ကိုယ့်အကြောင်းကိုယ့်သိပါ၊ ရန်သူ့အကြောင်းလည်းသိပါ

မန်နေဂျာများအတွက်ဆွန်ဇူးရဲ့ စစ်ဆင်ရေးပညာ

ဆွန်ဇူးက အောက်ပါအတိုင်းဆက်လက်မိန့်ကြားပါတယ်။
”ကျွနု်ပ်တို့တပ်တွေက ရန်သူကို တိုက်ခိုက်နိုင်စွမ်းတော့ရှိပါရဲ့။ ဒါပေမဲ့ ရန်သူဟာအလွယ်တကူတိုက်လို့ရမှာမဟုတ်ဘူးဆိုရင်တော့ တစ်ဝက်တစ်ပျက်ပဲ အောင်မြင်အောင်တိုက်နိုင်မှာဖြစ်တယ်။
ရန်သူကို အလွယ်တကူတိုက်နိုင်ပါရဲ့။ ဒါပေမဲ့ ကျွနု်ပ်တို့တပ်တွေက တိုက်နိုင်စွမ်းမရှိကြပြန်ရင်လည်း အောင်မြင်မှုဟာ အထက်ကအတိုင်းပဲထက်ဝက်ပဲရှိနိုင်တယ်။

ရန်သူကို တိုက်နိုင်တဲ့အနေအထားရှိတယ်။ တကယ်လည်း ဝင်တိုက်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့လှုပ်ရှားတိုက်ခိုက်ရမယ့် ရေမြေတောတောင် အနေအထားက လက်တွေ့ဝင်ရောက်တိုက်ခိုက်လို့ မရနိုင်ဘူးဖြစ်နေပြန်ရင်လည်း အထက်ပါအတိုင်းထက်ဝက်ပဲ အောင်မြင်မှုရနိုင်တယ်။

စစ်ရေးအတွ့အကြုံရှိသူများဟာ စစ်မြေပြင်မှာချီတက်လှုပ်ရှားတဲ့အခါ ယောင်ဝါးဝါး မဖြစ်ကြပါဘူး။ ခြေမကိုင်မိ လက်မကိုင်မိ ဘယ်တော့မှမဖြစ်ကြဘူး။ ဒါကြောင့်လည်း ဆိုစမှတ်စကားတစ်ရပ် ဖြစ်လာတယ်။ ”ကိုယ့်အကြောင်း ကိုယ်သိပါစေ၊ ရန်သူ့အကြောင်းလည်းသိထားပါ။ ဒါဆိုရင် ကိုယ့်ရဲ့အောင်မြင်မှုကို ဘယ်သူကမှ အန္တရာယ်ပြုနိုင်မှာ မဟုတ်ဘူး”တဲ့။

ရာသီဥတုအခြေအနေနဲ့ မြေပြင်အနေအထားတွေကို သိထားရင် ကိုယ့်ရဲ့အောင်မြင်မှုဟာ ပြီးပြည့်စုံတဲ့ အောင်မြင်မှုဖြစ်သွားတယ်။စစ်ဆင်ရေးအောင်မြင်ဖို့ အဓိကသော့ချက်က ရန်သူရဲ့လှုပ်ရှားမှုနဲ့ ရည်ရွယ်ချက်တွေကို သတိကြီးစွာထားလေ့လာသွားဖို့ပဲဖြစ်တယ်။ သင့်ရဲ့တပ်တွေကို ရန်သူဆီချီတက်တိုက်ခိုင်ဖို့ အဓိကကျတဲ့ဘက်ကို စုစည်းထားပါ။ အကွာအဝေး မီတာထောင်နဲ့ချီပြီး နေရာယူထားပါ။ ဒါဆိုရင် ရန်သူရဲ့ဗိုလ်မှူးကြီးကို အသေပစ်သတ်ခြေမှုန်းသွားနိုင်မှာ ဖြစ်တယ်။ ဒါမျိုးဟာ လိမ္မာပါးနပ်စွာ ကြံရည်ဖန်ရည်အသုံးချကာ မိမိရဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်စွမ်း လို့ ခေါ်တယ်။”

