ပါသည်။ အမေရိကန်ဘက်မှ ဘရစ်တ် နီလင်စီကုမ်းနှင့် အယ်လစ်ဆင်လီးတို့အတွဲနှင့် ဥရောပ ဘက်မှ ဆူဇန်ပက်တာဆင်နှင့် ချာလီဟားလ်တို့၏ပွဲ၌ ဖြစ်ပါသည်။ ၁၆ ကျင်းအပြီးအထိ အောစကွဲဖြစ်ခဲ့ကြပြီး နောက်ကျင်း ၁၇ ၏ ဂရင်းတွင်လီးက အနိုင်ရရန် ဘာဒီ ပတ်သွင်းခဲ့ရာ မဝင်ခဲ့ဘဲ ကျင်းပေါက်အား တစ်ပေခန့် ကျော်သွားခဲ့သည်။ ဥရောပအသင်းက ”ပေးပြီ” ဟု ကြား မိသောကြောင့် လီးက သ့ူဂေါက်သီးအား ကောက်ယူ လိုက်ချိန်တွင် ပက်တာဆင်က သူတို့ပေးပြီဟု မပြောခဲ့ ကြောင်း၊ ဤကျင်း သူတို့နိုင်ကြောင်း တောင်းဆိုပါတော့ သည်။ အားကစားစိတ်ဓာတ်မရှိသော လုပ်ရပ်ဟု အများ က ပက်တာဆင်ကို စွတ်စွဲခဲ့ကြသည်။ ငြင်းခုံကြပြီးနောက် လီးကလေးလည်း ငိုယိုခဲ့ရသည်။ ဒိုင်က ဥရောပအသင်းကို ထိုကျင်းတွင် အနိုင်ပေးခဲ့သည်။ ကြေကွဲနေသော လီးတို့ အတွဲသည် နောက်ဆုံးကျင်းတွင်ပါ ဆက်ရှုံးခဲ့သည်။

တစ်ဦးကျင်း ၁၂ ပွဲသာ ကျန်တော့ပြီး ဆယ်မှတ် ခြောက်မှတ်ဖြင့် ရှုံးနိမ့်နေသော အမေရိကန်အသင်းသည် အားကစားစိတ်ဓာတ်မရှိစွာ အနိုင်ယူသွားမှုအပေါ် မခံချင် ဖြစ်နေသော စိတ်အားတွန်းအားအဖြစ် ပြောင်းလဲနိုင်ခဲ့ သည်။ တစ်ဦးချင်း ၁၂ ပွဲတွင် အမေရိကန်အသင်းက ရှစ်ပွဲနိုင် သုံးပွဲရှုံး တစ်ပွဲသရေရကာ ရှစ်မှတ်ခွဲရခဲ့ပြီး ဥရောပအသင်းက သုံးမှတ်ခွဲသာရခဲ့ပါသည်။ ထို့ကြောင့် စုစုပေါင်းတွင် ၁၄ မှတ်ခွဲ ၁၃ မှတ်ခွဲဖြင့် အမေရိကန်အသင်း က အနိုင်ရသွားပါတော့သည်။ ပက်တာဆင်က ပွဲအပြီး နောက်နေ့တွင် သူ့အမှားအတွက် အမေရိကန်အသင်းကို တောင်းပန်ခဲ့ပါသည်။ အမေရိကန်အမျိုးသမီး အသင်း အတွက် အထူးတက်ကြွသောစိတ်ဓာတ်ဖြင့် ပြန်လည် တိုက်ပွဲဝင် အောင်နိုင်လိုက်သော ချိုမြိန်သည့် အောင်ပွဲဖြစ် ခဲ့ပါသည်။

