ကလေး ၅ ယောက်ရဲ့မိခင် (သို့မဟုတ်) You Tube ရဲ့ CEO Susan Diane Wojcicki

ငယ်စဉ်ဘဝနဲ့ပညာရေး

Susan Diane Wojcicki ကို ၁၉၆၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ဂျူးနွယ်ဖွား ရုရှားကျောင်းဆရာ Esther Wojcicki နဲ့ Stanford တက္ကသိုလ်က ရူပဗေဒပါမောက္ခ၊ ပိုလန်နွယ်ဖွား အမေရိကန် Stanley Wojcicki တို့ရဲ့သမီးဖြစ်ပါတယ်။ သူ့မှာ ညီမနှစ်ယောက်ရှိပါတယ်။ သူဟာ တက္ကသိုလ်ပရိဝုဏ်ထဲမှာကြီးပြင်းခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ Palo Alto မြို့က Gunn အထက်တန်းကျောင်းမှာတက်ခဲ့ပြီး အဲဒီကျောင်းရဲ့ သတင်းစာမှာ စာတွေရေးခဲ့ပါတယ်။

Wojcicki ဟာ Harvard တက္ကသိုလ်မှာ သမိုင်းနဲ့ ရသစာပေကို သင်ယူခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ ဂုဏ်ထူးတန်းကအောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့မူလအစီအစဉ်က ဘောဂဗေဒနဲ့ PhD ယူဖို့ဖြစ်ပြီး တက္ကသိုလ်မှာ ဆရာလုပ်ဖို့ဖြစ်ပေမဲ့ နည်းပညာကို တွေ့ရှိသွားတဲ့အခါမှာတော့ သူ့ရဲ့အစီအစဉ်တွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။

သူဟာ ၁၉၉၃ ခုနှစ်မှာ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ Santa Cruz ကျောင်းက မဟာသိပ္ပံဘွဲ့ကို ဘောဂဗေဒဘာသာနဲ့ရခဲ့သလို ၁၉၉၈ ခုနှစ်မှာ ကယ်လီဖိုးနီးယားတက္ကသိုလ် Anderson School of Management က MBA ဘွဲ့ကိုလည်း ရခဲ့ပါတယ်။

အလုပ်အကိုင်သမိုင်းကြောင်း

၁၉၉၈ ခုနှစ်၊ စက်တင်ဘာလမှာ Google ကို တရားဝင်ဖွဲ့စည်းလိုက်တဲ့လမှာပဲ တည်ထောင်သူတွေဖြစ်ကြတဲ့ Larry Page နဲ့ Sergey Brin တို့က Menlo ပန်းခြံထဲမှာရှိတဲ့ Wojcicki ရဲ့ကားဂိုထောင်ထဲမှာ ရုံးဖွင့်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ Google ရဲ့ ပထမဆုံး Marketing Manager ဖြစ်မလာခင် Wojcicki ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ Santa Clara မြို့က Intel ကုမ္ပဏီရဲ့ Marketing ဌာနမှာ ဝင်လုပ်ခဲ့ပါသေးတယ်။ Bain အင်ကုမ္ပဏီနဲ့ R.B. Webber အင်ကုမ္ပဏီတွေမှာလည်း စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ Google မှာတော့ သူဟာ အီးမေးလ်နဲ့ကြော်ငြာတဲ့ Marketing အစီအစဉ်တွေနဲ့ ပထမဆုံး Google doodles မှာလုပ်ခဲ့ပါတယ်။ Google ကိုအောင်အောင်မြင်မြင် ဖြည့်ဆည်းပေး ခဲ့တဲ့ Google Images နဲ့ Google Books တို့ရဲ့ဖွံ့ဖြိုးရေးမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

