ခေါင်းဆောင်ကောင်းဟူသည် လေးနက်သောယုံကြည်မှုရှိရမည်

ကျွနု်ပ်တို့အားလုံးသည် သေချာမှုကို အလိုရှိကြသည်။ကျွန်ုပ်တို့၏ဦးနှောက်သည် နှစ်သန်းမျရှိသော အချက်အလက်များကို မှတ်သားနိုင်စွမ်းရှိပါသည်။ ထို့နောက် ယင်းတို့ကို ကိုင်တွယ်သုံးသပ်ပြီး အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ရန် ကြိုးပမ်းတတ်ကြပါသည်။ ထိုလုပ်ဆောင်မှုသည် ကျွန်ုပ်တို့ဦးနှောက်တစ်ခုလုံး၏ အစိတ်အပိုင်းအတော်များများကို လွှမ်းခြုံထားသော အညိုရောင်ဦးနှောက်အပိုင်း၏ စွမ်းဆောင်ရည်လည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဦးနှောက်သည် သေချာမှုအတွက် ကျေနပ်မှုကိုပေးစွမ်းနိုင်ပါသည်။ မိမိနှင့်ရင်းနှီးနေသော သံစဉ်များပါဝင်သည့် တေးဂီတတစ်ပုဒ်ကို နားထောင်သောအခါ၊ ပဟေဠိပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းပြီးသောအခါ စိတ်ကျေနပ်မှုကို ဖြစ်စေပါသည်။ ကြိုတင်ခန့်မှန်းနိုင်သောလုပ်ဆောင်မှုများက ကျွန်ုပ်တို့၏ဦးနှောက်ကို သာယာနှစ်သိမ့်စေပါသည်။

ကြီးကျယ်သောဦးဆောင်မှုဟူသည် လေးနက်သောယုံကြည်မှုရှိရန် လိုအပ်သည်

စီးပွားရေးကဏ္ဍတွင် အရာရာသည် လျင်မြန်စွာပြောင်းလဲနေကြပါသည်။ တစ်လနှင့်တစ်လအတွင်း မည်ကဲ့သို့ ပြောင်းလဲသွားမည်မှာ မသေချာလှပါ။ နောက်တစ်နှစ်အ တွက်မူ ပို၍ပြောရန်ခက်ခဲပါလိမ့်မည်။ ထိုမရေရာမ‌ေသချာမှုများက အလုပ်ခွင်အတွင်းရှိ လူအတော်များများ၏ စိတ်ပိုင်းဆိုင်ရာအင်အားများကို ကုန်ခန်းစေပြီး သူတို့အ လုပ်၏ထိရောက်မှုကိုလည်း များစွာထိခိုက်စေပါသည်။ ကျွန်ုပ်တို့၏ဦးနှောက်သည် ထိုမရေရာမှုများကို အန္တရာယ် တစ်ခုအနေဖြင့် မှတ်ယူလေ့ရှိပြီး စိတ်ဖိစီးမှုကိုဖြစ်စေသည့် မလိုလားအပ်သော ဟော်မုန်း(ဓာတုပစ္စည်း) ကို ကိုယ်ခန္ဓာမှ ထုတ်လွှတ်လာစေပါသည်။ ထိုဟော်မုန်းက မှတ်သားနိုင်စွမ်းကို နှောင့်ယှက်ပါသည်။ ကိုယ်ခံအားစနစ်ကိုလည်း ကျဆင်းစေပါသည်။ ထို့အပြင် သွေးပေါင်ချိန်ကိုတိုးစေပြီး စိတ်ကျရောဂါဝေဒနာကိုလည်း ဖြစ်စေနိုင်ပါသည်။ မည်သည့်ခေါင်းဆောင်တစ်စုံတစ်ယောက်ကမျ သူ၏နောက်လိုက်များတွင် ထိုအချက်များကို ဖြစ်စေလိုမည်မဟုတ်ပါ။