ဂျပ်စ်တင်ရို့စ်အတွက် အိုလံပစ်ရွှေတံဆိပ်
ကမ္ဘာ့အိုလံပစ် အားကစားပွဲတော်ကြီး၌ ဂေါက်သီးမပါခဲ့ သည်မှာ ၁၉၀၄ ခုနှစ်ကတည်းကပါ။ ဤဆယ်စုနှစ်အ တွင်းတွင်မှ ပြန်လည်ပါဝင်ခွင့်ရခဲ့သည်။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လက ဘရာဇီးတွင်ကျင်းပသော အိုလံပစ်ပြိုင်ပွဲ ကြီး၌ ပြန်လည်မြင်တွေ့ရခြင်းပါ။ နှစ်ပေါင်းတစ်ရာကျော် ဝေးကွာခဲ့ရသည်။ ၂၀၁၃ ခုနှစ်က ယူအက်စ်အိုးပင်းမေ ဂျာပွဲကြီး ဗိုလ်စွဲခဲ့သော နာမည်ကျော်အင်္ဂလိပ်ဂေါက်သီး သမားဂျပ်စ်တင်ရိုစ့် (Justin Rose) သည် အိုလံပစ်ပြိုင်ပွဲ ဝင်အားကစားသမား ဖြစ်လိုခဲ့သည်။ ၂၀၀၆ ခုနှစ်က သူ လက်ထပ်ခဲ့သော ကိတ်ဖီးလစ်ပ်စ်သည် ငယ်စဉ်က အင်္ဂလန် လက်ရွေးစင် အိုလံပစ်ပြိုင်ပွဲဝင် ကျွမ်းဘားမယ်ဖြစ်ခဲ့ပါ သည်။ ဇနီးသည်၏ တွန်းအားကြောင့်လည်း သူပြိုင်ပွဲဝင် ဖြစ်ခဲ့သည်။ အိုလံပစ်ဂေါက်သီးပြိုင်ပွဲသို့ ကမ္ဘာ့ဂေါက်သီး သမားအဆင့်ဇယားမှ ထိပ်ဆုံး ၁၅ ဦးနှင့် ကမ္ဘာ့နိုင်ငံ အ သီးသီးမှ တစ်နိုင်ငံလျင် နှစ်ဦးစီပါခွင့်ရကြသည်။ ရို့စ်မှာ ကမ္ဘာ့ထိပ်ဆုံး ၁၅ ဦးအတွင်းဝင်နေသူဖြစ်၍ (သူက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ဒပ်စ်တင်းဂျွန်ဆင်ကို ကျော်တက် ၍ ကမ္ဘာ့နံပါတ်တစ်နေရာကိုပင် ရခဲ့သည်။) ပါဝင်ခွင့်ရရန် အခက်အခဲမရှိခဲ့ပါ။

ထိုစဉ်က ဘရာဇီးတွင် ဇီကာအမည်ရှိ ဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေပြီး အချို့သူများ ဘရာဇီးသို့ မလာရဲချိန် တွင် ရို့စ်ကမပျက်မကွက် သွားရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ဤနှစ်တွင် ဂေါက်သီး၌ အသင်းလိုက်ပြိုင်ပွဲမရှိသေးဘဲ တစ်ဦးချင်းပွဲသာရှိခဲ့ပါသည်။ ရို့စ်က ဆွီဒင်မှ ဟင်းန်ရစ်ခ် စတန်ဆင်နှင့် အမေရိကန်မှ မက်တ်ကူချာ တို့အပေါ် ကျော် လွှားကာ ရွှေတံဆိပ်ရခဲ့ပါသည်။ သူတို့ ဇနီးမောင်နှံနှစ်ဦးစ လုံး ကျေနပ်အားရခဲ့ကြသည်။ အမျိုးသမီးပြိုင်ပွဲတွင် မေဂျာ ပွဲကြီး ခုနစ်ကြိမ် အောင်နိုင်ထားသူ ကိုရီးယားမှ အင်ဘီ ပတ်ခ်က ဗိုလ်စွဲနိုင်ခဲ့ပါသည်။