Google ထဲမှာပဲ ကြီးပြင်းလာခဲ့တဲ့ Wojcicki ဟာ ကြော်ငြာနဲ့ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ Senior Vice President ဖြစ်လာခဲ့ပြီး Ad Words ၊ AdSense ၊ DoubleClick နဲ့ Google Analytics အပါအဝင် ကြော် ငြာနဲ့ သရုပ်ခွဲစိစစ်ရေး Product တွေကို ဦးဆောင်နေပါတယ်။ သူဟာ Google ရဲ့ ဒုတိယအများဆုံးဝင်ငွေအရင်း အမြစ်ဖြစ်လာတဲ့ AdSense ကို ဖွံ့ဖြိုးအောင်လုပ်ခဲ့ပါ တယ်။ AdSense ဟာ Website တွေနဲ့ Blog တွေကို သူတို့ရဲ့ Site တွေပေါ်မှာ Google ရဲ့ ကြော်ငြာတွေကို တင်ပေးပြီး ငွေတွင်းကြီးလို ငွေရအောင်အကြီးအကျယ် ပြုပြင်ပြောင်းလဲပေးထားတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

Wojcicki ဟာ Google Video ကို ကြီးကြပ်ကွပ်ကဲခဲ့ပြီး ကုမ္ပဏီအနေနဲ့ YouTube ကို ဝယ်သင့် တယ်လို့ Google ရဲ့ဒါရိုက်တာအဖွဲ့ကို အဆိုပြုခဲ့ပါ တယ်။့YouTubeဟာ အဲဒီတုန်းက စပြီးလုပ်ခါစလုပ် ငန်းကလေးဖြစ်ပြီး Google ကိုယှဉ်ပြိုင်လာတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။ သူဟာ ၂၀၀၆ ခုနှစ်မှာ YouTube ကို ဒေါ်လာ ၁.၆၅ ဘီလီယံနဲ့၊ ၂၀၀၇ ခုနှစ်မှာ DoubleClick ကိုဒေါ်လာ ၃.၁ ဘီလီယံနဲ့ အသီးသီးဝယ်ယူခဲ့တဲ့ Google ရဲ့ အကြီးမားဆုံးဝယ်ယူသိမ်းသွင်းမှုကြီးနှစ်ခုကို ကိုင်တွယ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ သူဟာ YouTubeရဲ့ CEO ဖြစ်လာခဲ့ပါတယ်။

‘ကြော်ငြာလုပ်ငန်းမှာအရေးအကြီးဆုံးပုဂ္ဂိုလ်’ လို့အခေါ်ခံခဲ့ရတဲ့ Wojcicki ကို ၂၀၁၅ ခုနှစ်မှာ Time မဂ္ဂဇင်းကြီးက ကမ္ဘာ့သြဇာတိက္ကမအကြီးမားဆုံးပုဂ္ဂိုလ်တစ်ရာထဲမှာ ထည့်သွင်းရွေးချယ်ခဲ့ပြီး အင်တာနက်မှာအရေးအပါဆုံးအမျိုးသမီးအဖြစ်လည်း မဂ္ဂဇင်းထဲမှာ ဖော်ပြခြင်းခံခဲ့ပါတယ်။

