ABC Group တွင်ရင်းနှီးမြုပ်နှံ၍ မြန်မာနိုင်ငံ၏ လူသုံးကုန် ပစ္စည်း (FMCG) ကဏ္ဍသို့ ဝင်ရောက်လာသော Yoma Strategic

Yoma

Yoma Strategic Holdings Ltd. သည်မြန်မာနိုင်ငံ၏ အများသုံး လူသုံးကုန်ပစ္စည်း (FMCG) ကဏ္ဍကို စတင်ချဉ်းနင်းဝင်ရောက်သည့် အနေဖြင့် Asia Beverages Co., Ltd (ABC Group) နှင့် စီးပွားရေးလုပ်ငန်း အရောင်းအဝယ် သဘောတူညီမှုစာချုပ် (Business Sale Agreement) ကို စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါသည်။ သဘောတူညီမှုစာချုပ်၏ မူလအခြေခံအချက်များစိစစ်မှု အောင်မြင်ပါက Yoma Strategic သည် PMM Partners Limited နှင့်အတူ ABC Group ၏ ရေသန့်၊ အရက်၊ ဝိုင်၊ ဘီယာ၊ အဖျော်ယမကာများနှင့် မြန်မာနိုင်ငံရှိ အခြားသောအများသုံးလူသုံးကုန်ပစ္စည်းများ (FMCG) ထုတ်လုပ်ခြင်း၊ ကုန်အမှတ်တံဆိပ်သတ်မှတ်ခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်း၏ ရရန်ပိုင်ခွင့်များနှင့် စီးပွားရေးလုပ်ငန်းများကို ၃၀ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်း အသီးသီး ဝယ်ယူကြမည်ဖြစ်ကြောင်း သိရပါသည်။

ABC Group ၏ ရပိုင်ခွင့်များနှင့် စီးပွားရေးလုပ်ငန်းများ၏ ၃၀ ရာခိုင်နှုန်းကိုဝယ်ယူရန် Yoma Strategic အနေနှင့်စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁.၁သန်း ပေးချေရမည်ဖြစ်ပြီး၊ အစပိုင်းတွင် အမေရိကန်ဒေါ်လာ ၃.၃ သန်း နှင့် သတ်မှတ်ချက်များအတိုင်း စွမ်းဆောင်နိုင်ပါက နောက်ထပ် အမေရိကန်ဒေါ်လာ ၇.၈ သန်းကို ပေးချေရမည်ဖြစ်ကြောင်းနှင့် ၎င်းပေးချေရန်များကို ကုမ္ပဏီ၏လက်ရှိ ရင်းနှီးငွေများမှပေးချေသွားမည် ဖြစ်ကြောင်း သိရပါသည်။

ယခုလိုလက်တွဲလုပ်ဆောင်ခြင်းနှင့် ပတ်သက်ပြီး Yoma Strategic ၏ CEO Andrew Rickards က “ABC Group နဲ့ အခုလို လက်တွဲတာက Yoma Strategic အနေနဲ့ FMCG ကဏ္ဍကို ဝင်ရောက်ဖို့အတွက် အရေးပါတဲ့ ရေရှည်အခွင့်အလမ်းကောင်းပဲဖြစ်ပါတယ်။ လက်ရှိ ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းတွေကို ပိုမိုကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းအဖြစ် ချဲ့ထွင်နိုင်ဖို့ABC Group နှင့် အတူတကွ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အပြင် ပြည်တွင်း၊ ပြည်ပမှ FMCG လုပ်ငန်းစုတွေနဲ့လည်း ဆက်ဆံရေးများ တည်ထောင်သွားဖို့ရှိပါတယ်။ ဒါ့အပြင် Yoma Stategic ရဲ့ တခြား စီးပွားရေးလုပ်ငန်းတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှု ဆတိုးရလဒ်များကို ဖန်တီးနိုင်ရန် စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အလမ်းများ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။