ဟင်းန်ရစ်ခ်စတန်ဆင်၏ အကောင်းဆုံးလက်စွမ်းနှင့် မေဂျာအောင်ပွဲ
၂၀၁၆ ခုနှစ်၊ ဗြိတစ်ရှ်အိုးပင်းမေဂျာပွဲကြီး၌ ဟင်းန်ရစ်ခ်စ တန်ဆင် (Henrik Stenson) က ဖီးလ်မစ်ကယ်ဆင်အပေါ် ကျော်လွှားအောင်နိုင်ခဲ့ပုံမှာ ပြောစမှတ်ပြုစရာပါပင်။ သူတို့နှစ်ဦးစလုံးသည် ကမ္ဘာ့နံပါတ်တစ် မဖြစ်ခဲ့ဘူးကြ သော်လည်း ကမ္ဘာ့နံပါတ်နှစ်နေရာအထိ ရောက်ခဲ့ကြသူ များဖြစ်ကြပါသည်။ မစ်ကယ်ဆင်က မေဂျာပွဲကြီး ငါးပွဲ အောင်နိုင်ထားပြီး စတန်ဆင်ကမူ မေဂျာအောင်ပွဲမရသေး သူပါ။ သို့သော် စတန်ဆင်သည် ပီဂျီအေတိုး လေးပွဲနှင့် ဥရောပတိုး ဆယ်ပွဲအောင်နိုင်ထားပြီး ၂၀၁၃ ခုနှစ်က ပီဂျီ အေတိုး၏ ဖက်ဒိတ်စ်အမှတ်ဇယားချန်ပီယံဆုရော၊ ဥရော ပတိုး၏ Race to Dubai အမှတ်ဇယားချန်ပီယံဆုပါရခဲ့ သူဖြစ်ပါသည်။ အဆိုပါ ၂၀၁၆ ခုနှစ်၊ ဗြိတစ်ရှ်အိုးပင်း တွင် သူတို့နှစ်ဦး၏လက်စွမ်းသည် ကျန်လူအားလုံးထက် အပြတ်အသတ်သာလွန်ခဲ့ပါသည်။ သုံးရက်အပြီးတွင် စတန်ဆင်က ၁၂ ချက်လျော့၊ မစ်ကယ်ဆင်က ၁၁ ချက် လျော့ရထားကြပြီး တတိယနေရာရသူက ခြောက်ချက် လျော့တွင်သာ ရှိခဲ့ပါသည်။

နောက်ဆုံးနေ့တွင် မစ်ကယ်ဆင်က ၆၅ ချက် ကွင်းပတ်ကိုရခဲ့ခြင်းမှာ အလွန်ကောင်းမွန်လှသော်လည်း စတန်ဆင်က ၆၃ ချက်ကွင်းပတ်ကို ရခဲ့ခြင်းမှာ ပို၍ပင် ချီးကျူးစရာဖြစ်ခဲ့ပါသည်။ သူတို့နှစ်ဦးသည် ၁၃ ကျင်း ပြီးအထိ ၁၆ ချက်လျော့ချင်းတိုက်နေခဲ့ကြသည်။ ကျန် ငါးကျင်းတွင် စတန်ဆင်က ဘာဒီလေးကျင်းရပြီး မစ် ကယ်ဆင်က တစ်ကျင်းသာရခဲ့၍ စတန်ဆင်က အချက် ၂၀ လျော့ဖြင့် ဗိုလ်စွဲနိုင်ခဲ့ပြီး မစ်ကယ်ဆင်က ၁၇ ချက် လျော့ဖြင့် ဒုတိယရခဲ့ခြင်းဖြစ်သည်။ တတိယရသူမှာ ခြောက်ချက်လျော့တွင်သာရှိသဖြင့် ဤပွဲကြီးမှာ သူတို့ နှစ်ဦးတည်း ဗိုလ်လုရသောပွဲကြီးဖြစ်ခဲ့ပါသည်။ ဥရောပ ဂေါက်သီး ပရိသတ်က တွေ့ကြုံခဲ့သမျ ဗြိတစ်ရှ်အိုးပင်း ပြိုင်ပွဲများတွင် အကောင်းဆုံးလက်စွမ်းကိုပြသကာ ဗိုလ် စွဲနိုင်ခဲ့သူဟူ၍ စတန်ဆင်ကို ချီးကျူးခဲ့ကြပါသည်။