လေးနက်သောယုံကြည်မှုရှိသည့် ခေါင်းဆောင်တစ်ဦးသည် လူတိုင်းကိုသေချာရေရာမှုရှိသော ပတ်ဝန်းကျင်ကိုဖြစ်စေနိုင်ပါသည်။ အကယ်၍ခေါင်းဆောင်တစ်ဦး သည် သူရွေးချယ်လိုက်သောလမ်းသည် အကောင်းဆုံး သောလမ်းဖြစ်ကြောင်း လုံးဝယုံကြည်ထားပါက လူအများ သည် သူ၏ထိုယုံကြည်ချက်နှင့် ဆက်စပ်နေသောစိတ် ခံစားမှုတို့ကိုပါ မသိစိတ်ဖြင့်လက်ခံပြီး ခေါင်းဆောင်ဖြစ် သူ၏နောက်သို့လိုက်ပါလာကြမည်ဖြစ်သည်။

ခေါင်းဆောင်လုပ်သူက လေးနက်သောယုံကြည် မှုရှိလေလေ၊ လူအများ၏ဦးနှောက်သည်လည်း ပို၍ သက်သောင့်သက်သာဖြစ်ကာ သူတို့လုပ်ရမည့်အလုပ်အ ပေါ် ပို၍အာရုံစူးစိုက်ပြီး အလုပ်လုပ်နိုင်ကြမည်ဖြစ်သည်။ လူအများသည် အနာဂတ်အတွက် ပို၍သေချာသည်ဟု ယုံကြည်လာပါက ပျော်ရွှင်မှုကို ပိုမိုခံစားနိုင်ပြီး သူတို့၏လုပ်ငန်းစွမ်းဆောင်ရည်လည်း ပိုမြင့်မားလာမည်ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးသည် အောက်ဖော်ပြပါနည်းလမ်းများ ဖြင့် သူတို့တွင်လေးနက်သော ယုံကြည်မှုရှိကြောင်းကို ထုတ်ဖော်ပြသနိုင်ပါသည်။

၁။ သူတို့သည် ခိုင်မာမှုရှိသည်။ သို့သော် ကြမ်းတမ်းသောနည်းလမ်း ဖြင့်မဟုတ်ပါ။

လေးနက်သောယုံကြည်မှုရှိသည့် ခေါင်းဆောင်တစ်ဦးအ တွက် ခိုင်မာမှုသည် အရေးကြီးသောအရည်အသွေးတစ်ခုဖြစ်ပါသည်။ လူအများသည် ခေါင်းဆောင်တစ်ဦး၏ နောက်သို့မလိုက်ပါမီ ထိုခေါင်းဆောင်သည် မိမိယုံကြည်မှုအပေါ် မည်မျလေးနက်ခိုင်မာမှုရှိသည်ကို စောင့်ကြည့် နေတတ်ကြပါသည်။ လူအများသည် သူတို့၏သတ္တိကို သူတို့၏ခေါင်းဆောင်ထံတွင် ရှာဖွေတတ်ကြသည်။ သူ တို့အားလုံး၏အကျိုးအတွက် ခက်ခဲသောဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ပေးနိုင်မည့်သူတစ်စုံတစ်ယောက်ကို လို အပ်နေကြပါသည်။ အခက်အခဲအကျပ်အတည်းနှင့် ရင် ဆိုင်ရသောအခါ ဆက်လက်လျောက်လှမ်းရဲသည့် ခေါင်း ဆောင်မျိုးကို အလိုရှိကြသည်။ စွမ်းအားရှိသော ခေါင်း ဆောင်များနှင့်အတူ ယှဉ်တွဲလုပ်ကိုင်ရသောအခါ လူအ များသည်လည်း သူတို့၏စွမ်းအားကို ပို၍ထုတ်ဖော်ပြသ တတ်ကြပါသည်။ အင်အားဆိုသည်မှာ သင်ကတစ်စုံ တစ်ဦးအပေါ်တွင် ဖိအားပေးရန်မဟုတ်ပါ။ ခက်ခဲကြမ်း တမ်းသော အချိန်အခါမျိုးတွင် သင်ထုတ်ဖော်ပြသခြင်းဖြင့် သင်ပြန်လည်ရရှိနိုင်သောအရာသာဖြစ်ပါသည်။ ထိုကဲ့သို့ သော အချိန်အခါမျိုးတွင်မှ လူအများက သင့်နောက်သို့ လိုက်ပါရန် သင့်အပေါ်ယုံကြည်မှုပြန်ရှိလာမည်ဖြစ် သည်။