မြင်ရတဲ့အရေအတွက်နဲ့ မမြင်ရတဲ့အရေအတွက်
ကိန်းဂဏန်းတွေ၊ အရေအတွက်တွေဆိုတာ အင်မတန်တိကျမှန်ကန်လှပါတယ်ဆိုဦးတော့၊ လူတစ်ယောက်ရဲ့ မျက်စိကို စေ့စေ့ကြည့်လိုက်တာလောက်မမှန်နိုင်ပါဘူး။Dr. W. Edwants Deming ဟာ ကုန်ပစ္စည်းများရဲ့ အရည်အသွေးကောင်းမွန်ရေးအတွက် စာရင်းဇယားကိန်းဂဏန်းများဖြင့် စိစစ်ဆောင်ရွက်သင့်တယ်လို့ တစိုက်မတ်မတ် ခုခံကာကွယ်ပြောဆိုခဲ့သူဖြစ်တယ်။ သူကတောင် ဘယ်လိုပြောသလဲဆိုတော့ ”တချို့မန်နေဂျာများဟာ မျက်စိနဲ့ မြင်တွေ့ရတဲ့ ကိန်းဂဏန်းအရေအတွက်တွေကိုပဲ ကြည့် ကြတယ်ဗျာ” တဲ့။

သူကဆက်ပြီး ”ဒီလိုကြည့်လို့ တွေ့ရတဲ့အချက် အလက်တွေက သိပ်နည်းပါးတယ်။ မမြင်ရတဲ့ကိန်းဂဏန်းတွေကို သူတို့ဘာမှမသိကြတော့ဘူးလား။ ဖောက်သည်တစ်ယောက်ရဲ့ စိတ်ကျေနပ်သွားမှုကို ဘယ်လိုကိန်းဂဏန်းနဲ့ တန်ဖိုးဖြတ်လို့ရပါမလဲ။ မကျေနပ်မှုဖြစ်သွားရင်ကော ဘယ်လောက်နစ်နာသွားသလဲဆိုတာ ကိန်းဂဏန်းနဲ့ ဖော်ပြလို့မရပါဘူး။ အဲဒါမျိုးတွေကို လျစ်လျူရှုပြီး ကိုယ့်အမြင်နဲ့ကိုယ် ဟုတ်လှပြီထင်နေရင် နောက်ဆုံးဒုက္ခလှလှကြီး တွေ့လာနိုင်ပါတယ်”တဲ့။

မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
သင့်ပြိုင်ဘက်ရဲ့အားသာချက်နဲ့ အားနည်းချက်များကို သိပါ။ ဘရာဇီးနိုင်ငံရှိ Phillips ကုမ္ပဏီဟာ ဂျပန်နွယ်ဖွား အမျိုးသမီးတစ်ဦးကို အတွင်းရေးမှူးရာထူးပေးထားပါတယ်။ ဂျပန်က မှာယူတဲ့သတင်းစာတွေကိုဖတ်တတ်လို့ပါတဲ့။ ယခုအခါ ဆက်သွယ်ရေးစနစ်တွေတိုးတက်လာတဲ့အတွက် ကမ္ဘာကြီးဟာကျဉ်းမြောင်းလာတယ်။ ကမ္ဘာအနှံ့စီးပွားရေး အပြိုင်အဆိုင်လုပ်ကြသူတွေဟာ အချင်းချင်းပိုမိုကောင်းမွန်စွာ သိရှိနားလည်လာကြပါပြီ။