အင်္ဂလိပ်ဂေါက်သီးမယ်လေး၏ ဗြိတစ်ရှ်အိုးပင်းအောင်ပွဲ

အသက် ၂၂ နှစ်ရှိ အင်္ဂလိပ်ဂေါက်သီးမယ်လေး ဂျော်ဂျီ ယာဟောလ် (Georgia Hall ) သည် ငယ်စဉ်ကတည်းက ဂေါက်သီးထူးချွန်ခဲ့သည်။ အသက် ၁၈ နှစ်အရွယ်တွင် ပရိုပြောင်းခဲ့သည်။ LET Access တိုးနှင့် သြစတြေးလျ အမျိုးသမီးတိုးများတွင် အောင်ပွဲများရပြီးဖြစ်သော်လည်း အယ်လ်ပီဂျီအေတိုးနှင့် ဥရောပအမျိုးသမီးတိုးတို့တွင် သူဗိုလ်မစွဲဘူးသေးပါ။ ဆိုးလ်ဟိုင်းမ်ဖလားပြိုင်ပွဲတွင် ဥရောပလက်ရွေးစင်အသင်း၌ ၂၀၁၇ ခုနှစ်က အရွေးခံခဲ့ရ သည်။ ၂၀၁၇ နှစ်ကုန်တွင် ကမ္ဘာ့ဂေါက်သီးမယ်အဆင့် ဇယား၌ အမှတ်စဉ် ၄၀ တွင် ရှိနေခဲ့ပါသည်။

၂၀၁၈ ခုနှစ် အမျိုးသမီးဗြိတစ်ရှ်အိုးပင်းမှာ အင်္ဂလန်နိုင်ငံရှိ Royal Lytham ဂေါက်တွင်း၌ ကျင်းပခဲ့ခြင်း ဖြစ်ရာ နောက်ဆုံးနေ့ နောက်ဆုံးအတွဲမှ ဟောလ်နောက် သို့ နယ်ခံပရိသတ်ထုကြီးက ရိုက်ချက်တိုင်းကို လိုက်ကြည့် အားပေးခဲ့ကြသည်။ သုံးရက်အပြီးက ထိုင်းဂေါက်သီးမယ် ပွန်နာနောင်းဖက်လမ်က ၁၃ ချက်လျော့ဖြင့် ဟောလ်အ ပေါ် တစ်ချက်သာကာ ဦးဆောင်ခဲ့သည်။ နောက်ဆုံးနေ့ တွင်လည်း အခြားသူများတက်မလာနိုင်ကြဘဲ သူတို့နှစ် ဦးသာ ထိပ်ဆုံးနှစ်နေရာ၌ ရှိခဲ့ပါသည်။ ဖက်လမ်က ကျင်း ၁၂ အပြီးအထိ ၁၆ ချက်လျော့ရနေကာ တစ်ချက် သာနေဆဲဖြစ်သည်။ ကျင်း ၁၅ အပြီး၌ နှစ်ဦးစလုံး ၁၇ ချက်လျော့ဖြင့် ပူးတွဲဦးဆောင်ခဲ့ကြသည်။ ကျင်း ၁၆ ၌ ဟောလ်က ဘာဒီရပြီး ကျင်း ၁၇ ၌ ဖက်လမ်က ဒပ်ဘယ် ဘိုဂီပါသွားသောအခါ ဟောလ်က သုံးချက်အသာရခဲ့ သည်။ ကျင်း ၁၈ ၌ ဟောလ်ဘိုဂီပါသွားသော်လည်း ပေါင်း ၁၇ ချက်လျော့ဖြင့် ဖက်လမ်ပေါ် နှစ်ချက်သာကာ ဗိုလ်စွဲ ခဲ့ပါသည်။ နောက်ဆုံးနေ့တွင် ငါးချက်လျော့ရိုက်ကာ ထက် မြက်သောလက်စွမ်းကို ပြနိုင်ခဲ့သူလေး ဟောလ်သည် ဗိုလ် စွဲသည်ဟုသိသည်နှင့် သူ့အတွက် ကက်ဒီလိုက်ပေးနေ သော ဖခင်ဖြစ်သူဝိန်း၏ လက်မောင်းများပေါ်သို့ ခုန် တက်ကာ ဖခင်ကိုဖက်ပြီး အောင်ပွဲခံခဲ့သည်။ သူကလေးက ခုနစ်နှစ်သမီးအရွယ်ကတည်းက ဒီမေဂျာဆုဖလား ကြီးကို အိပ်မက်မက်ခဲ့တာပါဟု ဖခင်ကပြောခဲ့ပါသည်။