၂။ မည်သည့်အချိန်တွင် မိမိတို့၏ အတွင်းစိတ်ကိုလက်ခံရမည်ကို သိကြသည်

ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင်များသည် သူတို့အသက်ရှင် သန်ရေးအတွက် သူတို့အတွင်းစိတ်၏ တုံ့ပြန်မှုကို မှီခိုခဲ့ ကြသည်။ ယုံကြည်မှုပြင်းထန်သော ခေါင်းဆောင်များ သည်လည်း သူတို့အတွင်းစိတ်၏ စွမ်းအားကိုလက်ခံယုံ ကြည်ထားကြပြီး ယင်းကိုအသုံးချကြသည်။ ကျွန်ုပ်တို့၏နေ့စဉ်ဘဝတွင် အရေးပေါ်သေရေးရှင်ရေးဖြစ်သည့်ကိစ္စများ အစဉ်ဖြစ်ပေါ်လေ့မရှိသဖြင့် မိမိတို့၏အတွင်းစိတ်မှ ခံစားချက်များကို မေ့လျော့နေမိတတ်ကြသည်။ အတွင်း စိတ်ကို မေ့လျော့ထားပြီး ဆုံးဖြတ်ချက်များကို ပြုလုပ် တတ်ကြသဖြင့် တစ်ခါတစ်ရံမှသည် အမြဲလိုလိုကျွန်ုပ်တို့ မှားယွင်းနေတတ်ကြပါသည်။ ယုံကြည်မှုရှိသော ခေါင်း ဆောင်များမှာမူ သူတို့အတွင်းစိတ်၏စွမ်းအင်ကို ဂရုပြုမိ ကြပြီး ယင်းကိုအမိအရဆုပ်ကိုင်ကာ စမ်းသပ်ကြည့်လိုက်၊ မှားလျင်ပြင်လိုက်ဖြင့် သူတို့ယုံကြည်ရာကို မရောက် ရောက်အောင် စွမ်းဆောင်သွားကြသည်ကို တွေ့ရသည်။

၃။ သူတို့ကိုယ်သူတို့ စိစစ်နိုင်စွမ်းရှိကြသည်။

သူတို့သည်သူတို့၏ ထင်မြင်ယူဆချက်များ၊ ခံစားချက် များနှင့် အခြားသူတစ်ဦးဦး၏ လွှမ်းမိုးမှုများကို ခွဲခြားသိ နိုင်ကြသည်။ သူတို့၏မသိစိတ်မှ ပေါ်ပေါက်လာခြင်းမ ဟုတ်သော ခံစားချက်များကို ဖယ်ထုတ်နိုင်သော စွမ်း ရည်လည်းရှိကြသည်။ ထိုစွမ်းရည်က သူတို့ကို မိမိတို့ လုပ်ရမည့်အလုပ်အပေါ်တွင် အာရုံစူးစိုက်ကာပြုလုပ်သွား စေပါသည်။

၄။ အတွင်းစိတ်အတွက် နေရာပေးထားတတ်သည်။

မိမိအတွင်းစိတ်၏ စွမ်းအားထွက်ပေါ်လာရန်မှာ မလွယ် ကူလှပါ။ ယင်းသည် ကျွန်ုပ်တို့အဖြေတစ်ခုကိုရရှိရန် အ တင်းအကျပ်မလုပ်ဆောင်သောအချိန်မျိုးတွင် ထွက်ပေါ် လာတတ်ပါသည်။ သိပ္ပံပညာရှင်ကြီး အဲဘတ်အိုင်းစတိုင်း က သူ၏အတွေးအကြံများသည် သူလှေလှော်နေချိန်တွင် ထွက်ပေါ်လာသည်ဟု ဆိုပါသည်။ စတီးဗ်ဂျော့သည် အ လွန်ခက်ခဲသောပြဿနာများနှင့် ရင်ဆိုင်ရသောအခါ အ ပြင်ဘက်သို့ လမ်းလျောက်ထွက်လေ့ရှိပါသည်။