အတွင်းလူ

‘L’ team လို့ခေါ်တဲ့ Larry Page ရဲ့အတွင်းစည်းမှာ အဖွဲ့ဝင်တစ်ယောက်အဖြစ် ရွေးချယ်ထားတာဟာ လူသိပ်မများသလို အမျိုးသမီးအနေနဲ့တော့ သိပ်ကိုနည်းပါတယ်။ ဒါပေမဲ့ Wojcicki ကတော့ အဲဒီအထဲက တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ Google ကိုတည်ထောင်သူတွေကြားက ရင်းနှီးတဲ့ဆက်ဆံမှုဟာ သူ့ရဲ့ကားဂိုဒေါင်ထဲမှာ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ကုမ္ပဏီရဲ့ အစောဆုံးနေ့တွေဆီကစခဲ့တာဖြစ်ပါတယ်။ Page နဲ့ Sergey Brin တို့ တက္ကသိုလ်ကဘွဲ့ရလာခဲ့ကြပြီးနောက် ၁၉၉၈ ခုနှစ် မှာ သူတို့ရဲ့ အဆင့်မြင့်စီမံကိန်းကြီးကို စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာအောင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့အချိန်မှာ သူတို့ဟာ Wojcicki ရဲ့ Menlo ပန်းခြံမှာရှိတဲ့ ကားဂိုဒေါင်ထဲကနေရာတစ်နေရာကို တစ်လဒေါ်လာ ၁,၇၀၀ နဲ့ ငှားခဲ့ကြပါတယ်။ Wojcicki ရဲ့ ခင်ပွန်း Dennis Troper ဟာလည်း Google ကလူတစ်ယောက်ဖြစ်ပြီး အဲဒီအချိန်မှာ Wojcicki ဟာကိုယ်ဝန်ရှိနေပြီး အပေါင်ထားတဲ့ငွေကို အကျေဆပ်ဖို့ အပိုဝင်ငွေကိုရှာနေပါတယ်။ ”ညဉ့်နက်တဲ့အထိ ကားဂိုဒေါင်ထဲမှာ ပီဇာနဲ့ M&M တွေအတူတူစားရင်း သူတို့ရဲ့နည်းပညာကကမ္ဘာကြီးကို ဘယ်လိုပြောင်းလဲပစ်မယ်ဆိုတဲ့အကြောင်း Brin နဲ့ Page တို့ကကျွန်မကိုပြောခဲ့ကြတယ်” လို့ ပြီးခဲ့တဲ့ နွေဦးရာသီတုန်းက Johns Hopkins တက္ကသိုလ်ဖွင့်ပွဲမှာ စကားတက်ပြောတဲ့အခါ Wojcicki က ထည့်ပြီးပြောခဲ့ပါတယ်။ အဲဒီနောက်သိပ်မကြာခင်မှာပဲ Wojcicki ဟာ Intel မှာလုပ်နေတဲ့ သူ့ရဲ့အလုပ်ကထွက်ပြီး Google ရဲ့ ပထမဆုံး Marketing Manager ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးအလုပ်တစ်ခုက ကားဂိုဒေါင်ထဲကထွက်လိုက်တဲ့ Google အတွက် ရုံးနေရာတစ်ခုရှာတဲ့အလုပ်ပဲဖြစ်တယ်လို့ သူ ကပြောပါတယ်။သူဟာ Mountain View မြို့မှာ နေရာတစ်ခုတွေ့ခဲ့ပါတယ်။ အဲဒီနေရာကိုသူရွေးချယ်ခဲ့တဲ့ အဓိကအကြောင်းရင်းကတော့ အဲဒီနေရာမှာ မီးဖိုခန်းတစ်ခန်းပါလို့ပဲဖြစ်ပါတယ်။

Larry Page and Sergey Brin

‘တည်ထောင်သူတွေရဲ့ယုံကြည်မှု’ ကိုရထားခြင်းဟာ Google မှာ သိပ်အရေးကြီးတယ်လို့ Google ရဲ့အမှုဆောင်ဟောင်းတစ်ယောက်က ပြောဖူးပါတယ်။ ”သင့်မှာအဲဒီအရာမရှိခဲ့ရင်၊ ဒါမှမဟုတ် အဲဒီအရာကိုရခဲ့ ပြီးမှ ပြန်ဆုံးရှုံးသွားခဲ့ရင် အဲဒါဟာတော်တော်ကိုဆိုးပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့တာကုန်ဆုံးတဲ့အချိန်မှာ Larry က ဆုံးဖြတ်ချက်တစ်ခုကိုချပြီး သူက သင့်တော်တယ်လို့ ထင်သလောက်လွတ်လပ်တဲ့လုပ်ပိုင်ခွင့်တွေကိုပေးမှာ ဖြစ်လို့ပါပဲ။ Susan ၊ Salar (YouTube ရဲ့ CEO ဟောင်း Kamanger) နဲ့ Marissa (Yahoo ရဲ့ CEO Mayer) တို့လို လူတွေဟာ အရေးကြီးတဲ့နေရာတွေမှာ လွတ်လပ်တဲ့လုပ်ပိုင်ခွင့်တွေ ရှိကြပါတယ်။ အဲဒါကြောင့် Susan ဟာ အမြဲတမ်းလွတ်လပ်တဲ့လုပ်ပိုင်ခွင့်တွေအများကြီးရထားခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီလုပ်ပိုင်ခွင့်တွေထဲက တချို့ကိုရခဲ့တာက အသစ်စပြီးလုပ်တဲ့လူဖြစ်ဖို့ သူ့ရဲ့အာရုံစိုက်မှုကြောင့်ရခဲ့တာဖြစ်ပြီး တချို့ကိုတော့တိုးတက်ကြီးထွားအောင် လုပ်သူတစ်ယောက်ဖြစ်ဖို့ သူ့ရဲ့အာရုံစိုက်မှုကြောင့်ရခဲ့တာဖြစ်တယ်” လို့ အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။