၁၉၃၀ ပြည့်နှစ်တုန်းက နယူးယောက်ကနေ လန်ဒန်ကိုသုံးမိနစ်ပြောရင် တစ်နေ့ဒေါ်လာနှစ်ရာကျရာကနေ အခုအခါ နှစ်ဒေါ်လာသာကျတော့တယ်။ အီးမေးလ်တို့အင်တာနက်ကတစ်ဆင့် ပြောတာတို့ဆိုရင်လည်း အထူးပိုမကုန်တော့ဘူး။ လစဉ်ပေးရတဲ့ အဖိုးအခတွေထဲမှာ ပါဝင်နေပြီးသားဖြစ်တယ်။ ပြည်တွင်းကုမ္ပဏီများဟာ ပြည်တွင်းမှာသာ ဈေးကွက်သုတေသနလုပ်ကြတာ မဟုတ်တော့ဘူး။ ကမ္ဘာ့အရပ်ရပ်မှာလည်း ဖြန့်ကြက်လုပ်ကိုင်ကြတယ်။ အရောင်းအဝယ်ကကမ္ဘာအနှံ့ဖြစ် နေကြတာကိုး။

အပြိုင်အဆိုင်ဖြစ်နေကြသူတွေရဲ့အကြောင်းကို လူတွေကလည်း သိနေကြတယ်။ အရောင်းအဝယ်နဲ့ပတ်သက်တဲ့မဂ္ဂဇင်း အယ်ဒီတာတွေဟာ စီးပွားရေးလုပ်ငန်းမှာ ဒီလိုဖြစ်နေတာတွေကို သိကြတယ်။ ဈေးကွက်တင် ရောင်းဖို့ ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချကြတဲ့သူတွေကလည်း ဘယ်ကုမ္ပဏီက သူတို့ဆီကပစ္စည်းကို ပိုဝယ်ကြတယ်၊ ဒါမှမဟုတ် လျော့ဝယ်နေကြတယ်ဆိုတာကို သိကြတယ်။ အဲဒီလို ဖြန့်ဖြူးရောင်းချပေးနေတဲ့ Supplier တွေဟာ ကိုယ့်ပြိုင်ဘက်အကြောင်း ကိုယ့်ကိုပြောတတ်တယ်။ ဒါကိုသတိထားဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အကြောင်းကိုလည်း သူက ကိုယ့်ပြိုင်ဘက်ကို ပြောပြတတ်လို့ပါပဲ။

စီးပွားရေးလုပ်ငန်းတွေမှာ ဦးဆောင်တာဝန်ယူနေကြရသူများဟာ တခြားလုပ်ငန်းဌာနကို ပြောင်းသွားတဲ့အခါ သူတို့သဘောကျတဲ့ လုပ်နည်းလုပ်ဟန်များကို လုပ်ငန်းဌာနအသစ်မှာ အသုံးချလာတတ်ကြတယ်။ သူတို့ ဘယ်ဌာနက ပြောင်းလာတာလဲဆိုတာကြည့်ပြီး ဘာတွေလုပ်တော့မှာပဲဆိုတာ ကြိုတင်ခန့်မှန်းလို့ရတယ်။

အဲဒီလို ပြိုင်ဘက်တွေရဲ့အကြောင်းကို သိရတာက လွယ်ပါတယ်။ ခက်တာက မိမိအကြောင်းမိမိသိဖို့ပါပဲ။ မိမိမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ လိုအပ်တာတွေရှိနေရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ခေတ်ပညာနဲ့ပတ်သက်လို့ လိုအပ်ချက်တွေရှိရင် စာဖတ်ပါ။ နားထောင်ပေးပါ။ အကျင့်သီလနဲ့ပတ်သက်တဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းချင်ရင် တတ်သိနားလည်တဲ့ ဆရာကြီးတစ်ယောက်ယောက်ဆီသွားပြီး အကြံဉာဏ်တောင်းယူပါ။ သူက သင့်ရဲ့အကျင့်သီလနဲ့ပတ်သက်တဲ့အကြောင်းကို အမှန်အတိုင်း ကြည့်ရှုလေ့လာပြီး ပြောပေးပါလိမ့်မယ်။