၅။ သူတို့သမိုင်းကို သူတို့ရေးကြသည်။

သူတို့၏လုပ်ရပ်သည် သူတို့၏သမိုင်းဖြစ်ကြောင်းကို သူ တို့လက်ခံကျင့်သုံးကြသည်။ မိမိတို့၏ အတွင်းစိတ်မှ ထွက်ပေါ်လာသော သဲလွန်စများကို အခြေခံ၍ ယင်းသည် အလုပ်ဖြစ်မဖြစ်ကို စမ်းသပ်ကြည့်သည်။ တစ်ဆင့်တစ် ဆင့်အားဖြင့် မည်သည့်အတိုင်းအတာအထိ လက်ခံလုပ် ဆောင်သွားနိုင်မည်ကို ဆုံးဖြတ်တတ်ကြသည်။

၆။ အပြုသဘောခံယူချက်ကို စဉ်ဆက်မပြတ် လက်ခံထားကြသည်။

ယုံကြည်ချက်ခိုင်မာသော ခေါင်းဆောင်များသည် တောက် ပသောအနာဂတ်ကို ရှင်းလင်းပြတ်သားစွာ ထင်မြင်နေ တတ်ကြသည်။ အခြားသူများကိုလည်း သူတို့ထင်မြင်သ ကဲ့သို့ ယုံကြည်လာစေရန် စိတ်ပါဝင်စားစွာကြိုးပမ်းနေ တတ်ကြသည်။ ထိုကဲ့သို့သော ခေါင်းဆောင်များသည် ပြဿနာများနှင့် ကြုံတွေ့ရသောအခါ မည်ကဲ့သို့ကိုင်တွယ် ဖြေရှင်းသွားရမည်ကို နားလည်သဘောပေါက်ကြပါ သည်။ ဖြစ်ကိုဖြစ်ရမည်ဆိုသည့် ယုံကြည်ချက်က ကြောက်ရွံ့မှုနှင့် လက်ခံနိုင်စရာမရှိသော အတွေးအခေါ်များကို လည်း လွင့်ပါးသွားစေပါသည်။

၇။ သူတို့သည် မိမိကိုယ်ကိုယုံကြည်မှုမျိုးရှိကြသည်။ သို့သော် သွေးနားထင်ရောက်နေခြင်းမျိုးမဟုတ်ပါ။

ယုံကြည်မှုဟူ သည် တစ်ဦးမှတစ်ဦးသို့ ကူးစက်ရောက်ရှိ နိုင်ပါသည်။ ယုံကြည်မှု၏နောက်ကွယ်တွင် ကောင်းမွန် သော အကျိုးရလဒ်တစ်စုံတစ်ရာလည်း ရှိနေနိုင်သည်ဟု လည်း ခံစားမိစေပါသည်။ လျို့ဝှက်ချက်မှာ ခေါင်းဆောင် လုပ်သူသည် သင့်တွင်ယုံကြည်စိတ်ကို ဖြစ်ပေါ်စေနိုင် သော်လည်း သင့်ကိုယ်သင် သွေးနားထင်ရောက်သွားလောက် အောင် မာနကြီးသွားသည့် အဆင့်မျိုးကိုလည်း မဖြစ်စေ ခြင်းပင်ဖြစ်ပါသည်။ မိမိကိုယ်ကိုယုံကြည်မှုဆိုသည်မှာ တစ်စုံတစ်ခုဖြစ်မြောက်လာစေရန် လိုအပ်သော သင့်တွင် ရှိသည့် အရည်အချင်းအပေါ်ယုံကြည်မှုနှင့် ယင်းအရည် အချင်းအပေါ် စွဲမြဲစွာလက်ခံထားခြင်းမျိုးကို ဆိုလိုပါ သည်။ သို့သော် သင်၏ယုံကြည်မှုသည် လက်တွေ့အ ခြေအနေနှင့် ကင်းကွာလာပါက သင်မလုပ်နိုင်ခဲ့သောအရာ များကို သင်စွမ်းဆောင်ခဲ့သည်ဟု ထင်မြင်လာပြီး၊ သင်မ လုပ်နိုင်သေးသော အရာများကိုလည်း သင်လုပ်ဆောင်နိုင် လိမ့်မည်ဟု ယုံကြည်လာမည်ဖြစ်သည်။ ရုတ်ခြည်းဆိုသ လို အရာအားလုံးတွင် သင်သည်အဓိကလူဖြစ်လာပါသည်။ ထိုကဲ့သို့သော အလွန်အကဲထင်မြင်လာမှုက သင့်အပေါ် အခြားသူများ၏ယုံကြည်ကိုးစားနိုင်စွမ်းကိုလည်း လျော့ ကျလာစေနိုင်ပါသည်။