တိုက်ဂါး၏ရာဇဝင်တွင်သည့် တစ်ကျော့ပြန် မာစတာစ်အောင်ပွဲ

၂၀၁၉ ခုနှစ်၊ ဧပြီလကရခဲ့သော တိုက်ဂါး၏ မာစတာစ် အောင်ပွဲမှာ မေ့ပျောက်ပစ်ရန်မဖြစ်နိုင်သော သမိုင်းဝင် အကောင်းဆုံး ပြန်လည်နိုးထအောင်ပွဲရမှုဖြစ်ပါသည်။ တိုက်ဂါးအတွက် ၁၅ ခုမြောက် မေဂျာအောင်ပွဲဖြစ်သော် လည်း လွန်ခဲ့သည့် ၁၁ နှစ်တာကာလအတွင် ပထမဆုံး ဗိုလ်စွဲသောမေဂျာကြီးပါ။ သူ့အတွက် ဒဏ်ရာအနာတရ များကြောင့် မေဂျာပွဲကြီး ၁၂ ပွဲပါဝင် မကစားနိုင်ခဲ့သော ဆယ်စုနှစ် တစ်စုကို ဖြတ်သန်းခဲ့ပြီးနောက် ကျန်းမာသန် စွမ်းသော ရုပ်ခန္ဓာပိုင်းကို ပြန်လည်ရရှိလာပြီဟု ဆိုရ ပါမည်။ ကိုယ်ခန္ဓာအနာတရများသာ ကင်းရှင်းပါက ၄၄ နှစ်သာရှိသေးသောသူ့အတွက် နောက်ထပ်မေဂျာပွဲကြီး သုံးပွဲ ဗိုလ်စွဲကာ ဂျက်ခ်နစ်ကလပ်စ်၏ မေဂျာအောင်ပွဲ ၁၈ ပွဲ စံချိန်ကိုမီရန် အခွင့်အရေးများ ရှိလာပါသည်။

ကုန်လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပြိုင်ပွဲများ သို့ ပါဝင်ယှဉ်ပြိုင်နိုင်မှု နည်းပါးခဲ့စဉ်မှာပင် ဤကာလအ တွင်း ကမ္ဘာ့နံပါတ်တစ်နေရာကို အချိန်ကာလအများဆုံး ရယူနိုင်ခဲ့သူမှာ တိုက်ဂါးပါ။ စုစုပေါင်း ၁၀၃ ပတ် ထိုနေ ရာကိုရယူနိုင်ခဲ့သည်။ တိုက်ဂါး၏ အဆိုပါ ၂၀၁၉ မာစ တာစ်အောင်ပွဲအား အကြီးကျယ်အထူးခြားဆုံး မေဂျာ အောင်ပွဲအဖြစ် ဂေါက်သီးလောကတစ်ရပ်လုံးက အသိအမှတ်ပြုခဲ့ပါသည်။