တက္ကသိုလ်ဆရာမတစ်ယောက် ဖြစ်ချင်ခဲ့သူ

Wojcicki ဟာ Harvard တက္ကသိုလ်မှာ သမိုင်းနဲ့ ရသစာပေကိုဆက်လေ့လာပြီး ဘောဂဗေဒနဲ့ PhD ယူဖို့စီစဉ်ခဲ့ပါတယ်။ ”အရင်တုန်းက ကျွန်မရဲ့မိသားစုထဲမှာ ဘယ်သူမှစီးပွားရေးလုပ်ငန်းထဲမှာ အလုပ်မလုပ်ခဲ့ဖူးကြပါဘူး။ အဲဒါကြောင့် တက္ကသိုလ်ဆရာလောကထဲကို သွားဖို့ဆိုတဲ့မျော်လင့်ချက်ပဲ ရှိခဲ့ပါတယ်”။ ဒါပေမဲ့ ”နည်းပညာကို သူရှာဖွေတွေ့ရှိ” သွားပြီးတဲ့ နောက်မှာအရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။

‘ဒါဟာ တကယ့်ကို စိတ်ဝင်စားစရာကောင်းတယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားခဲ့ပါတယ်။ ပစ္စည်းတွေကိုကျွန်မဖန်တီးနိုင်တယ်။ ပစ္စည်းတွေကို ကျွန်မရောင်းနိုင်တယ်။ ကျွန်မမှာ သြဇာတိက္ကမရှိတယ်။ ပြီးတော့ အင်တာနက်ပေါ်လာတဲ့အခါ တစ်ကမ္ဘာလုံးက လူတွေဆီကို ကျွန်မတို့ ရောက်သွားနိုင်တယ်။ အဲဒါဟာ တော်တော်အံ့သြစရာကောင်းတယ်လို့ ကျွန်မက ဆိုလိုတာပါ” လို့ သူကပြောပါတယ်။

Wojcicki နှင့် YouTube

Wojcicki ဟာ အခုအခါမှာ အင်တာနက်ရဲ့အဓိကနေရာမှာ ဗီဒီယိုပါတဲ့အရာအားလုံးကို ဦးဆောင်နေပါတယ်။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ Wojcicki ဟာ Google ရဲ့ (ဝင်ငွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ရနေတဲ့) ကြော်ငြာနဲ့ရောင်းဝယ်ရေးအတွက် သူ့ရဲ့အကြံပေးရာထူးကထွက်ပြီး Google ကပိုင်ဆိုင်တဲ့၊ ကမ္ဘာ့အကြီးဆုံးဗီဒီယို Platform ကြီးဖြစ်တဲ့ YouTube ရဲ့ CEO ဖြစ်လာခဲ့ပါ တယ်။ အဲဒါဟာ ရေရှည်လုပ်ငန်းကြီးဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ Wojcicki ဟာ အဲဒီဗီဒီယို Site ကြီးကို ဒေါ်လာ ၁.၆၅ ဘီလီယံနဲ့ ဝယ်ယူမှုကို ရပ်တည်ကာကွယ်ပေးခဲ့ပါတယ်။ Wojcicki ဟာ YouTube ရဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေကို ကူညီပံ့ပိုးဖို့နဲ့ဗီဒီယို Platform မှာ မီဒီယာကုမ္ပဏီတွေက အများဆုံးဖန်တီးအောင်ကူညီဖို့ လုပ်ကိုင်နေပါတယ်။