၈။ သူတို့ထိန်းချုပ်နိုင်စွမ်းမရှိသောအရာများအပေါ်တွင်လည်း နား လည်လက်ခံထားတတ်ကြသည်။

ကျွန်ုပ်တို့အားလုံးသည် ထိန်းချုပ်နိုင်စွမ်းရှိခြင်းကို အလိုရှိ ကြသည်။ သို့သော် မိမိပတ်ဝန်းကျင်တစ်ခုလုံးကို မိမိကထိန်းချုပ်နိုင်စွမ်းမရှိတော့သော အခြေအနေ၊ မိမိ၏ညံ့ဖျင်းမှုကြောင့်ဖြစ်သည်ဟု မယုံကြည်နိုင်သော အခြေ အနေမျိုးစသည်တို့နှင့် တွေ့ကြုံလာရသောအခါ ထိန်း ချုပ်နိုင်ခြင်းကို အလိုရှိသောစိတ်ဆန္ဒကြောင့် အလွန်အ မင်း ယောက်ယက်ခတ်လာတတ်ပါသည်။ လေးနက်သော ယုံကြည်မှုရှိသည့် ခေါင်းဆောင်များသည် သူတို့ထိန်းချုပ် နိုင်စွမ်းမရှိသော အခြေအနေမျိုးနှင့် တွေ့ကြုံလာရသော အခါ၊ ထိုအခြေအနေမျိုးကို အသိအမှတ်ပြုရန်လည်း မကြောက်ရွံ့တတ်ကြပါ။ သူတို့သည် ဖြစ်ပေါ်လာသောအ ခြေအနေအပေါ် ပို၍ဆိုးသည့် သို့မဟုတ် ပို၍ကောင်းမွန် သည့် အနေအထားမျိုး ထင်မြင်လာအောင် အရောင်ဆိုး ကြည့်ခြင်းမျိုးမဟုတ်ဘဲ၊ ပကတိအခြေအနေမှန်ကို သုံး သပ်ကြည့်တတ်ကြပါသည်။ အမှန်တကယ်အားဖြင့် သူတို့ထိန်းချုပ်နိုင်သည်မှာလည်း အခြေအနေအပေါ်မူ တည်၍ ဆုံးဖြတ်ချက်တစ်ခု ကို သူတို့ချမှတ်နိုင်ခြင်းသာ ဖြစ်ပါသည်။ ယင်းအချက်သည် ကြိုတင်မသိရှိနိုင်သောအခြေအနေတစ်ခုကို ကိုင်တွယ်ရန်အတွက် အကောင်းဆုံး သောလက်တွေ့ကျသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ရှေ့ခရီးဆက်ရန်အတွက်လည်း ပထမဦးဆုံးသောခြေလှမ်း တစ်ရပ်ဖြစ်ပါသည်။

