ကော်ဖီဆိုင်ထိုင်ရင် သတိထားသင့်တဲ့ အမူအကျင့် ၁၀ မျိုး

မြန်မာနိုင်ငံမှာ ကော်ဖီဆိုင်ထိုင်တဲ့ယဉ်ကျေးမှုက အတော်လေးစိမ့်ဝင်ပြန့်နှံ့နေပြီးသားပါ။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ကော်ဖီဆိုင်မှာ ချိန်းဆိုတွေ့ဆုံကြတယ်။ လုပ်ငန်းကိစ္စတွေ့ကြတဲ့ အခါတွေရှိတယ်။ တစ်ယောက်တည်း အလုပ်လုပ်ချင်လို့ ထိုင်တာမျိုးရှိတယ်။ သူငယ်ချင်းတွေနဲ့ ပရောဂျက်အတူတူစုလုပ်တာ၊ စာတူတူကြည့်ကြတာတွေ ရှိတယ်။ ဒါပေမဲ့ ကော်ဖီဆိုင်ထိုင်ရင် ဘယ်လိုအမူအကျင့် တွေကိုရှောင်သင့်သလဲဆိုတာကိုတော့ အမှုမဲ့အမှတ်မဲ့ဖြစ် နေတတ်ကြမယ်လို့ထင်ပါတယ်။ ဒါကြောင့် ကော်ဖီဆိုင် ထိုင်ရင် သတိထားသင့်တဲ့ အမူအကျင့်၁၀ မျိုးကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အလကားရတဲ့အလုပ်နေရာလို့ သဘောမထားပါနဲ့။

ကော်ဖီဆိုင်ထဲဝင်ထိုင်ရင်း တချို့လူတွေလို ဘာမှမဝယ်၊ မသောက်မစားဘဲ အခမဲ့ရတဲ့ခုံမှာဝင်ထိုင်အလုပ်လုပ်နေတာမျိုးမဖြစ်ပါစေနဲ့။ ခုံတိုင်းက ပိုက်ဆံသုံးတဲ့ဝယ်သူတွေအတွက်ပါ။ ဒါကြောင့် ဆိုင်ထဲဝင်၊ နေရာယူ၊ ပြီး သိပ်မကြာခင်မှာ သင့်တာ၊ ဝယ်သင့်တာ ဝယ်ပါတော့။

၂။ နေရာပိုမယူပါနဲ့။

တစ်ယောက်တည်းလာတာဆိုရင်၊ နှစ်ယောက်တည်း လာတာဆိုရင် နှစ်ယောက်ထိုင်ခုံမှာပဲထိုင်ပါ။ မလိုအပ်ဘဲ စားပွဲခုံကြီးမှာဝင်ထိုင်ပြီး ၄ ယောက်စာစားပွဲကို တစ်ယောက်ထဲ ထိုင်နေတာမျိုးမလုပ်မိပါစေနဲ့၊ ခုံအလွတ်မရှိ လို့ထိုင်ဖြစ်ရင်လည်း နေရာလွတ်တွေပိုလာတော့ ဆိုင်ကနေ လိုအပ်လို့ပိုသေးတဲ့နေရာကို ရွှေ့ခိုင်းတာမျိုး တောင်းဆိုတာရင်လည်း ကူညီရွှေ့ပေးလိုက်ပါ။ ဒါမျိုးဆို ဘယ်လောက်ကြာကြာအဲဒီဆိုင်မှာထိုင်ပါစေ ဆိုင်က မညိုညင်တော့ပါဘူး။

၃။ ထိုင်ခုံတွေ ပိုယူမထားပါနဲ့။

ကိုယ်ထိုင်နေတာကတစ်ခုံ၊ ကိုယ့်ပစ္စည်းတွေတင်ဖို့က တစ်ခုံယူထားတာမျိုးကဆိုင်မှာ လူသိပ်မကျနေချိန်မှာ ပဲကောင်းပါတယ်။ တတ်နိုင်သလောက် အစတည်းက ခုံပိုတွေယူမထားရင်ပိုကောင်းပါတယ်။

၄။ အမှိုက်မဖွပါနဲ့။

ခုံပေါ်မှာ၊ ခုံအောက်မှာ၊ စားပွဲပေါ်မှာ ကိုယ်သုံးပြီးသား စက္ကူ၊ အမှိုက်၊ ရေဗူးခွံ စသဖြင့် ဘယ်လိုအမှိုက်မျိုးမဆိုကို ကိုယ်နေရာကထပြန်မသွားခင် အမှိုက်တောင်းထဲပစ်ခဲ့ပါ။ ဒီအတိုင်း ကြမ်းပေါ်ကျနေစေတာမျိုးက ရိုင်းရာကျပါတယ်။

၅။ အားသွင်းဖို့ Extension သုံးတာမျိုးမလုပ်ပါနဲ့။

အိမ်ကတည်းက Laptop ကို အားအပြည့်သွင်းပြီးမှလာပါ။ တကယ်လို့ ကိုယ်အားအပြည့်သွင်းလာတဲ့ Laptop က အားကုန်သွားပြီဆိုရင်လည်း ကိုယ်ထိုင်နေခဲ့တာဘယ်လောက်ကြာပြီဖြစ်လို့ ပြန်သင့်ကြောင်း သတိပေးနေတာပါပဲ။ တကယ်လို့ စကတည်းကအားမရှိတဲ့ Laptop နဲ့ဆိုင်ကိုရောက်လာခဲ့ဖြစ်ရင်လည်း အားသွင်းပေါက်နဲ့နီးနေတဲ့ စားပွဲမှာထိုင်ပါ။ အားသွင်းပေါက်ကတခြား၊ ကိုယ်ထိုင်နေတဲ့နေရာကတခြားဆိုရင်တော့ Extension သုံးပြီးသွင်းတာမျိုးကတခြားဆိုင်ကိုလာတဲ့ဖောက်သည်တွေအတွက် အနှောက်အယှက်ဖြစ်စေပါလိမ့်မယ်။ တိုက်မိလို့ ချော်လဲတာပဲဖြစ်ဖြစ်၊ ခလုတ်တိုက်တာမျိုးပဲဖြစ်ဖြစ်ဖြစ် သွားနိုင်ပါတယ်။