အသာလွန်ဆုံးတွေရဲ့ နောက်ကွယ်ကအမျိုးသမီး

ပင်ကိုသဘာဝအားဖြင့် ထင်ထင်ပေါ်ပေါ်မနေသလို၊ မကြွားဝါတတ်တဲ့ Wojcicki ဟာ လူတွေရဲ့ အာရုံစိုက်မှုက လွတ်အောင် ရှောင်ပြီးနေခဲ့ပါတယ်။ တကယ်တော့ သူဟာ ကမ္ဘာပေါ်မှာအကြီးဆုံး အွန်လိုင်း Video Platform ကြီးတစ်ခုကို ယုံကြည်အပ်နှံခြင်းခံထားရပြီး အဲဒီ Platform ကြီးကို အခုထက်ပိုပြီးကြီးသွားအောင်လုပ် ပေးဖို့တောင်လုပ်ပိုင်ခွင့်တွေအပ်နှင်းခြင်းခံရတဲ့အမျိုးသမီးကြီးဖြစ်ပါတယ်။

YouTube ရဲ့ CEO Wojcicki ရဲ့အံ့သြဖွယ်ရာအချက် ၁၂ ချက်

၁။ Wojcicki ဟာ စီလီကွန်တောင်ကြားဇာတိ ဖြစ်ပါတယ်။ အဲဒီနေရာဟာ အခုလိုနည်းပညာနဲ့လုပ်ငန်းသစ်ကလေးတွေ ထွန်းကားတဲ့နေရာဖြစ်မလာခင် အချိန်ကတည်းက သူဟာအဲဒီနေရာမှာမွေးဖွားကြီးပြင်းခဲ့ပါတယ်။

၂။ Wojcicki ဟာ Google ကိုစပြီးတည်ထောင်ကတည်းက Google မှာရှိနေခဲ့ပါတယ်။ သူဟာ Google ရဲ့ ၁၆ ယောက်မြောက်ဝန်ထမ်းဖြစ်ခဲ့ပြီး တကယ်တော့ဒီကုမ္ပဏီဟာ ကုမ္ပဏီရဲ့ပထမပိုင်းလတွေမှာ သူ့ရဲ့ကားဂိုဒေါင်မှာ အလုပ်စပြီးလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

၃။ အလုပ်မှာ သူ့ရဲ့ပထမဆုံးကြီးမားတဲ့ဆုံးဖြတ်ချက်ကြီးကဘာလဲဆိုရင် အဲဒီကားဂိုဒေါင်ကိုထားခဲ့ပြီး ကုမ္ပဏီကို Mountain View မြို့ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

၄။ Google & AdSense ကို သင်သိပါသလား။ အဲဒီအတွက် Wojcicki ကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ Google ရဲ့ AdWords ကို ဒီနေ့ဖြစ်နေတဲ့ ကိုယ်ထူကိုယ်ထ Platform တစ်ခုဖြစ်အောင်လိုက်လျောညီထွေပြုပြင်ပြောင်းလဲပေးဖို့ဆိုတဲ့ ဆန်းသစ်တီထွင်တဲ့စိတ်ကူးကို Wojcicki ကစပြီး ရခဲ့တာဖြစ်ပါတယ်။

၅။ Google က YouTube ကိုဝယ်ယူတဲ့နေရာမှာ Wojcicki က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သူဟာ Google Video ရဲ့တာဝန်ခံဖြစ်ခဲ့ပြီး YouTube က သူ့ရဲ့ အလားအလာအရှိဆုံး ပြိုင်ဘက်ဖြစ်နေခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ Google က YouTube ကိုဝယ်ခဲ့ပြီးကတည်းက တစ်ခါတုန်းက သေးငယ်တဲ့ အွန်လိုင်းဗီဒီယိုလုပ်ငန်းကလေးရဲ့တန်ဖိုးဟာအဆမတန်မြင့်တက်သွားခဲ့ပါတယ်။