၉။ သူတို့သည်စံပြပုဂ္ဂိုလ်များဖြစ်သည်။သို့သော်တရားဟောဆရာများမဟုတ်ကြပါ။

လေးနက်သောယုံကြည်မှုရှိသည့် ခေါင်းဆောင်များသည် သူတို့၏လုပ်ဆောင်မှုများမှတစ်ဆင့် လူအများကအားကျ သည့်စိတ်၊ ယုံကြည်လေးစားသည့်စိတ် စသည်တို့ကို ဖြစ်ပေါ်စေပါသည်။ သူတို့၏စကား၊ ဟောပြောချက်များ ကြောင့်မဟုတ်ကြပါ။ ထိုအပြောအဟောတစ်စုံတစ်ရာ သည် သူတို့အတွက် အတော်အရေးကြီးကြောင်းကို ခေါင်း ဆောင်အတော်များများက လက်ခံထားကြပါသည်။ သို့ သော် လေးနက်သောယုံကြည်ချက်ရှိသည့် ခေါင်းဆောင်များအတွက်မူ သူတို့စကားလုံးများကို သူတို့၏လုပ်ဆောင် မှုများက နေ့စဉ်နှင့်အမျသက်သေခံနေတတ်ပါသည်။

၁၀။ သူတို့သည် စိတ်ခံစားမှုများကိုနားလည်ပြီး ကောင်းမွန်စွာ ကိုင်တွယ်တတ်ကြသည်။

အလွန်အမင်းကြောက်ရွံ့ဖွယ်ရာအခြေအနေတစ်ရပ်နှင့် ရင်ဆိုင်လာရပါက ကျွန်ုပ်တို့ဦးနှောက်၏စဉ်းစားဆင် ခြင်နိုင်သည့် အစိတ်အပိုင်းသည် တဒင်္ဂမျအလုပ်လုပ်နိုင် စွမ်းမရှိတော့ဘဲ ဦးနှောက်၏ခံစားမှုအပေါ်အခြေခံသည့် သဘာဝအလျောက်တုံ့ပြန်တတ်သည့်အပိုင်းက ရုတ်တ ရက်ထကြွလာပါသည်။ ယုံကြည်မှုလေးနက်သောခေါင်း ဆောင်သည် ထိုသို့သော မထိန်းနိုင်မသိမ်းနိုင်သောအခြေ အနေမျိုးအထိ မရောက်ရှိအောင် တတ်နိုင်သမျရှောင်ရှား ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သောအခြေ အနေသို့ ရောက်ရှိသွားပါက ကြောက်ရွံ့စိတ်က လူတစ်ဦး ချင်းစီအပေါ်လွှမ်းမိုးသွားပြီး ကောင်းမွန်မှန်ကန်သော စဉ်း စားဆင်ခြင်တုံတရားနှင့် သင့်တင့်ကောင်းမွန်သော ဆုံးဖြတ် ချက်များ မချမှတ်နိုင်တော့သောကြောင့်ဖြစ်ပါသည်။

၁၁။ သူတို့သည် ‘အကယ်၍’ ဟူသောစကားကို မမေးမြန်းတတ်ပါ။

‘အကယ်၍’ ဟူသော စကားလုံးသည် စိတ်ဖိစီးမှုများနှင့် စိုးရိမ်စိတ်မီးတောက်များကို လေပင့်ပေးသလိုဖြစ်စေတတ် ပါသည်။ ကောင်းမွန်သော အစီအမံများရှိပြီးဖြစ်သည် နှင့်တစ်ပြိုင်နက် ယင်းကိစ္စကို ထည့်သွင်းစဉ်းစားစရာ မလိုပါ။ အခြေအနေတစ်ရပ်အတွက် ဖြစ်လာနိုင်သည့်လား ရာအမျိုးမျိုးသည် မရေမတွက်နိုင်အောင် အများအပြားရှိ နေနိုင်ပါသည်။ သင့်အတွက် ထိုဖြစ်နိုင်ခြေအားလုံးကိုထည့်သွင်းစဉ်းစားနေသည်နှင့်အမျ သင့်စိတ်ကိုပိုမိုတည် ငြိမ်လာစေမည့်၊ အခြေအနေအပေါ်ထိန်းသိမ်းလာစေနိုင်မည့် သင်လုပ်ဆောင်စရာရှိသည့်အရာများလုပ်ကိုင်ရန် အချိန်အလွန်နည်းပါးသွားမည်ဖြစ်သည်။ လေးနက်သော ယုံကြည်မှုရှိသည့် ခေါင်းဆောင်တစ်ဦးသည် ‘အကယ် ၍’ ဟူသော စကားလုံးကိုမေးမြန်းခြင်းက မိမိဆန္ဒမရှိ သော၊ မလိုလားအပ်သော၊ မရောက်ရှိလိုသော အရပ်တစ်ခု၊ အခြေအနေတစ်ခုဆီသို့သာ ဦးတည်သွားစေနိုင်သည် ဟု နားလည်ထားပါသည်။