၆။ ဘေးပတ်ဝန်းကျင်ကို လျစ်လျူမရှုပါနဲ့။

ကိုယ်တစ်ယောက်တည်း လာတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့လာတာပဲဖြစ်ဖြစ် ကိုယ့်ဘေးနားနီးတဲ့ဝိုင်းတွေက သူတွေနဲ့ စကားစမြည်ပြောတာ၊ ပြုံးပြီးအသိအမှတ်ပြုနှုတ်ဆက်တာမျိုးလောက်လုပ်နိုင်ပါတယ်။ မပြောနိုင်ဘူးလေ … တကယ်လို့များ မိတ်ဆွေအသစ်တစ်ယောက် တိုးလာမလားဆိုတာ။ ဒါပေမဲ့ တစ်ဘက်ဝိုင်း၊ လူရဲ့အရိပ်အခြည်ကိုလည်း ကြည့်ပါ။ သူတို့ဘက်က သိပ်မကြိုဆိုတဲ့ အရိပ်အယောင်ဆိုလည်း ကိုယ်ကအတင်းဝင်ရောသလိုဖြစ်သွားနိုင်လို့ ပါးနပ်ရပါမယ်။

၇။ စားပွဲထိုး၊ အဖျော်ဆရာတွေကို စိတ်မရှည်တာမျိုးမဖြစ်ပါစေနဲ့။

ကိုယ်က ရိုးရိုးရှင်းရှင်းကော်ဖီတစ်ခွက်လောက်ပဲမှာတာဆိုရင်တော့ ကိုယ်မှာတာ ခပ်မြန်မြန်ရကောင်းရနိုင်ပါလိမ့်မယ်။ ကိုယ်ကရှုပ်ရှုပ်ထွေးထွေးတွေ၊ အဆင့်ဆင့်လုပ်ရမှာတွေကိုမှာရင်တော့ အဲဒါကိုလုပ်ဖို့ကြာသင့်ကြာထိုက်တဲ့ အချိန်တော့စောင့်ရပါလိမ့်မယ်။ ဒါကိုမမေ့ပါနဲ့။

၈။ တစ်ယောက်ယောက်ကို ကိုယ့်ပစ္စည်းတွေစောင့်ကြည့်ပေးဖို့ မမှာပါနဲ့။

ကိုယ်နဲ့ ခင်မင်ရင်းနှီးထားပြီးသားလူတွေတွေ့ခဲ့လို့ ကိုယ်ခဏအပေါ့အပါးထသွားတဲ့အချိန်မှာ ပစ္စည်းတွေ၊ Laptop တွေကို ခဏစောင့်ကြည့်ပေးထားဖို့ မှာနိုင်ကောင်းမှာနိုင်ပါတယ်။ ဒါပေမဲ့ လူစိမ်းတစ်ယောက်ကိုတော့ ဒါမှ အကူအညီမတောင်းပါနဲ့။ တတ်နိုင်သလောက် ကိုယ့်ပစ္စည်းတွေကို ကိုယ့်ဘာသာ တစ်ပါတည်းယူသွားပါ။ (ဒီမှာ ကိုယ်ပြန်လာထိုင်မယ်၊ ထားလက်စ/သောက်လက်စတွေ ရှိသေးတယ်၊ မသိမ်းဖို့ကိုတော့ စားပွဲထိုးတွေရှိခဲ့ရင် မှာထားခဲ့နိုင်ပါတယ်။)

၉။ ဘောက်ဆူးပေးသင့်ရင်ပေးပါ။

တကယ်ကောင်းတဲ့ အဖျော်ဆရာဆိုရင်၊ တကယ်ကျွမ်းကျင်ပျူငှာတဲ့ စားပွဲထိုးဆိုရင် အနည်းငယ်မျသော ဘောက်ဆူးမျိုးက သူတို့ရဲ့ဝန်ဆောင်မှုကိုအလေးထားရာပြတဲ့အနေနဲ့ ပေးသင့်ပါတယ်။ ပေးကိုပေးရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်သာ စိတ်တိုင်းကျခဲ့ရင်ပြောတာပါ။ (ကိုယ်လည်းဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ သူလည်းပျော်နိုင်စေမယ့် ပမာဏတော့ဖြစ်ပါစေ။)

၁၀။ ဘာအတွက်ကြောင့်မှ အသံမကျယ်ပါစေနဲ့။

သီချင်းနားထောင်ချင်ရင် Headphone/Earbuds စတာတွေတပ်ပါ။ ဖုန်းပြောနေရင်လည်း တတ်နိုင်သမျ အသံကိုတိုးပါ။ သူငယ်ချင်းနဲ့ နှစ်ယောက်သားစကားပြောနေတယ်ဆိုရင်လည်း မကျယ်လောင်ပါနဲ့။ အလုပ်ကိစ္စပြောနေတာဆိုရင်လည်း တတ်နိုင်သမျ လေသံကိုလျော့ပါ။ ဘာအတွက်ကြောင့်မှ ကိုယ့်အသံကြောင့်နဲ့ ဘေးပတ်ဝန်းကျင်ကို အနှောက်အယှက်မဖြစ်ပါစေနဲ့။ တကယ်လို့ ပြောမိသွားရင်လည်း ပြန်တောင်းပန်ပါ။