၆။ Google ရဲ့Search Engine ကြီးစိုးမှုဟာလည်း Wojcicki ရဲ့ ကျွမ်းကျင်တဲ့လက်ရာဖြစ်ပါတယ်။ သူတို့ရဲ့ Search Engine ဝန်ဆောင်မှုလုပ်ငန်းကို နဂိုမူလက Marketing လုပ်တဲ့နေရာမှာ သူက တာဝန်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီအလုပ်ကို လုပ်တဲ့နေရာမှာ သူကဘတ်ဂျက်အနေနဲ့ တစ်ဒေါ်လာမှ လုံးဝမသုံးဘဲလုပ်ခဲ့ပါတယ်။ သူကတက္ကသိုလ်တွေနဲ့ ဖက်စပ်အဖြစ် စပြီးလုပ်ခဲ့ပါတယ်။ သူက အဲဒီတက္ကသိုလ်တွေရဲ့ Websites တွေမှာ Google Search Bar တစ်ခုကို ထည့်ပေးအောင်လုပ်ခဲ့ပြီး အားလုံးဟာ အဲဒီကစပြီး ကြီးထွားလာခဲ့တာဖြစ်ပါတယ်။

၇။ YouTube ကိုဖန်တီးသူတော်တော်များများဟာ သူတို့ကိုထည့်ပေးဖို့နဲ့ သူတို့ရဲ့လိုအပ်ချက်တွေကိုနားလည်ဖို့ Wojcicki ရဲ့ ကြိုးပမ်းမှုတွေကို အထင်ကြီးလေးစားခဲ့ကြပါတယ်။ Wojcicki ဟာ YouTube မှာပါရမီထူးကဲသူတွေကို စိတ်ဝင်စားကြောင်းနဲ့ သူတို့ကိုကူညီလိုကြောင်းပြခဲ့ပြီး သူတို့ရဲ့လိုအပ်ချက်တွေနဲ့ရည်မှန်းချက်တွေကို နားလည်ဖို့ လုပ်ကိုင်ခဲ့ပါတယ်။

၈။ သူဟာ Virtual Reality (သုံးဖက်မြင်ဖန်တီးမှု) ကို YouTube ရဲ့ ရှေ့တန်းစစ်မျက်နှာအသစ်တစ်ခုအဖြစ် မြင်ပါတယ်။ Facebook နဲ့ Vessel တို့ရဲ့ ပူးပေါင်းမှုကြီးက အရေးပါတဲ့အင်တာနက်ဗီဒီယို ပြိုင်ဘက်တွေ ပိုပိုပြီးဖြစ်လာတဲ့အတွက် YouTube အနေနဲ့ ဆန်းသစ်တီထွင်ဖို့ လိုအပ်လာပါတယ်။ အဲဒါကြောင့် သူတို့ဟာ 3-D ပါဝင်မှုကို တည်ဆောက်ဖို့အတွက် ဖန်တီးသူတွေကို စွမ်းဆောင် ရည်မြှင့်တင်ပေးပြီး အဲဒီလုပ်ငန်းကိုလုပ်နေပါ တယ်။ ”ဒီရှေ့တန်းနယ်မြေသစ်ကို လမ်းကြောင်း ဖော်ဖို့အတွက် လူကြီးမင်းတို့ အားလုံးကို စွမ်းဆောင်ရည်တွေ မြှင့်တင်ပေးချင်ပါတယ်” လို့ Wojcicki က ပြောပါတယ်။