ဂျော်ဒန်စပိသ်၏ အသက်ရှူမှားလောက်သော ဗြိတစ်ရှ်အိုးပင်း အောင်ပွဲ

၂၀၁၅ ခုနှစ်အတွင်းက ကမ္ဘာ့နံပါတ်တစ်နေရာကို ရက် သတ္တပတ် ၂၆ ပတ်ကြာရယူနိုင်ခဲ့သော ဂျော်ဒန်စပိသ် (Jordan Spieth) သည် မေဂျာပွဲကြီးသုံးပွဲ အောင်နိုင်ထား သူပါ။ ၂၀၁၇ ခုနှစ် ဗြိတစ်ရှ်အိုးပင်း မေဂျာပွဲကြီးအား သူအောင်နိုင်လိုက်ပုံမှာ နောက်ဆုံးနေ့ပြိုင်ပွဲကြည့်ရှုနေသူများကို အသက်ရှူမှားစေခဲ့ပါသည်။ သုံးရက်အပြီးက ၁၁ ချက်လျော့ဖြင့် မက်တ်ကူချာအပေါ် သုံးချက်သာကာ ဦးဆောင်နေခဲ့သော စပိသ်သည် နောက်ဆုံးနေ့ ၁၂ ကျင်း အပြီး၌ ရှစ်ချက်လျော့ပဲကျန်ကာ ကူချာနှင့် ပူးတွဲဦးဆောင် သူဖြစ်ခဲ့ပါသည်။ ကျင်း ၁၃ ပါဖိုး၌ သူ၏ ဒရိုက်ဗ်သည် ညာလန်သွားကာ မြက်ရှည်တောအတွင်း ကစား၍မရ သည့် အခြေအနေဖြစ်ခဲ့ပါသည်။ ပြစ်ဒဏ်တစ်ချက်ပေး ပြီး ကစား၍ရမည့် နေရာရှာဖွေရာတွင် နောက်သို့များ စွာဆုတ်ခဲ့ပြီး နောက်လေ့ကျင့်ကွင်းထဲ၌ လွှတ်ချ၍ တတိ ယ အချက်ရိုက်ခဲ့ရပါသည်။ ဝေးလွန်းသဖြင့် ဂရင်းသို့အ ရောက် မရိုက်နိုင်ခဲ့ပါ။ ချစ်ပင်နှင့် ပတ်တင်ကောင်းလွန်း သဖြင့် ဒပ်ဘယ်ဘိုဂီမဖြစ်ခဲ့ဘဲ ဘိုဂီကိုပြန်ရခဲ့ပါသည်။ ကူချာ၏နောက်သို့ တစ်ချက်ရောက်သွားပြီး ဒုတိယနေရာ သို့ ကျဆင်းသွားခဲ့သည်။

ယင်းနေရာမှစကာ ကျန်ကျင်းများတွင် အသက် ရှူမှားလောက်သောသူ့လက်စွမ်းက ပြလာခဲ့သည်။ ကိုက် နှစ်ရာရှည်သော ကျင်း ၁၄ ပါသရီးတွင် ဟိုးလ်အင်ဝမ်းဝင် လုနီးပါးဖြစ်ခဲ့ပြီး ဘာဒီရသည်။ ကျင်း ၁၅ ပါဖိုက်၌ တူး အွန်ရကာ ၄၈ ပေ အီဂယ်ပတ်ကြီး ပြေးဝင်ခဲ့သည်။ ကျင်း ၁၆ ပါဖိုး၌ ပေ ၃၀ ဘာဒီပတ်ဝင်ပြန်သည်။ ကျင်း ၁၇ ပါဖိုက်၌ ခုနစ်ပေ ဘာဒီပတ်ဝင်ပြန်သည်။ လေးကျင်း အတွင်း ငါးချက်လျော့ရလိုက်ခြင်းပါ။ ကူချာအပေါ် နှစ် ချက်အသာ ရလိုက်သည်။ နောက်ဆုံးကျင်းတွင် ကူချာဘို ဂီပါသွားသည့်အခါ ‘ပါ’ ရခဲ့သူ စပိသ်က စုစုပေါင်း ၁၂ ချက်လျော့ဖြင့် ဗိုလ်စွဲခဲ့ပါသည်။ အသက် ၂၄ နှစ် မပြည့် သေးသူ စပိသ်အတွက် တတိယမေဂျာအောင်ပွဲကြီးဖြစ်ပါ တော့သည်။

ဝင်းမြင့်သိန်း