၁၂။ မိမိ၏အဖွဲ့ဝင်များအတွက် တာဝန်ခံလိုတတ်ကြသည်။

လေးနက်သောယုံကြည်မှုရှိသည့် ခေါင်းဆောင်သည် မိမိ၏အဖွဲ့အတွက် မည်သည့်အရာမဆိုလုပ်ဆောင်ပေးလို ကြသည်။ မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ မိမိ၏လူများနောက်ကွယ်မှ ရပ်တည်ပေးနေပါသည်။ သူတို့မ အောင်မြင်သောအခါတွင်လည်း တစ်စုံတစ်ယောက်အပေါ် တွင် အပြစ်ဖို့ခြင်းကိုမပြုလုပ်ပါ။ အရှက်ရခြင်းကိုလည်း မရှောင်လွှဲတတ်ကြပါ။ ”ကျွန်တော့်ဆုံးဖြတ်ချက်မှားသွား ပါတယ်” ဟု ဖွင့်ဟဝန်ခံရန်လည်း မည်သည့်အခါတွင်မှ ဝန်မလေးတတ်ကြပါ။ မိမိအဖွဲ့ဝင်များအပေါ်ရပ်တည်ပေး နေခြင်းဖြင့် သူတို့၏ယုံကြည်လေးစားမှုကို ပြန်လည်ရယူ ထားတတ်ကြပါသည်။ လေးနက်သောယုံကြည်မှုရှိသည့် ခေါင်းဆောင်များသည် စိန်ခေါ်မှုများ၊ သူတို့၏ကိုယ်ပိုင် မဟုတ်သော အခြားသူများ၏ ဝေဖန်မှုများ၊ ထင်မြင်ယူဆ ချက်များကို လက်ခံကြိုဆိုကြောင်း ရှင်းလင်းစွာပြောကြား တတ်ကြသည်။ လူအများက သင့်လျော်သောမေးခွန်းများမေး ရန်၊ မိမိအမြင်ကိုတင်ပြရန်၊ ဖွင့်ဟရှင်းလင်းရန် ကြောက် ရွံ့နေသောပတ်ဝန်းကျင်သည် ကျရှုံးမှုဆီသို့ ဦးတည်နေ ကြောင်းကို သူတို့ကောင်းစွာသိရှိထားပြီးဖြစ်သည်။

အချုပ်အားဖြင့် လေးနက်သောယုံကြည်မှုက လူအများအပေါ် သူတို့၏အလုပ်သည် အရေးကြီးကြောင်း ကို ခိုင်မာစေပါသည်။ သူတို့၏အလုံးစုံသော စွမ်းအားနှင့် အာရုံဝင်စားမှုတို့ကို သတ်မှတ်ထားသော ဦးတည်ရာတစ်ခု တည်းသို့ စူးစိုက်ထားပါက အကျိုးရလဒ် တစ်စုံတစ်ရာရ ရှိနိုင်ကြောင်းကိုလည်း သိရှိလာစေနိုင်ပါသည်။ ထိုစွဲမြဲ သောယုံကြည်မှုက သာမန်လူများအတွက် မိမိတို့တစ်ဦး ချင်းစီ၏ စွမ်းဆောင်ရည်ကိုအခြေခံ၍ အောင်မြင်မှုပန်း တိုင်ကိုရရှိရန် ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်သည်။

(Dr. Travis Bradberry ၏ Why the Best Leaders Have Conviction ကို ဆီလျော်အောင် ပြန်ဆိုသည်။)