၉။ မိဘတစ်ယောက်ဖြစ်မှုနဲ့ ထိပ်တန်းအမှုဆောင်တစ်ယောက်ဖြစ်မှုကို ဟန်ချက်ညီအောင်ညှိဖို့ မဖြစ်နိုင်ဘူးလို့ထင်တဲ့လူအားလုံးမှားတယ် ဆို တာကို Wojcicki က သက်သေပြခဲ့ပါတယ်။ သူ ဟာ ကလေးငါးယောက်ရဲ့မိခင်ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ တော်တော်များများက သူ့ရဲ့ ဒုတိယကလေးကို သူရတဲ့အချိန်ကတည်းက သူ့ရဲ့အလုပ်ကို စွန့်လွှတ်ရတော့မယ်လို့ ယူဆ နေခဲ့ကြတာတောင်မှ သူကသူ့ရဲ့အလုပ်ကို ဆက်ပြီး ကောင်းကောင်းလုပ်ပြခဲ့ပါတယ်။

၁၀။ သားသမီးတွေရှိတာဟာ သူ့ရဲ့အလုပ်အတွက်ပိုပြီး ကောင်းတယ်လို့ Wojcicki က ယုံကြည်ထားပါတယ်။ အဲဒါကြောင့် သူ့ရဲ့အလုပ်ဟာ သူ့ကိုပိုပြီး ကောင်းတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်အောင် လုပ်ပေးနေပါတယ်။ ”ကျွန်မရဲ့ဘဝမှာ အဲဒီနှစ်ခုစလုံး ဆက်ပြီးရှိနေတာက တစ်နေ့တာကုန်ဆုံးတဲ့အချိန်မှာ ကျွန်မကိုပိုပြီးကောင်းတဲ့မိခင်တစ်ယောက်ဖြစ်အောင် လုပ်ပေးနေပါတယ်။ ပြီးတော့ အဲဒါဟာ အလုပ်လုပ်တဲ့နေရာမှာလည်း ကျွန်မကို တကယ်အရေးကြီးတဲ့အမြင်တွေ ပေးနေတယ်လို့ ကျွန်မထင်ပါတယ်” လို့ သူက ပြောပါတယ်။

၁၁။ Wojcicki ဟာ သူ့ရဲ့အိမ်မှာနေတဲ့ဘဝနဲ့ လုပ်ငန်းခွင်ဘဝကို မျတအောင်ထိန်းသိမ်းတဲ့နေရာမှာ ဝါရင့်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ညနေစာစားချိန်တိုင်း အိမ်ကိုရောက်အောင်ပြန်လာပြီး ၆ နာရီက ၉ နာရီအထိအချိန်တွေကို မိသားစုအတွက်ပေးထားပါတယ်။ ခေါင်းဆောင်တွေအားလုံး သူ့ဆီကသင်ခန်းစာယူလို့ရပါတယ်။

၁၂။ ဒီနေ့ဆိုရင် Google ဟာ အလုပ်လုပ်တဲ့မိသားစုတွေအတွက် ရင်းနှီးတဲ့နေရာတစ်နေရာဖြစ်နေပါပြီ။ မိခင်လောင်းတွေအတွက် အထူးကားပါကင်တွေ ရှိပါတယ်။ ဝန်ထမ်းတွေဟာ မိဘခွင့် ၁၈ ပတ်ရကြပါတယ်။ အလုပ်မှာ နေ့ကလေးထိန်းခန်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီမှာ Wojcicki အလုပ်စလုပ်ခဲ့တဲ့အချိန်တုန်းကတော့ သူဟာ ကိုယ်ဝန်လေးလရှိနေခဲ့တာဖြစ်ပေမဲ့ Google က ဘယ်ဝန်ထမ်းမှ မိဘခွင့်ဆိုတာမရခဲ့ကြပါဘူး။ အခုအချိန်မှာတော့ ဗဟိုအစိုးရကပြဋ္ဌာန်းတဲ့ လစာပြည့် မိဘခွင့်ကိုပေးဖို့ သူကအားပေးထောက်ခံနေပါ တယ်။ အဲဒီလိုပေးလိုက်ရင် လုပ်ငန်းတွေထဲမှာဝင် လုပ်နေတဲ့အမျိုးသမီးဦးရေဟာ အခုထက်တိုးလာလိမ့်မယ်လို့ သူကမျော်လင့်ထားပါတယ်။